မြန်မာပြည် ငြိမ်းချမ်းရေးအပေါ် တရုတ်ရဲ့ အာဏာစက်
မြန်မာပြည် ငြိမ်းချမ်းရေးအပေါ် တရုတ်ရဲ့ အာဏာစက်
မြန်မာနိုင်ငံဟာ လက်ရှိမှာ ပြင်းထန်တဲ့ ဝရုန်းသုန်းကားဖြစ်မှုတွေနဲ့ လူမျိုးရေး ပဋိပက္ခတွေ အကြား အသက်ငင်နေတဲ့ တိုင်းပြည် ဖြစ်နေပါတယ်။ ဒီအချက်အားလုံးရဲ့ အခြေခံကတော့ အရည်အသွေးမရှိဘဲ ညံ့ဖျင်းလွန်းတဲ့ စစ်အာဏာရှင်တွေက တိုင်းပြည်ကို အတင်းအကျပ် ဖိအားပေး အုပ်ချုပ်နိုင်ရေး အတွက် အထိန်းအကွပ်မဲ့ လုပ်ဆောင်နေတာကြောင့်ပါပဲ။
ဖွံ့ဖြိုးတိုးတက်ရေးအစီအမံတွေကို စိတ်ဝင်စားနေကြတဲ့ ပြင်ပအဖွဲ့အစည်းတွေထဲမှာ တရုတ်နိုင်ငံက မြန်မာ့ငြိမ်းချမ်းရေး တည်ဆောက်မှုလုပ်ငန်းစဥ်မှာ အဓိကကျတဲ့ ညှိနှိုင်းရေးမှူးနေရာကို ပိုင်ဆိုင်ထားပါတယ်။ သူသာ ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ ဆန္ဒအမှန်တကယ်ရှိမယ်ဆိုရင် ပေကျင်းအစိုးရအနေနဲ့ ဒီလိုလုပ်ပေးဖို့ ရွေးချယ်သင့်တဲ့ အချိန်ကိုရောက်နေပါပြီ။
ဒါပေမဲ့ အရေးကြီးတဲ့ စိန်ခေါ်မှုတွေတော့ ရှိနေဆဲဖြစ်ပြီး သက်ဆိုင်ရာအစုအဖွဲ့အားလုံးက လိုက်လျောညီထွေဖြစ်ဖြစ် ညှိနှိုင်းဆောင်ရွက်လိုစိတ်ရှိဖို့လည်း အရေးကြီးပါတယ်။
▪️အထိန်းကွပ်မဲ့ ပြိုဆင်းလာခြင်း
ဒီနှစ် စက်တင်ဘာ ၄ ရက်နေ့မှာ စစ်အုပ်စုက ညီနောင်မဟာမိတ် သုံးဖွဲ့ ဖြစ်တဲ့ ကိုးကန့်တပ်မတော်(MNDAA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ကြောင်း ကြေညာခဲ့ပါတယ်။
ဒီညီနောင်မဟာမိတ်သုံးဖွဲ့ဟာ စစ်အာဏာရှင်တွေအတွက် သိသာတဲ့ ထိုးစစ်ဆင်မှုတွေကြောင့် မြန်မာစစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ဟာ မြန်မာနိုင်ငံ မြောက်ပိုင်းနဲ့ အနောက်ပိုင်းက နယ်မြေတော်တော်များများ လက်လွှတ်ခဲ့ရတာဖြစ်လို့ စစ်အုပ်စုအတွက် သိသိသာသာ တုန်လှုပ်စေတဲ့ တော်လှန်ရေးအင်အားစုတွေ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီး သုံးနှစ်ကျော်ကြာမှာ မြန်မာနိုင်ငံသား သန်းချီဟာ နေရပ်စွန့်ခွာထွက်ပြေးကြရပြီး စစ်တပ်နဲ့ တော်လှန်ရေးအင်အားစုတွေအကြား တိုက်ပွဲတွေကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ကာ စစ်ဘေးရှောင်ရသူ များစွာရှိနေပါတယ်။
