မြိတ်ကျွန်းစုက စစ်ကောင်စီရဲ့ လျှို့ ဝှက်ရေတပ်စခန်း
မြိတ်ကျွန်းစုက စစ်ကောင်စီရဲ့ လျှို့ ဝှက်ရေတပ်စခန်း

စစ်ကောင်စီက ကျွန်းစုမြို့နယ်မှာ စစ်အခြေစိုက်စခန်းတစ်ခုကို လျှို့ ဝှက်ဆောက်လုပ်နေပါတယ်။
ဒီစခန်းကဘယ်လို စခန်းမျိုးပါလဲ။ စစ်ကောင်စီကဘာ ရည်ရည်ရွယ်ချက်တွေနဲ့ ဆောက်လုပ်နေပါသလဲ။
စစ်ကောင်စီဆောက်လုပ်နေတာဟာ ရေတပ်စခန်းတစ်ခုဖြစ်တယ်လို့ တနင်္သာရီတိုင်းမ်က စုံစမ်းထားတဲ့အချက်အလက်အရ သိရပါတယ်။
ဒီဆိပ်ကမ်းက ရေငုပ်သင်္ဘာတွေပါဆိုက်ကပ်နိုင်တယ်လို့ ယူဆရတဲ့ စစ်အခြေစိုက်စခန်းတစ်ခုဖြစ်တယ်လို့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
အဲဒီရေတပ်စခန်းကို မြိတ်ကျွန်းစုထဲကအကြီးဆုံးကျွန်းဖြစ်တဲ့ ကတန်ကျွန်းပေါ်က မော်တုန်းကြီးရွာနဲ့ ကပ်ရက်မှာ ဆောက်လုပ်နေတာပါ။
ကတန်ကျွန်းပေါ်မှာ ကျွန်းစုမြို့ရှိပြီး တနင်္သာရီရေတပ်စခန်းဌာနချုပ် (တရခ)ဟာလည်း ကတန်ကျွန်းပေါ်မှာပဲတည်ရှိတာပါ။
လက်ရှိဆောက်လုပ်နေတဲ့ ရေတပ်စခန်းဟာ တနင်္သာရီရေတပ်စခန်းဌာနချုပ်နဲ့ မျဥ်းဖြောင့် ၁၄ ကီလိုမီတာ၊ ၈ မိုင်ခွဲ မိုင်ခန့်ကွာဝေးပါတယ်။
ရေတပ်စခန်းဟာလက်ရှိ စတုန်းရန်းမီတာ ခြောက်သောင်းနီးပါးခန့်ကို မြေရှင်းလင်းပြီး ရေတပ်စခန်းကိုဆောက်လုပ်ထားတာပါ။ ဒါဟာ ဘောလုံးကွင်း ဆယ်ကွင်းနီးပါးလောက်ရှိ အကျယ်အဝန်းဖြစ်ပါတယ်။

ဆောက်လုပ်ပြီးစီးမှုအခြေအနေ
တနင်္သာရီတိုင်းက ရရှိထားတဲ့ မြေပြင်ဓာတ်ပုံတွေနဲ့ ဂြိုလ်တုဓာတ်ပုံတွေအရ လက်ရှိမှာတော့ ရေတပ်စခန်းဧရိယာအတွင်းမှာ အဆောက်အအုံတွေ ဆောက်လုပ်ထားတာကိုတွေ့ ရပါတယ်။
အနီးအနားမှာနေထိုင်တဲ့ ဒေသခံတွေရဲ့ ပြောပြချက်အရ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နှစ်လယ်လောက်မှာတော့ လိုင်းခန်း၊ ရဟတ်ယာဥ်ရပ်နားကွင်း၊ စစ်ရေးလေ့ကျင့်ကွင်းတွေအပါအဝင် ဆိပ်ခံတံတားတွေပါ ဆောက်လုပ်ပြီးနေပြီလို့ သိရပါတယ်။
အခုဆောက်လုပ်နေတဲ့ ရေတပ်စခန်းဟာ ကျွန်းစုမြို့နဲ့ တနင်္သာရီရေတပ်စခန်းဌာနချုပ်ရှိတဲ့ ကတန်ကျွန်းရဲ့ မြောက်ဘက်မှာ တည်ရှိပါတယ်။
စစ်ကောင်စီဘက်က ရေတပ်စခန်းဆောက်လုပ်နေတဲ့အခြေအနေကို လက်ရှိအချိန်ထိ ထုတ်ဖော်ပြောဆိုတာမရှိသေးပါဘူး။


