“ တစ်ပတ်တာ မြန်မာ ”
“ တစ်ပတ်တာ မြန်မာ ”

နိုင်ငံတဝှမ်းမှာ နိုဝင်ဘာ ၂ ရက်ကနေ ၈ ရက်အထိ တစ်ပတ်တာအတွင်း ဖြစ်ပေါ်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားဖြစ်စဉ်တချို့ကို ကောက်နှုတ်ပြီး တနင်္သာရီတိုင်းမ်စာဖတ်သူတွေအတွက် တင်ပြလိုက်ပါတယ်။
ဒီတပတ်အတွင်း သတင်းတွေထဲမှာ တရုတ်မှာ ကျင်းပတဲ့ မဟာမဲခေါင်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ခေါင်းဆောင်တွေရဲ့အစည်းအဝေးကို တက်ရောက်ဖို့ ရောက်နေတဲ့ စစ်ကောင်စီဥက္ကဌရဲ့ နိုင်ငံခေါင်းဆောင်တချို့နဲ့ တွေ့ဆုံတာတွေ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပတ်သက်တဲ့ သဘောထားတွေကို ဖော်ပြတဲ့အကြောင်းအရာတွေ လွှမ်းမိုးထားပါတယ်။ ပြည်ပထွက်ပြီး စစ်ခေါင်းဆောင်က ငြိမ်းချမ်းရေးအကြောင်းပြောနေပေမဲ့ သူ့ရဲ့တပ်တွေကတော့ ရှမ်း၊ စစ်ကိုင်း၊ ချင်းနဲ့ ရခိုင်မှာ ပြင်းထန်တဲ့ဗုံးတွေကို လေကြောင်းကနေ ကြဲချနေတုန်းပါ။
တော်လှန်ရေးဘက်တွေကတော့ စစ်ကောင်စီတပ်စခန်းတွေနဲ့ တပ်ရင်းတချို့ ထပ်မံသိမ်းနိုင်တာတွေရှိသလို သိမ်းထားတဲ့ မြို့တွေမှာ အုပ်ချုပ်ရေးစတင်တာတွေလည်း ရှိနေပါတယ်။ ကုန်စည်စီးဆင်းမှုကတော့ တရုတ်ဘက်ကခြမ်းကနေ နယ်စပ်ကုန်သွယ်ရေး ပိတ်ဆို့မှု ပိုလုပ်လာတာ ရှိလို့ ရှမ်းနဲ့ ကချင်ပြည်နယ်က ဒေသခံတွေ ဈေးနှုန်းကြီးမြင့်တာနဲ့ ကုန်စည်ရှားပါးတဲ့ဒဏ်ကို ခံနေရတာ ရက်ရှည်ဖြစ်လာပါပြီ။ ဒီဖြစ်စဥ်သတင်းတွေထဲကနေ တချို့ကို သီးသန့်ထုတ်နုတ် ဖော်ပြလိုက်ပါတယ်။
မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲတွေနဲ့ စစ်ရေးအခြေအနေ
ရခိုင်ပြည်နယ်
– အမ်းက လေကြောင်းရန်ကာကွယ်ရေးတပ်ကို AA သိမ်းယူ
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ထဲက စစ်ကောင်စီရဲ့ လေကြောင်းရန်ကာကွယ်ရေးတပ်ကို အာရက္ခတပ်တော်(AA) က အခုလ ၄ ရက်နေ့မှာ သိမ်းယူခဲ့တယ်လို့ ဘီဘီစီသတင်းက ဖော်ပြပါတယ်။ အမ်းမြို့နယ်မှာ ထိုးစစ်ကို စက်တင်ဘာ နောက်ဆုံးပတ်က စတင်ခဲ့တာဖြစ်ပြီး လေကြောင်းရန်ကာကွယ်ရေးတပ်အပြင် ခမရ (၃၇၃)၊ ကုတင် (၃၀၀) ဆေးတပ် စတဲ့ တပ်ရင်း၊ တပ်စခန်း ၁၀ ခုထက်မနည်းကို သိမ်းထားတယ်လို့ ဆိုပါတယ်။ AA ဟာ အမ်းမြို့နယ်အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ)ကို သိမ်းပိုက်ဖို့ ပိတ်ဆို့ဖြတ်တောက်နည်းနဲ့ ထိုးစစ်ဆင်နေတာဖြစ်ပြီး အခု သိမ်းယူခဲ့တဲ့ တပ်စခန်းတွေက လမ်းကြောင်းတစ်ခုတည်းပေါ်မှာ ရှိကာ နပခကို တိုက်ရိုက်ပေါက်သွားပြီလို့ စစ်ရေးသတင်းအရင်းအမြစ်က ဘီဘီစီကို ပြောထားပါတယ်။