တော်လှန်ရေးအင်အားစုတွေဘက်က သိသာတဲ့ အနိုင်ရလဒ်တွေ ဖြစ်တဲ့ ကိုးကန့်ဒေသထဲက ၁၀၂၇ စစ်ဆင်ရေးမှာ စစ်ကောင်စီလိုလားတဲ့ ရာဇဝတ်ဂိုဏ်းတွေ ပပျောက်အောင် နှိမ်နင်းခြင်း၊ တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ရှမ်းပြည်ရဲ့ မြို့တော် လားရှိုးကို သိမ်းယူနိုင်မှုတွေဟာ အောင်ပွဲတွေလို့ ပြောလို့ရနိုင်ပေမဲ့ အခြားတစ်မှာလည်း ရက်စက်ကြမ်းကြုတ်တဲ့ စစ်အာဏာရှင်တွေရဲ့ ဖိနှိပ်ဖျက်ဆီးမှုတွေကြောင့် အောက်ခြေမှာ အစိတ်စိတ်အမြွှာမြွှာ ပျက်စီးဆုံးရှုံးမှုတွေဖြစ်ပေါ်နေတဲ့အပြင် မညီညွတ်မှုတွေနဲ့ အကွဲကွဲအပြားပြား ဖြစ်မှုတွေကိုလည်း စုစည်းလို့ မရသေးပါဘူး။
စစ်အုပ်စုကို တွန်းလှန်တိုက်ဖျက်နေကြတဲ့ တော်လှန်ရေး အင်အားစု အချင်းချင်းကြားမှာလည်း ကြောက်မက်ဖွယ် ပဋိပက္ခတွေ ရှိနေပြီး သဘောထားတင်းမာမှုတွေက အားကောင်းနေဆဲ ဖြစ်ပါတယ်။ ဒီအချက်ဟာ စစ်အာဏာရှင်တိုက်ဖျက်ရေးဆိုတဲ့ ဘုံရည်ရွယ်ချက်ကို အားပျော့သွားစေပြီး မလိုလားအပ်တဲ့ ကိစ္စတွေကို ကြိုတင်ကာကွယ်ဖို့နဲ့ ညီညွတ်ရမယ်ဆိုတဲ့ အချက်ကို သတိကြီးကြီး ကိုင်ထားနိုင်သူ အနည်းငယ်သာ ကျန်ပါတော့တယ်။
မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ထဲမှာလည်း အမည်ခံအဖွဲ့ဝင်သာ ဖြစ်နေပြီး အိမ်နီးချင်းနိုင်ငံအများစုကတော့ စစ်အာဏာရှင်တွေကို အသိအမှတ်ပြုဖို့ ငြင်းဆန်ထားကြပြီး လုံခြုံရေးနဲ့ တည်ငြိမ်ရေး အခြေအနေတွေ သိသိသာသာ နိမ့်ဆင်းသွားတဲ့ အပေါ် စိုးရိမ်တကြီး ပူပန်နေတာ တွေ့ရပါတယ်။
ကာလကြာရှည် တည်ရှိနေတဲ့ ဒေသအရေး ဖွဲ့စည်းပုံဆိုင်ရာ ပြဿနာတွေ အထူးသဖြင့် ရိုဟင်ဂျာတွေအပေါ် မြန်မာတွေရဲ့ ဥပေက္ခာပြုမှုလိုမျိုး ကိစ္စတွေအပေါ် အခုအခါ ပြည်တွင်းစစ်ကပါ ထပ်လောင်း ပေါင်းစုပြီး မြန်မာနိုင်ငံသား စစ်ဘေးဒုက္ခသည် အရေအတွက်ကို အရှိန်အဟုန်နဲ့ တိုးမြှင့်ပေးပါတော့တယ်။ ဒီအတွက် မြန်မာနိုင်ငံကနေ ထိုင်းနဲ့ ဘင်္လားဒေ့ရှ်ကို ဖြတ်ကျော်ဝင်ရောက်လာတဲ့ ဒုက္ခသည်တွေ မရေမတွက်နိုင်အောင် များပြားလာစေပါတယ်။
ဒါ့အပြင် ဒီအခြေအနေဟာ မရေမတွက်နိုင်တဲ့ လက်နက်ကိုင်တပ်ဖွဲ့ငယ်အများအပြား ပေါ်ထွက် လာအောင် တွန်းပို့နေသလို ဖြစ်နေပြီး ဒေသလုံခြုံရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးလုပ်ငန်းစဥ်တွေ ကင်းမဲ့တဲ့ နေရာအရေအတွက် များစွာပေါ်လာနိုင်ပါတယ်။
