ဝါယောဓာတ်လွန်ကဲတဲ့ တော်သလင်းလမှာ သတိပြုရမဲ့ ကျန်းမာရေး

ဝါယောဓာတ်လွန်ကဲတဲ့ တော်သလင်းလမှာ သတိပြုရမဲ့ ကျန်းမာရေး

ယခုကာလက မိုးရွာချေ၊ နေပူချေရှိတဲ့ တော်သလင်းလဆီ ချဉ်းနင်းဝင်ရောက်လာပြီဖြစ်ပါတယ်။ ရှေးသမားတော်တွေရဲ့ အဆိုအရ တော်သလင်းလက ဝါယောဓာတ်လွန်ကဲတဲ့လလို့ ဆိုပါတယ်။

ဝါယောဓါတ်ဆိုတာ လေကိုဆိုလိုခြင်း ဖြစ်ပါတယ်။ လေကခန္ဓာကိုယ်ကို ရွေ့လျားလှုပ်ရှားနိုင်ဖို့၊ ထောက်ကန်နိုင်ဖို့ ကူညီပေးနိုင်ပါတယ်။

ဝါယောဓါတ်များတဲ့အတွက် ဆေးကုသဖို့ ခက်ခဲတဲ့လအဖြစ် ရှေးသမားတော်တွေက သတ်မှတ်ထားသလို တော်သလင်းလမှာ မိုးရွာချေ၊ နေပူချေက မြန်ဆန်လွန်တတ်တာကြောင့်လည်း ရုပ်ဆွေးခြင်း၊ရုပ်သိုးခြင်းတို့ ဖြစ်စေပါတယ်။ သက်သေအားဖြင့် ထမင်း၊ ဟင်းတွေ သိုးလွယ်စေပါတယ်။

တော်သလင်းနေ ပုဇွန်သေဆိုတဲ့အတိုင်း နေ့အပူချိန်မြင့်မားလွန်းတဲ့ တော်သလင်းမှာအဖြစ်များတဲ့ လက္ခဏာတွေနဲ့ ဆောင်ရန်ရှောင်ရန်တွေကို ဝေမျှပေးလိုပါတယ်။

  • မျက်စိကျိန်းခြင်း၊ မျက်စိနာခြင်း

နေ့အပူချိန်မြင့်မားတဲ့ တော်သလင်းမှာ ခေါင်းအဆောင်းမပါဘဲ နေပူထဲသွားခြင်း၊ နေပူထဲမှာကြာရှည်ရပ်ထားတဲ့ ဆိုင်ကယ်၊ ကားတွေကိုစီးခြင်းက မျက်စိကျိန်းခြင်း၊ မျက်စိနာခြင်းတို့ဖြစ်ပေါ် ခံစားရနိုင်ပါတယ်။

မျက်စိကျိန်းခြင်း၊ မျက်စိနာခြင်းတို့ ဖြစ်ရင် ကွမ်းရွက်ကို မီးကင်ပြီး မျက်စိတစ်ဝိုက်မှာကပ်ပေးနိုင်ပါတယ်။

ဒါ့အတူ မန်ကျည်းခေါက်ကိုသွေးပြီး မျက်စိတစ်ဝိုက်မှာ လိမ်းပေးနိုင်ပါတယ်။

မျက်စိကျိန်းခြင်း၊ မျက်စိနာခြင်းကို ခံစားရသူတွေအနေနဲ့ မျက်စိကို မသန့်ရှင်းတဲ့လက်နဲ့ မကြာခဏပွတ်ခြင်းကို အထူးသတိပြုရှောင်ကြဉ်ရပါမယ်။

  • ဆီးအောင့်ခြင်း၊ ဆီးချုပ်ခြင်း

နေ့အပူချိန်မြင့်မားတဲ့ တော်သလင်းမှာ ရေကိုလုံလောက်စွာ သောက်ပေးဖို့ လိုပါတယ်။

ရေသောက်နည်းရာကတစ်ဆင့် ဆီးအောင့်ခြင်း၊ဆီးချုပ်ခြင်းတို့ ခံစားရနိုင်ပါတယ်။

ဆီးအောင့်တတ်သူတွေအဖို့ သကြားကိုရေနဲ့ဖျော်ကာ သောက်ပေးနိုင်ပါတယ်။

သကြားမရှိတဲ့နေရာတွေမှာ ဆန်ဆေးရည် အပေါ်ယံအရည်ကြည်ကို သောက်ပေးခြင်းက သက်သာစေပါတယ်။

အပူအစပ်တွေကို လျော့စားသင့်ပါတယ်။

နေပူကြီးအောက်မှာ ကြာရှည်ရှိနေတဲ့ကျောက်ပြားပေါ်မှာ ရေချိုးခြင်းကိုရှောင်ကြဉ်ရပါမယ်။

ဆီးချုပ်သူတွေအဖို့ စားသင့်တဲ့ဓာတ်စာမှာ ကြက်သွန်နီနဲ့ ခရမ်းချဉ်သီးတို့ဖြစ်ပါတယ်။ကြက်သွန် နီကိုသုပ်စားပေးတာက ဆီးကိုရွှင်စေပါတယ်။

  • နှာခေါင်းသွေးလျှံခြင်း

နွေရာသီမဟုတ်သော်ငြား နေ့အပူချိန်မြင့်မားတဲ့အတွက် နှာခေါင်းသွေးလျှံခြင်း ဖြစ်စေနိုင်ပါတယ်။