စစ်ခေါင်းဆောင်ရဲ့ ၂၀၂၂ ကျွန်းစုခရီးစဥ်
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ ဆောက်လုပ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ ၂၀၂၂ ခုနစ် ဇန်နဝါရီလ ၁၅ ရက်နေ့မှာတော့ ကျွန်းစုမြို့နယ်ကို သွားရောက်ခဲ့ဖူးပါတယ်။
စစ်ကောင်စီပိုင် မြဝတီသတင်းမှာတော့ အဲဒီခရီးစဥ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းတွေ လုပ်ဆောင်ဖို့ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ တွေ့ဆုံခဲ့တယ်လို့သာ ဖော်ပြပါတယ်။
အဲဒီခရီးစဥ်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဆောက်လက်စ ရေတပ်စခန်းကိုလာရောက်ကြည့်ရှုခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တချို့က ယူဆကြပါတယ်။

ရေတပ်စခန်းကိုဘယ်တုန်းက စဆောက်ခဲ့တာလဲ
ရေတပ်စခန်းဆောက်လုပ်နေတဲ့ဧရိယာမှာ ဂြိုလ်တုဓာတ်ပုံတွေအရ ၂၀၁၇ ခုနစ် ဧပြီလ ၂၀ ရက်နေ့အထိ ထူးခြားတာကို မတွေ့ ခဲ့ရပါဘူး။
အဲဒီနောက် ခုနစ်လခန့်အကြာ ၂၀၁၇ ခုနစ် နိုဝင်လာလာ ၃ ရက်နေ့က ရိုက်ကူးထားတဲ့ ဂြိုလ်တုဓာတ်ပုံမှာတော့ အဲဒီဧရိယာမှာ သင်္ဘောတစ်စီးဆိုက်ကပ်ထားပြီး မြေပြင်ကိုရှင်းလင်းထားတာကို စတွေ့ရပါတယ်။
ဒါပေမဲ့ စစ်အာဏာမသိမ်းခင်အထိ သုံးနှစ်ကျော်ကာလအတွင်း အဆောက်အအုံ တစုံတရာဆောက်လုပ်တာတွေ မတွေ့ခဲ့ရပါဘူး။
စစ်အာဏာသိမ်းပြီးရက်ပိုင်းအကြာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ဂြိုလ်တုဓာတ်ပုံအရ အဲဒီနေရာမှာ သင်္ဘောတစ်စီးရှိနေပြီး အဲဒီနောက်ပိုင်းမှာ မြေပြင်ရှင်းလင်းထားတဲ့ဧရိယာပိုပိုကျယ်လာတာ ကိုတွေရပါတယ်။
မြေပြင်ရှင်းလင်းတဲ့ဧရိယာပိုကျယ်လာတာနဲ့အတူ ဆိပ်ခံတံတားနဲ့ အဆောက်အအုံတွေလည်း ဆောက်လုပ်ခဲ့တာကို တွေ့ရပါတယ်။

အဲဒီနောက် စစ်အာဏာသိမ်းကာလ လေးနှစ်နီးပါးရှိလာတဲ့ လက်ရှိအချိန်မှာတော့ သင်္ဘောတွေ လာရောက်ဆိုက်ကပ်နေတာကိုလည်း ဂြိုလ်တုဓာတ်ပုံတွေမှာ တွေ့ ရပါတယ်။
အဲဒီနေရာဟာ တခြားရေတပ်စခန်းဌာနချုပ်တွေနဲ့ မတူဘဲ ကမ်းစပ်တစ်လျှောက်လုံးကို မြေညှိထားတာလည်း တွေ့ရပါတယ်။
ရေတပ်စခန်းမှာ ဆောက်လုပ်ထားတဲ့ ဆိပ်ကမ်းပုံစံနဲ့ အဆောက်အအုံနေရာချထားတဲ့ ပုံစံမတူတာကြောင့် မူလရှိပြီးသားတနင်္သာရီရေတပ်စခန်းဌာနချုပ် (မြိတ်)နဲ့ စခန်းအကျယ်အဝန်းကို နှိုင်းယှဥ်ပြဖို့ကတော့ ခက်ခဲပါတယ်။