▪️အကျိူးစီးပွားအရှုပ်အထွေးကြားက ပေကျင်းအစိုးရရဲ့ မဟာဗျူဟာ
တရုတ်အစိုးရမှာ မြန်မာနဲ့ပတ်သက်တဲ့ အကျိူးစီးပွားဆိုင်ရာ အရှုပ်အထွေးတွေ ရှိနေပါတယ်။
တရုတ်ရဲ့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းကြီးတွေဟာ မြန်မာမှာ စီးပွားရေး အကျိုးအမြတ်များစွာရတဲ့ စီမံကိန်းကြီးတွေ လာရောက်ရင်းနှီးမြှုပ်နှံဖို့ အစီအစဥ် ရှိပါတယ်။ ဥပမာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလိုစီမံကိန်းတွေအပါအဝင် ဘင်္ဂလားပင်လယ်အော်က ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ ယူနန်ရဲ့ ကူမင်းတို့ကို ချိတ်ဆက်ထားတဲ့ တရုတ်-မြန်မာ ပိုက်လိုင်းကြီးတွေ တည်ဆောက်မှု၊ ပြုပြင်ထိန်းသိမ်းမှု စတဲ့ လုပ်ငန်းစဥ်တွေမှာလည်း တရုတ်ပိုင်စီးပွားရေးလုပ်ငန်းတွေက အမြတ်ငွေများစွာ ရရှိမှာ ဖြစ်လို့ ဒီအပေါ်မှာ တရုတ်အစိုးရက ဘဏ္ဍာရေးအိပ်မက်ကြီးကြီး မက်ထားပါတယ်။
စီမံကိန်းတွေက အကြီးကြီးတွေဖြစ်တဲ့အတွက် ဘဏ္ဍာငွေအခက်အခဲကြောင့် ယာယီရပ်နားထားရတဲ့ လုပ်ငန်းစဥ်တွေအချို့သလို လက်ရှိ စစ်ရေးအခြေအနေတွေကြောင့် ဝန်ထမ်းတွေ ဘေးကင်းရေးနဲ့ လိုအပ်တဲ့ ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်ရေး ထောက်ပို့ အခက်အခဲတွေကြောင့် စီစဥ်ထားတဲ့အတိုင်း အကောင်အထည်မဖော်နိုင်ဘဲ ကြန့်ကြာနေပါတယ်။
ဒါ့အပြင် နယ်စပ်ကုန်သွယ်ရေးအခြေအနေလည်း ကမောက်ကမ ဖြစ်သွားပါတယ်။ အကြောင်းကတော့ တရုတ်နယ်စပ်ကကနေ နိုင်ငံဖြတ်ကျော် ကျားဖြန့်လုပ်ငန်းတွေ၊ တရားမဝင် ရာဇဝတ်ဂိုဏ်းတွေနဲ့ လူဆိုးဂိုဏ်းခေါင်းဆောင်တွေ ဖြတ်သန်းသွားလာမှုကို မျက်ခြေမပြတ်စောင့်ကြည့် အရေးယူလာခြင်းကြောင့် ဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာစစ်အုပ်စုကတော့ အဆိုပါ တရားမဝင်လုပ်ငန်းတွေကို လက်ခံစောင့်ရှောက်နေတာဖြစ်ပါတယ်။