နှာခေါင်းသွေးလျှံသူတွေ အနေနဲ့ ရေခဲနဲ့နှာခေါင်းတစ်ဝိုက်ကိုအုပ်ကာ ခေါင်းကိုမော့ထားသင့်ပါတယ်။

မာလကာရွက်၊ သြဇာရွက်တို့ အနီးအနားမှာရှိရင် ယင်းအရွက်တွေကိုချေမွကာ ရှုပေးသင့်ပါတယ်။

နေပူထဲမှာ ကြာရှည်စွာနေခြင်းကို လုံးဝရှောင်ကြဉ်သင့်ပါတယ်။

  • မိတ်ဖုတွေ ပေါက်ခြင်း

ပူပြင်းလွန်းတဲ့အတွက် မိတ်ဖုတွေ၊ ယားယံနာတွေ ပေါက်တတ်ပါတယ်။

မိတ်ဖုတွေ သက်သာစေဖို့အတွက် သနပ်ခါးကိုဆားနဲ့ ရောကာလိမ်းပေးခြင်း၊မန်ကျည်းခေါက်ကို ဆားနဲ့ရောကာလိမ်းပေးခြင်းတွေပြုလုပ်နိုင်ပါတယ်။

မိတ်ဖုတွေကို ညစ်ပေတဲ့ လက်တွေနဲ့ ဖောက်ခြင်း၊ညှစ်ခြင်းကိုမပြုလုပ်သင့်ပါ။

  • အစာအဆိပ်သင့်ခြင်း

နေပူချေ၊ မိုးရွာချေမြန်ဆန်လွန်းတဲ့ တော်သလင်းမှာ ထမင်း၊ ဟင်းနဲ့ စားသောက်

ဖွယ်ရာတွေ ပုပ်သိုးနိုင်ပါတယ်။

သတိမပြုဘဲ ထမင်းသိုး၊ ဟင်းသိုးတွေကို စားမိပါက အစာအဆိပ်သင့်ခြင်းကို ခံစားရနိုင်ပါတယ်။

ထမင်းသိုး၊ဟင်းသိုးတွေကတစ်ဆင့် အစာအဆိပ်သင့်ခြင်းကို ဖြစ်စေသကဲ့သို့ အသားစိမ်း၊ငါးစိမ်းတွေ မလတ်ဆတ်ရာမှလည်း ဖြစ်နိုင်ပါတယ်။

သာမန်အားဖြင့် ဖြစ်လေ့ရှိတဲ့ အစာအဆိပ်သင့်ခြင်းလက္ခဏာတွေ ဖြစ်လာရင် ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့အာနိသင်ရှိတဲ့ ဂျင်းနဲ့ ပျားရည်ကို ဖျော်ပြီးသောက်သုံးပေးနိုင်ပါတယ်။

ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးတွေကို တွန်းထုတ်နိုင်စွမ်းရှိတဲ့ ကြက်သွန်ဖြူကိုစားပေးခြင်းဖြင့်လည်း သက်သာစေမှာဖြစ်ပါတယ်။

တကယ်လို့ မိမိမှာအန်ခြင်းကို ဆက်တိုက်ခံစားနေရပါက အန်ခြင်းကိုသက်သာစေဖို့ ဦးစွာပြုလုပ်ရပါမယ်။ အစာအဆိပ်သင့်ခြင်းလက္ခဏာတွေ မသက်သာမချင်း နို့နဲ့ နို့ထွက်ပစ္စည်း၊ အယ်ကိုဟော၊အဖျော်ယမကာ သောက်သုံးခြင်းကိုရှောင်ကြဉ်ရပါမယ်။

အအန်ရပ်သွားပြီဆိုရင် ရေဓာတ်ခမ်းခြောက်ခြင်းမဖြစ်စေဖို့ ရေများများသောက်ပေးသင့်ပါတယ်။စိတ်ရောကိုယ်ပါ များများအနားယူပေးဖို့လိုပါတယ်။

အထက်ပါရောဂါတွေကတော့ ဝါယောလွန်တော်သလင်းမှာ အဖြစ်များလေ့ရှိကြပါတယ်။

နေ့အပူချိန်မြင့်မားတဲ့တော်သလင်းမှာ အပူသက်သာစေဖို့အတွက် အသင့်သောက်အချိုရည်တွေကို လူကြီး၊ လူငယ်မရွေးသောက်လေ့ရှိကြပါတယ်။

အသင့်သောက်အချိုရည်တွေကို အလွန်အကျွံ့မသောက်မိဖို့ ဂရုပြုရပါမယ်။

ဒ့ါအတူ အရက်၊ဘီယာတွေကိုလည်း ဖြစ်နိုင်ရင်လျှော့သောက်ပေးဖို့လိုပါတယ်။

နေပူကို သွားမယ်ဆိုတဲ့အခါတိုင်း အကာအကွယ်ယူပြီးမှ သွားသင့်ပါတယ်။

(ဆောင်းပါးရှင် PKN ဟာ တိုင်းရင်းဆေးတက္ကသိုလ်က ( B.M.T.M) ဘွဲ့ရ တိုင်းရင်းဆေးဆရာတစ်ဦးဖြစ်ပါတယ်။)

The Tanintharyi Times