– အမ်းက အမှတ် (၇၅၇ )အလုပ်ရုံတပ်ခွဲလည်း သိမ်းပိုက်ခံရ
အာရက္ခတပ်တော် (AA) က အမ်းမြို့က အမှတ် (၇၅၇) အလုပ်ရုံတပ်ခွဲ (လျှပ်စစ်) ကို အခုလ ၅ ရက်နေ့မှာ သိမ်းပိုက်ခဲ့တယ်လို့ RFA က သတင်းဖော်ပြပါတယ်။ အဲ့ဒီ အလုပ်ရုံတပ်ခွဲဟာ ပြီးခဲ့တဲ့လမှာ ရာနဲ့ချီတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လေကြောင်းကနေ အများအပြားချပေးခဲ့တဲ့နေရာဖြစ်တယ်လို့ ဆိုပါတယ်။ ရခိုင်ပြည်နယ်မှာ အမ်းမြို့နယ်အပြင် တောင်ကုတ်၊ ဂွနဲ့ မောင်တောမြို့နယ်တွေမှာလည်း စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA)တို့ တိုက်ပွဲပြင်းထန်နေပါတယ်။
ကချင်ပြည်နယ်
– ပန်ဝါမြို့မှာ KIA အုပ်ချုပ်ရေး စတင်
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က သိမ်းယူထားတဲ့ ပန်ဝါမြို့မှာ အုပ်ချုပ်ရေးယန္တရား စတင်လည်ပတ်နိုင်ဖို့ စီစဉ်နေပြီလို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက RFA သတင်းဌာနကို ဒီကနေ့မှာ ပြောပါတယ်။ တရုတ်နဲ့ မြန်မာနယ်စပ်မှာ ရှိတဲ့ ပန်ဝါမြို့ကို KIA နဲ့ ပူးပေါင်းတပ်တွေက အရင်လ ၁၈ ရက်နေ့မှာ သိမ်းယူခဲ့တာပါ။ ရဲတွေလည်း ရှိသလို ရုံးတွေလည်း ထိုင်နေကြပြီလို့ ဒေသခံတွေကလည်းပြောထားပါတယ်။ စာသင်ကျောင်းတွေ မဖွင့်သေးဘဲလျှပ်စစ်မီးလည်း မရသေးဘူးလို့ ဆိုပါတယ်။ တရုတ်နိုင်ငံဘက်ကလည်း နယ်စပ်ဂိတ်ကို ပြန်မဖွင့်ပေးသေးတဲ့အတွက် ကုန်ပစ္စည်းပြတ်လပ်မှုတွေ ရှိနေတုန်းပဲလို့ သိရပါတယ်။ KIA နဲ့ ပူးပေါင်းအဖွဲ့တွေဟာ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ မြို့ပေါင်း ၁၂ မြို့ကို သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။

– ကန်းဖန့်ပြည်သူ့စစ်အဖွဲ့ KIA နဲ့ ပူးပေါင်း
ကချင်ပြည်နယ် ချီဖွေမြို့နယ် ကန်းဖန့်ကျေးရွာအုပ်စုကပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ KIA တပ်နဲ့ ပူးပေါင်းခဲ့တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက RFAကို ပြောပါတယ်။ ပြည်သူ့စစ်စခန်းက တပ်ဖွဲ့ဝင်တစ်ရာကျော် ပူးပေါင်းခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် အရေအတွက် အတိအကျမသိရသေးကြောင်း ဗိုလ်မှူးကြီးက ပြောထားပါတယ်။ KIA နဲ့ ပူးပေါင်းတပ်တွေက ပြည်သူ့စစ်စခန်းအပါအဝင် ကန်းဖန့်ရွာကို အခုလ ၄ ရက်နေ့က သိမ်းပိုက်လိုက်ပါတယ်။ ဦးဇခုန်းတိန့်ယိန်းဦးဆောင်တဲ့ ကချင်အထူးဒေသ(၁) က ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်စခန်းသုံးခုကို KIA တပ်ဖွဲ့က ပြီးခဲ့တဲ့လက သိမ်းယူနိုင်ခဲ့ပါတယ်။
– ဟုမ္မလင်းက စစ်ကောင်စီတပ်စခန်းနှစ်ခုကို KIA သိမ်း