ပေကျင်းရဲ့ နိုင်ငံခြားရေး မူဝါဒမှာ အခြေခံအကျဆုံးက “ပြည်ပဝင်ရောက်စွက်ဖက်မှုကို ဆန့်ကျင်ခြင်း” ဖြစ်ပါတယ်။ ဒီမူဝါဒကြောင့် နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းစစ်မှာ လူသိထင်ရှား ဝင်ရောက်ပါဝင်ဖို့ ခက်ခဲဟန်ဆောင်နိုင်သလို တစ်ဖက်မှာလည်း တရုတ်နဲ့ အမေရိကန်တို့အကြား ဒေသဆိုင်ရာ သြဇာလှမ်းမိုးရေး အားပြိုင်မှုအတွက် အထောက်အပံ့လည်း ဖြစ်နေပါတယ်။ ပဋိပက္ခမှာ ဘယ်ဘက်က ရပ်တည်သလဲဆိုတာကို တရုတ်အစိုးရက လျှို့ဝှက်ထားပြီး စစ်အုပ်စုဘက်နဲ့ရော အတိုက်အခံတွေနဲ့ပါ ထိတွေ့ဆက်ဆံနေပါတယ်။
တကယ်တော့ စစ်ကောင်စီရဲ့ မကောင်းတဲ့ လုပ်ရပ်တွေကို တရုတ်အစိုးရက ကောင်းကောင်းသိထားပါတယ်။ မြန်မာစစ်အုပ်စုဟာ သူတို့ကိုယ်ကျိုးစီးပွားအတွက်သာ ဦးတည်စဥ်းစားကြတဲ့ အုပ်စုဖြစ်တာနဲ့အညီ အခုအချိန်မှာတော့ တိုင်းပြည်တည်ငြိမ်ရေးနဲ့ အာဏာတည်မြဲရေးကို စီးပွားရေးအကျိုးအမြတ် အများဆုံးရရှိဖို့အတွက် အထူးရုန်းကန်နေကြရပါတယ်။
ဒီအချက်က တရုတ်စစ်တပ်၊ တရုတ် ပြည်သူ့လုံခြုံရေးနဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ဟာ တော်လှန်ရေးအင်အားစုတွေနဲ့ပါ နေ့စဥ်နဲ့အမျှ အနီးကပ်ဆက်ဆံရေး ဘာကြောင့် တည်ဆောက်ထားသလဲဆိုတာကို ဖော်ပြနေပါတယ်။ ဒါပေမဲ့ တရုတ်က အမေရိကန်နဲ့ အနောက်နိုင်ငံတွေနဲ့ ဝေးကွာတဲ့ ဆက်ဆံရေးရှိတဲ့ အုပ်စုအနည်းငယ်ကိုသာ ရွေးချယ်ပြီး ရင်းနှီးမှု တည်ဆောက်ပါတယ်။ ဥပမာ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေနဲ့ အဆက်အဆံ မလုပ်ပါဘူး။
အခုလို သေသေချာချာ အကွက်ဆင်လုပ်ကိုင်မှုဟာ မြန်မာနိုင်ငံမှာ ဖြစ်ပွားတဲ့ ပဋိပက္ခတွေက တရုတ်နိုင်ငံ အနောက်တောင်ပိုင်းကို မသက်ရောက်စေရေး (သို့မဟုတ်) မတည်ငြိမ်မှုတွေ ကူးစက်မလာစေရေး ကြိုတင်ကာကွယ်မှု ဖြစ်သလို တရုတ်နဲ့ ဘင်္ဂလားပင်လယ်အော်ကို ဆက်သွယ်မယ့် ပင်လယ်အော် ထွက်လမ်းအတွက် လမ်းကြိုရှင်းထားတဲ့ သဘောလည်း ဖြစ်ပါတယ်။
ပေကျင်းအစိုးရဘက်က အမြင်နဲ့ ကြည့်မယ်ဆိုရင် သူတို့လုပ်ဆောင်နေတဲ့ မဟာဗျူဟာကျကျ ပြောင်းလွယ်ပြင်လွယ်ရှိမှုနဲ့ ရှုပ်ထွေးပွေလီမှုတို့ကို အတိုင်းအတာတစ်ခုအထိ သဘောပေါက်နားလည်နိုင်ပါတယ်။
ဒါပေမဲ့ ဝေဖန်ဆန်းစစ်သူတွေရဲ့ မျက်လုံးနဲ့ ကြည့်မယ်ဆိုရင် တရုတ်ရဲ့ နေပြည်တော်စစ်အုပ်စုအပေါ် ဆက်ဆံမှုတွေနဲ့ အတိုက်အခံအဖွဲ့တချို့ကို စနစ်တကျ ရွေးချယ်ဆက်ဆံမှုတွေဟာ ကိုယ်ကျိုးစီးပွားအတွက် တိကျတဲ့ ရပ်တည်ချက်မချပြနိုင်တဲ့ အသွားနှစ်ဖက်နဲ့ ဓားလိုမျိုး နောက်ကွယ်က ပါဝင်နေသူဖြစ်ကြောင်း ပေါ်လွင်နေပါတယ်။