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်က စစ်ကောင်စီတပ်နဲ့ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တို့ ပူးပေါင်းတပ်စွဲထားတဲ့ တပ်စခန်းနှစ်ခုကို KIA နဲ့ ပူးပေါင်းတပ်တွေက အခုလ ၃ ရက်နေ့မှာ တိုက်ခိုက်သိမ်းယူခဲ့ပါတယ်။ အဲ့ဒီစခန်းတွေက ရှစ်မျက်နှာဘုရားကုန်းနဲ့ ပန်ချယ်ဆိုတဲ့ တပ်စခန်းနှစ်ခု ဖြစ်တယ်လို့ သိရပါတယ်။ အင်အားနှစ်ရာကျော်ရှိတဲ့ အဲ့ဒီတပ်စခန်းနှစ်ခုကို ပြီးခဲ့တဲ့လကတည်းက တိုက်ခိုက်ခဲ့တာပါ။ SNA ရဲ့ တာဝန်ရှိသူတစ်ဦးကတော့ ဆယ်ဇင်းရွာ တစ်ဖက်ကမ်း စစ်ကိုင်းတိုင်းထဲမှာ တိုက်ပွဲဖြစ်နေတာ ၁၁ ရက်ခန့်ရှိလာပြီး ကာကင်းစခန်းတွေ သိမ်းပိုက်ခံရတာရှိပေမဲ့ စခန်းကြီးတွေမှာတော့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲပဲလို့ RFA ကိုပြောထားပါတယ်။
ချင်းပြည်နယ်
– မင်းတပ်မှာ ဘုရားကျောင်းနဲ့ စာသင်ကျောင်းတွေ ဗုံးကြဲခံရ
ချင်းပြည်နယ် မင်းတပ်မြို့နယ်ထဲက နှုန်းဘုံရွာကို အခုလ ၆ ရက်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် စာသင်ကျောင်းနဲ့ ခရစ်ယာန်ဘုရားကျောင်းတွေ အပါအဝင် နေအိမ်အဆောက်အအုံ ဆယ်လုံးထက်မနည်း ပျက်စီးသွားပါတယ်။ ပေါက်ကွဲအားပြင်းထန်တဲ့ ပေါင်ငါးရာ ဗုံးတစ်လုံးကို နှုန်းဘုံရွာအနီး ကြဲချခဲ့တာကြောင့် ထိခိုက်ပျက်စီးမှုများခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောထားပါတယ်။ လေကြောင်းကနေ ဗုံးကြဲခံရတဲ့ နေရာဟာ တိုက်ပွဲဖြစ်နေတာ မရှိဘဲ ဒေသခံတွေနဲ့ စစ်ဘေးဒုက္ခသည်တွေ နေထိုင်နေကြတာလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ မေလအတွင်းကလည်း နှုန်းဘုံရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်တာကြောင့် ဒေသခံ နှစ်ဦးသေဆုံးပြီး နေအိမ်သုံးလုံး မီးလောင်ပျက်စီးခဲ့တာ ရှိပါတယ်။ မင်းတပ်မြို့နယ်ထဲကို ပြီးခဲ့တဲ့ အောက်တိုဘာ တစ်လတည်းမှာပဲ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု ၇၇ ကြိမ်ရှိခဲ့တယ် ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF- Mindat) က အခုလဆန်းမှာ ထုတ်ပြန်ထားပါတယ်။
ရှမ်းပြည်နယ်
– လားရှိုးက လုပ်ငန်းရှင်တချို့ကို ကိုးကန့်တပ်က ခေါ်ယူစစ်ဆေး
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က စီးပွားရေးလုပ်ငန်းရှင်တချို့ကို ကိုးကန့်တပ်မတော် (MNDAA) က ခေါ်ယူစစ်ဆေးနေတာတွေ ရှိတယ်လို့ သိရပါတယ်။ လုပ်ငန်းရှင် သုံးဦးထက်မနည်း ခေါ်ယူစစ်ဆေးခံနေရတာဖြစ်ပြီး အမျိုးသမီးတွေလည်း ပါဝင်ကြောင်း အခုလို ခေါ်ယူစစ်ဆေးနေတာ တစ်ပတ်ခန့်ကြာမြင့်နေပြီး ဒီနေ့အထိ ပြန်မလွတ်လာသေးဘူးလို့ လုပ်ငန်းရှင်တွေနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောထားပါတယ်။ ခေါ်ယူစစ်ဆေးခံနေရတဲ့ လုပ်ငန်းရှင်တွေနဲ့ အမည်နဲ့ အချက်အလက် အသေးစိတ်ကိုတော့ မသိရပါဘူး။ စစ်ကောင်စီက လားရှိုးမြို့ကို လေကြောင်းကနေ မကြာခဏ ဗုံးကြဲနေတာကြောင့် ပြီးခဲ့တဲ့လ ၁၅ ရက်ကစပြီး မြို့တွင်းမှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေကို ကိုးကန့်တပ်က ဖြတ်တောက်ထားပါတယ်။ ပြီးခဲ့တဲ့လ ၁၀ ရက်နေ့ကလည်း စစ်ကောင်စီ သတင်းပေးသူလို့ ယူဆရသူ လူနှစ်ဆယ်ကျော်ကို ဖမ်းဆီးစစ်ဆေးနေကြောင်း ကိုးကန့်တပ်က ထုတ်ဖော်ပြောဆိုထားပါတယ်။
နိုင်ငံတကာ ဆက်ဆံရေး
– နယ်စပ်ကုန်သွယ်ရေးက အစိုးရတွေအောက်မှာရှိရမယ်လို့ တရုတ်ဝန်ကြီးချုပ်ပြော
နှစ်နိုင်ငံနယ်စပ်ဂိတ်တွေဟာ အစိုးရရဲ့စီမံခန့်ခွဲမှုအောက်မှာရှိရမှာဖြစ်ပြီး အပြည့်အဝစီမံခန့်ခွဲနိုင်ဖို့ကိုလည်း ဆက်ပြီးဆောင်ရွက်သွားမယ်လို့ တရုတ်ဝန်ကြီးချုပ် လီချန်းက စစ်ကောင်စီဥက္ကဌကို ပြောလိုက်တယ်လို့ စစ်ကောင်စီသတင်းစာက မနေ့က ဖော်ပြပါတယ်။ နယ်စပ်ကုန်သွယ်ရေး ဂိတ်တွေဖြစ်တဲ့ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်၊ ကျင်စန်းကျော့၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ ကြူကုတ် (ပန်ဆိုင်း)၊ ရန်လုံကျိုင်း၊ မုံးကိုး နဲ့ နမ့်ခမ်းနယ်စပ်ဂိတ်တွေကို မြောက်ပိုင်းညီနှောင်တပ်ဖွဲ့တွေက ၁၀၂၇ စစ်ဆင်ရေးမှာ သိမ်းပိုက်ထိန်းချုပ်ထားတာပါ။ အခုလက်တလောမှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်က နယ်စပ်ကုန်သွယ်ရေးတွေကို တရုတ်ဘက်က တဖက်သတ် ကန့်သတ်ထိမ်းချုပ်ထားပါတယ်။ ဒီလို လုပ်ရပ်က လက်နက်ကိုင်တိုင်းရင်းသားတပ်ဖွဲ့တွေကို အကျပ်အတည်းရောက်အောင် လုပ်တာလို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ထားပါတယ်။

– စစ်ကောင်စီကို တွန်းအားပေးဖို့ အင်ဒိုနီးရှားနဲ့ စင်ကာပူ သဘောတူ
မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အာဆီယံဘုံသဘောတူညီချက် ငါးရပ်ကို အကောင်ထည်ဖော်ရေး စစ်ကောင်စီကို တွန်းအားပေးဖို့ အင်ဒိုနီးရှားနဲ့ စင်ကာပူ ခေါင်းဆောင်တွေ သဘောတူခဲ့ကြတယ်လို့ နိုင်ငံတကာ သတင်းတွေက ဖော်ပြပါတယ်။ အင်ဒိုနီးရှားသမ္မတနဲ့ စင်ကာပူဝန်ကြီးချုပ်တို့ဟာ အခုလ ၆ ရက်က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ သမ္မတနန်းတော်မှာ တွေ့ဆုံပြီးနောက် သတင်းစာရှင်းလင်းပွဲမှာ အထက်ပါကိစ္စကို ပြောဆိုခဲ့တာပါ။ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးကတဆင့် မြန်မာ့အရေးအဖြေရှာဖို့နဲ့ မြန်မာကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးပို့နိုင်ရေးဆိုင်ရာ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ သေချာအောင် တိုက်တွန်းသွားမယ်လို့ ဆိုပါတယ်။