▪️တရုတ်ရဲ့ “ဘက်ပေါင်းစုံထောက်ခံရေး” သံခင်းတမံခင်းနည်းက ငြိမ်းချမ်းရေးမှာ အလုပ်မဖြစ်
ယခုနှစ် သြဂုတ်လလယ်မှာ ဗဟိုကော်မတီ နိုင်ငံခြားရေး ကော်မရှင်ရုံး ညွှန်ကြားရေးမှူးနဲ့ တရုတ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိ တို့ မြန်မာနိုင်ငံကို လာရောက်ပြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။
အဲဒီနောက် မဲခေါင်မြစ်ဝှမ်းဒေသတွေနဲ့ တွေ့ဆုံဖို့ ထိုင်းနိုင်ငံကို သွားရောက်ခဲ့သလို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် ဂျူလီဘစ်ရှော့ ကို သြဂုတ်လ ၂၀ ရက်နေ့က လက်ခံတွေ့ဆုံခဲ့ပါတယ်။
တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ သက်ဆိုင်ရာပါတီအားလုံး ပြန်လည်သင့်မြတ်ရေးမှာ ထဲထဲဝင်ဝင်လုပ်ဆောင်နေတဲ့ ကြားဝင်ဖျန်ဖြေသူအဖြစ် နိုင်ငံတကာက မြင်အောင် သိသိသာသာ ချပြလာတာဖြစ်ပါတယ်။ သူဟာ မြန်မာ့ နိုင်ငံရေးမှာ ပါဝင်ကြတဲ့ ဘက်ပေါင်းစုံက အဖွဲ့အစည်းတွေနဲ့ သင့်မြတ်အောင်နေပြီး ငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့ ကြိုးစားလုပ်ဆောင်နေပြီဖြစ်ကြောင်း မြင်အောင်ပြလာပါတယ်။
အထူးသဖြင့် တရုတ်-မြန်မာ ပူးတွဲစီမံကိန်းတွေမှာ ငွေကြေးရင်းနှီးမြှုပ်နှံထားသူတွေကို ရည်ရွယ်လုပ်ဆောင်တာ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲတစ်ရပ်ကျင်းပဖို့ အကူအညီပေးရေး တောင်းဆိုချက်တွေအပေါ် လေ့လာစောင့်ကြည့်သူတွေရဲ့ ဝေဖန်မှုတွေလည်း ရထားပါတယ်။ ဘာကြောင့်လဲဆိုတော့ နောက်ထပ်လုပ်မယ့် ရွေးကောက်ပွဲကို စစ်ကောင်စီက မျှတပြီးလွတ်လပ်တဲ့ ရွေးကောက်ပွဲဖြစ်အောင် လုပ်ဆောင်မယ်လို့ တရုတ်ရဲ့ အာမခံပြောဆိုမှုတွေကြောင့် ဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာ့ပဋိပက္ခမှာ ပါဝင်နေကြတဲ့ အစုအဖွဲ့တွေနဲ့ ဆက်သွယ်ပြောဆိုဖို့ တရုတ်သံတမန်တွေဘက်က စိတ်အားထက်သန်မှုရှိကြောင်း ပြသကြပေမဲ့ တွေ့ဆုံညှိနှိုင်းမှုရလဒ်တွေနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှု မရှိပါဘူး။ ဖြစ်နိုင်တာကတော့ ပေကျင်းအစိုးရက သူ့ရဲ့ “မြန်မာမူဝါဒ” အရ တစ်ဦးတစ်ဖွဲ့ချင်းစီရဲ့ အရေးအပါဆုံးဖြစ်လာဖို့ ကြိုးပမ်းနေခြင်းပါပဲ။
ဆိုးရွားပြင်းထန်တဲ့ ဒုက္ခသည်အကျပ်အတည်း၊ တစတစ များပြားလာတဲ့ လူသားချင်းစာနာမှုဆိုင်ရာ ဘေးဒုက္ခတွေနဲ့ လက်နက်ကိုင်တိုက်ပွဲတွေအကြားက မြန်မာ့ပဋိပက္ခကွန်ရက်ကို တရုတ်ရဲ့ “ကဏ္ဍပေါင်းစုံ သံခင်းတမန်ခင်းနည်း” က ဘယ်လိုမှ ပြေလည်အောင် ဖြေရှင်းပေးနိုင်မှာ မဟုတ်ပါဘူး။
▪️တရုတ်အစိုးရ ဘာတွေလုပ်နိုင်မလဲ
သီအိုဒို ရုစဗဲ့ ပြောဖူးတာရှိပါတယ်။ “ခရီးဝေးဝေးသွားနိုင်ဖို့ရာ တောင်ဝှေးကောင်းကောင်းဆောင်ပြီး ညင်ညင်သာသာပြောဆိုပါ” တဲ့။
မြန်မာစစ်အုပ်စုဟာ သူတို့လုပ်ရပ်အတွက် အကြောင်းပြချက် မယ်မယ်ရရ ဘယ်တုန်းကမှ ပေးလေ့မရှိပါဘူး။ အမြဲတမ်း အင်အားသုံးပြီး မာမာထန်ထန် တုံ့ပြန်တတ်ပါတယ်။ ပေကျင်းအနေနဲ့ စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးတဲ့အခါ အပစ်အခတ်ရပ်စဲရေးနဲ့ အာဏာခွဲဝေမှုဆိုင်ရာ သဘောတူညီချက်တွေကို အမြန်ဆုံးဆွေးနွေးဖို့ တော်လှန်ရေးအင်အားစုတွေရဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံသင့်ကြောင်း တိုက်တွန်းသင့်ပါတယ်။
လူထုအားလုံးပါဝင်တဲ့ လွတ်လပ်ပြီး မျှတတဲ့ရွေးကောက်ပွဲကျင်းပနိုင်ရေး ဆိုတဲ့ ရည်မှန်းချက်က ရှိထားသင့်ပေမဲ့ လက်ရှိအခြေအနေမှာ အရေးကြီးဆုံးက စစ်အုပ်စုရော တော်လှန်ရေးအင်အားစုတွေဘက်မှာပါ အင်အားဘယ်လောက်အသုံးပြုမလဲဆိုတဲ့ အချက်ကို ရှင်းလင်းအောင် ချပြဆွေးနွေးဖို့ အရေးကြီးပါတယ်။ ဒါ့အပြင် ဘယ်အဖွဲ့ကမှ စစ်တိုက်ခြင်းကသာ ပဋိပက္ခချုပ်ငြိမ်းရေးအတွက် တစ်ခုတည်းသော အဖြေဆိုတာမျိုး မယူဆကြဖို့ အရေးကြီးပါတယ်။
ဒီကနေ့အထိ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မတရားဖမ်းဆီးအရေးယူမှုတွေနဲ့ အားကောင်းတဲ့ စောင့်ကြည့်ရေး ယန္တရားတွေကို တပြိုင်နက်အသုံးချပြီး အာဏာကို ဆုပ်ကိုင်ထားဆဲ ဖြစ်ပါတယ်။
သူ့ရဲ့ ရပ်တည်ချက်သဘောတရားကလည်း ခိုင်ခိုင်မာမာ မရှိသလို အစွန်းရောက် ဗုဒ္ဓဘာသာ တည်ထောင်ရေးနဲ့ အင်အားကြီး ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတွေနဲ့ စစ်တပ်အသိုင်းအဝိုင်းကသာ နိုင်ငံရေးအာဏာကို ဆုပ်ကိုင်ထားနိုင်ရေး ကြိုးပမ်းချက်တွေ ရှိနေပါတယ်။