– မြန်မာရွှေ့ပြောင်းနေထိုင်သူတွေရဲ့စာရင်း ထိုင်း စကောက်နေ
ထိုင်းနယ်စပ်နေရာအချို့မှာ ရွှေ့ပြောင်းနေထိုင်သူတွေရဲ့စာရင်းကောက်ယူတာတွေ စတင်လုပ်ဆောင်နေပါတယ်။ ဒါဟာ ထိုင်းနိုင်ငံမှာ နှစ်ရှည်ပြောင်းရွှေ့နေထိုင်သူ ရှစ်သိန်းကျော်ထဲက မြန်မာနိုင်ငံသားတွေအပါအဝင် ငါးသိန်းလောက်ကို နိုင်ငံသားဖြစ်ခွင့်ပေးမယ်လို့ အရင်လ ၂၉ ရက်နေ့က ပြုလုပ်တဲ့ ထိုင်းအစိုးရအဖွဲ့အစည်းအဝေးမှာ အတည်ပြုပြီးနောက် စတင်ဆောင်ရွက်လာတာပါ။ မြန်မာနယ်စပ်နဲ့ ထိစပ်နေတဲ့ မယ်ဆိုင်၊ ရနောင်းနဲ့ ကန်ချနဘူရီမှာလည်း တိုက်နယ်မှူးနဲ့ ကျေးရွာလူကြီးတွေကတစ်ဆင့် နာမည်စာရင်း ကောက်ယူနေတယ်လို့ ဆိုပါတယ်။ နိုင်ငံသားဖြစ်ခွင့်ပေးမဲ့ လူဦးရေ ငါးသိန်းဝန်းကျင်ထဲမှာ မြန်မာနိုင်ငံသားတွေအပြင် လာအို၊ ကမ္ဘောဒီးယား စတဲ့ နိုင်ငံတွေကနေ နှစ်ရှည်ပြောင်းရွှေ့နေထိုင်ကြသူတွေ ပါဝင်ပါတယ်။
– ထိုင်းဝန်ကြီးချုပ်နဲ့ စစ်ကောင်စီဥက္ကဌ သီးသန့်တွေ့ဆုံ
တရုတ်နိုင်ငံမှာကျင်းပနေတဲ့ မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး တက်ရောက်နေတဲ့ စစ်ကောင်စီဥက္ကဌနဲ့ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ထိုင်းဝန်ကြီးချုပ် ပေထုန်တန် ရှင်နာဝပ်ထရာက မနေ့က ထုတ်ပြောလာပါတယ်။ ဒီတွေ့ဆုံပွဲအတွင်း ငြိမ်းချမ်းရေးကို ပြုစုပျိုးထောင်ဖို့ ထိုင်းအစိုးရက စိတ်ရင်းစေတနာနဲ့ ကူညီမယ့်အကြောင်း ထိုင်းဝန်ကြီးချုပ်က ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ ဝန်ကြီးချုပ် ပေထုန်တန်က ပြီးခဲ့တဲ့လက လာအိုနိုင်ငံ ဗီယန်ကျင်းမှာ ကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာလည်း မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံမှုတိုးမြှင့်ဖို့ တောင်းဆိုခဲ့သလို မြန်မာ့အရေး စစ်ရေးအရ အဖြေရှာဖို့မလိုကြောင်းနဲ့ စကားပြောဖို့ အချိန်တန်ပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
– စစ်ကောင်စီဥက္ကဌက လာအို၊ ကမ္ဘောဒီးယား ဝန်ကြီးချုပ်တို့နဲ့တရုတ်မှာတွေ့
မဲခေါင်အစည်းအဝေးကို တက်ရောက်နေတဲ့ စစ်ကောင်စီဥက္ကဌဟာ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံက ဝန်ကြီးချုပ်တို့နဲ့ တွေ့ဆုံပြီး မြန်မာ့အရေးပြောခဲ့တယ်လို့ စစ်ကောင်စီသတင်းစာက ထုတ်ပြန်ပါတယ်။ ရွေးကောက်ပွဲအကြောင်း၊ အာဆီယံအစည်းအဝေးတွေမှာ စစ်ကောင်စီရဲ့ ပါဝင်နေမှု စတဲ့အကြောင်းအရာတွေလည်း ပြောဆိုမှုမှာ ပါဝင်တယ်လို့ ဆိုပါတယ်။ မြန်မာ့အရေး ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းနိုင်ဖို့အတွက် လိုအပ်တဲ့အခြေအနေတွေကိုလည်း ပြောပြခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပေမဲ့ ဘာတွေလဲဆိုတာကိုတော့ အသေးစိတ် မဖော်ပြထားပါဘူး။
– ဘင်္ဂလားဒေ့ရှ် ရေလုပ်သား ၂၀ ဦးကို AA လွှဲပြောင်းပေး
မြန်မာရေပြင်ပိုင်နက်ထဲ ဝင်ရောက်လာတဲ့ ဘင်္ဂလားဒေ့ရှ် ရေလုပ်သား ၂၀ ဦးကို အာရက္ခတပ်တော် (AA) က ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ထံ မနေ့က ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် Dhaka Tribune သတင်းက ဖော်ပြပါတယ်။ လှေ ၁၅ စင်းနဲ့အတူ မြန်မာရေပြင်ပိုင်နက်ထဲမှာ အခုလ ၅ ရက်က ဖမ်းမိခဲ့တဲ့ အဲဒီရေလုပ်သားတွေကို သုံးရက်ကြာ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောင့်တပ်နဲ့ ဆက်သွယ်ညှိနှိုင်းပြီးနောက် ပြန်လွှတ်ပေးခဲ့တာလို့ ဆိုပါတယ်။ နတ်မြစ်အတွင်းဝင်ရောက်လာတဲ့ ဘင်္ဂလားဒေ့ရှ် ရေလုပ်သားငါးဦးကိုလည်း AA က ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ထံ ပြီးခဲ့တဲ့လက လွှဲပြောင်းပေးခဲ့တာ ရှိပါတယ်။
– အိန္ဒိယက မီဇိုရမ်မှာ မြန်မာပို့မယ့် ဖောက်ခွဲရေးပစ္စည်းတွေ ဖမ်းမိ
အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းမှာ ရှိတဲ့ မီဇိုရမ်ပြည်နယ်နယ်စပ်မှာ မြန်မာဘက်ကိုပို့မဲ့ ဖောက်ခွဲရေး စစ်လက်နက်ပစ္စည်း အမြောက်အများကို ပြည်နယ်ရဲတပ်ဖွဲ့နဲ့ အာသံရိုင်ဖယ်တပ်ဖွဲ့တွေက အခုလ ၆ ရက်က သိမ်းဆည်းရမိခဲ့ပါတယ်။ ပစ်ကပ်ကားတစ်စီးကို ရပ်တန့်ရှာဖွေရာမှာ ဖောက်ခွဲရေးသုံး ယမ်းထုပ်တစ်သောင်းနီးပါးပါ သေတ္တာ ၄၈ လုံး၊ စနက်တံ ၉၄၀၀ ပါ သေတ္တာ ၉၄ လုံးနဲ့ ၁၉၀၀ မီတာနီးပါး စနက်တံကြိုး ၅ လိပ်နဲ့အတူ လူနှစ်ဦးကို ဖမ်းဆီးမိခဲ့တယ်လို့ The Times of Indiaသတင်းက ဖော်ပြပါတယ်။ ဖမ်းဆီးထားသူ နှစ်ဦးကို စစ်ဆေးချက်အရ ဒီဖောက်ခွဲရေးပစ္စည်းတွေဟာ စစ်ကောင်စီကို ဆန့်ကျန်တဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ ပစ္စည်းတွေလို့ ယူဆရပြီး မြန်မာနိုင်ငံကို ပို့ဆောင်ဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။ သူတို့ကို အိန္ဒိယရဲ့ ပေါက်ကွဲစေတတ်သောပစ္စည်းများ အက်ဥပဒေ ၁၉၀၈ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
The Tanintharyi Times