အာဏာထူထောင်ရေး စင်္ကြံတွေမှာ ပေကျင်းအနေနဲ့ လက်တွေ့ကျတဲ့ ငြိမ်းချမ်းရေးအတွက် ပိုမိုသင့်တော်မယ့် အသံထုတ်နိုင်သူတွေကို ဖော်ထုတ်လက်တွဲသင့်ပြီး ပြင်းထန်တဲ့ စစ်အုပ်ချုပ်ရေးအပြောင်းအလဲ ဖြစ်လာတဲ့အချိန်မှာ လုံခြုံစိတ်ချရတဲ့ လမ်းကြောင်းတွေရှာဖွေပေးသင့်သလို အလားအလာရှိတဲ့ ခိုလှုံစရာအနေနဲ့ ရှိပေးသင့်ပါတယ်။
နောက်တစ်ချက်အနေနဲ့ အသစ်တက်လာတဲ့ ထိုင်းအစိုးရအနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ဦးဆောင်ပါဝင်ဖို့ စိတ်ဆန္ဒနည်းနေတယ်ဆိုရင်တောင် တရုတ်အနေနဲ့ အာဆီယံအဖွဲ့ဝင်တွေနဲ့ အနီးကပ် လက်တွဲပြီး မတည်ငြိမ်မှုတွေကြောင့် ပေါ်ထွက်လာတဲ့ ဒုက္ခသည်အကျပ်အတည်းကို အမြန်ဆုံး ဖြေရှင်းဆောင်ရွက်သင့်ပါတယ်။
အာဆီယံနိုင်ငံတွေကို ထွက်ပြေးတိမ်းရှောင်လာကြတဲ့ မြန်မာနိုင်ငံသားဒုက္ခသည်တွေအတွက် လုံခြုံစိတ်ချရပြီး အကူအညီပေးနိုင်မယ့် ကာလလတ် အစီအစဥ် တစ်ခုရေးဆွဲအကောင်အထည်ဖော်ဖို့ အလွန်အရေးကြီးပါတယ်။ ဒါမှသာ နောက်ဆက်တွဲ ပဋိပက္ခတွေနဲ့ မဲခေါင်မြစ်ဝှမ်းနိုင်ငံတွေ၊ အာဆီယံနိုင်ငံတွေမှာ ရှိရင်းစွဲ နေထိုင်ကြသူတွေနဲ့ နောက်ထပ်ဝင်ရောက်လာသူတွေအကြား သဘောထားတင်းမာမှုတွေကို မဖြစ်ပွားဖို့ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ဆောင်ချက်ဆိုတာမျိုးက အထင်ကြီးစရာပါပဲ။ ဒါပေမဲ့ မဟာဗျူဟာတွေ ချမှတ်ဖို့ လိုအပ်သလို ပြဿနာတွေကို လျင်လျင်မြန်မြန်နဲ့ လက်တွေ့ကျကျ ဖြေရှင်းနိုင်စွမ်းရှိဖို့ကလည်း တရုတ်အစိုးရအတွက် ပိုအရေးကြီးပါတယ်။
(အမေရိကန် အခြေစိုက် China - US Focus မဂ္ဂဇင်း စက်တင်ဘာ ၃၀ ရက်က ဖော်ပြခဲ့တဲ့ Brian Wong ရဲ့ “China’s Peace Mandate in Myanmar” ကို ဘာသာပြန်ထားခြင်း ဖြစ်ပါတယ်။ Brian Wong ဟာ ဒဿနိကဗေဒ တွဲဖက်ပါမောက္ခ တစ်ဦးဖြစ်သလို ခေတ်ပြိုင်တရုတ်နဲ့ ကမ္ဘာ့ရေးရာ သုတေသီတစ်ဦးလည်း ဖြစ်ပါတယ်။ဆောင်းပါးထဲမှာ ဖော်ပြပါရှိတဲ့ နိုင်ငံရေးရှုထောင့် ၊အတွေးအမြင် အားလုံးဟာ မူရင်းစာရေးသူရဲ့ သဘောထားသာ ဖြစ်ပါတယ်။ နိုင်ငံတကာမှာ မြန်မာ့အရေး နဲ့ပတ်သက်ပြီး ရေးသားဖော်ပြနေတဲ့ အတွေးအမြင်တွေကို မြန်မာစာဖတ်သူတွေ သတိပြုမိနိုင်ဖို့ ဘာသာပြန်ဖော်ပြတာ ဖြစ်ပါတယ်။
The Tanintharyi Times