ဒေသတွင်းတော်လှန်ရေးအဖွဲ့တွေရဲ့ အမြင်
ကျွန်းစုမှာ ရေတပ်စခန်းတစ်ခုဆောက်လုပ်နေတာကို သိရှိထားတယ်လို့ တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ရဲ့ တာဝန်ခံ ကိုစတားက တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။
“အသေးစိတ်ကိုတော့ ကျနော်တို့လည်းမသိရသေးဘူး။ တနင်္သာရီတိုင်းမှာ ရေတပ်ကိုပိုအားစိုက်လာတာဖြစ်နိုင်ပါတယ်။ မောင်ရွှေလေး(သံတွဲက ရေတပ်စခန်း) သိမ်းခံရပြီးနောက်ပိုင်း အခြေချလို့မရလို့ အဆင်ပြေတဲ့ဘက်ကိုရွှေ့လာတာလည်းဖြစ်နိုင်တယ်” လို့ တနင်္သာရီတိုင်းပကဖရဲ့ တာဝန်ခံ ကိုစတားကပြောပါတယ်။
စစ်ကောင်စီရဲ့ ရေတပ်မှာ ဧရာဝတီရေတပ်စခန်းဌာနချုပ် (ရန်ကုန်)၊ မောရဝတီရေတပ်စခန်းဌာနချုပ် (ရေဖြူ )၊ ဓညဝတီရေတပ်စခန်းဌာနချုပ် (ကျောက်ဖြူ)၊ ပမ္မဝတီရေတပ်စခန်းဌာနချုပ် (ဟိုင်းကြီးကျွန်း)၊ တနင်္သာရီရေတပ်စခန်းဌာနချုပ် (မြိတ်) ဆိုပြီး ဌာနချုပ်ကြီး ၅ ခုရှိပါတယ်။
အဲဒီထဲက ကျောက်ဖြူမြို့နယ်မှာရှိတဲ့ ဓညဝတီရေတပ်စခန်းဌာနချုပ် (ဓရခ)ကို အာရက္ခတပ်တော်(AA) က ဆက်တိုက် တိုက်ခိုက်နေပါတယ်။
ဒါ့အပြင် အခုနှစ် စက်တင်ဘာ ၅ ရက်နေ့မှာတော့ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်က စစ်ကောင်စီရဲ့ မောင်ရွှေလေးရေတပ်စခန်းကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထားတာပါ။
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထားတဲ့ မောင်ရွှေလေးရေတပ်စခန်းဟာ စစ်ကောင်စီဲရ့ Navy SEALs (ခေါ်) ရေတပ်အထူးစစ်ဆင်ရေး တပ်ဖွဲ့ဝင်တွေ လေ့ကျင့်တဲ့ တစ်ခုတည်းသော ပင်လယ်ပြင်စခန်းလည်းဖြစ်ပါတယ်။

ရေငုပ်သင်္ဘောဆိုက်ကပ်ဖို့လား
အနီးအနားမှာနေထိုင်တဲ့ ဒေသခံတချို့က အဲဒီစခန်းမှာ ရေငုပ်သင်္ဘောလာရောက် ဆိုက်ကပ်ထားတာရှိနေတယ်လို့ ဆိုပါတယ်။ အဲဒီပြောဆိုချက်ကို အတည်ပြုနိုင်ဖို့ တခြားသက်သေပြစရာ အချက်အလက်တော့မရရှိသေးပါဘူး။
၂၀၂၁ ဇူလိုင်လမှာတော့ ရေပြင်အခြေအနေကိုလာရောက်ဆန်းစစ်တယ်လို့ယူဆရတဲ့ အိန္ဒိယနိုင်ငံသားတချို့ အဲဒီနေရာကိုရောက်လာဖူးတယ်လို့ ကိုယ်တိုင်တွေ့မြင်ခဲ့ရတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
အိန္ဒိယဟာ စစ်အာဏာမသိမ်းခင်က မြန်မာစစ်တပ်ကို ရေငုပ်သင်္ဘောတစ်စီး လက်ဆောင်ပေးခဲ့ဖူးပါတယ်။
လက်ရှိမှာ စစ်ရေးအတွက်လှုပ်ရှားတာမရှိသေးပေမဲ့ အဲဒီနေရာတစ်ဝိုက်မှာသွားလာနေတဲ့ ကင်းမွန်မီးထွန်းလှေတွေကို ခေါ်ယူပြီးစစ်ဆေးတာတွေ ရှိခဲ့ဖူးတယ်လို့ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူတွေက ဆိုပါတယ်။
စစ်ကောင်စီနဲ့ ရုရှားပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ
ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းမှာ စစ်ကောင်စီနဲ့ ရုရှားတို့ပူးပေါင်းပြီး ရေပြင်၊ ဝေဟင်နဲ့ ရေအောက် စစ်ဆင်ရေး လေ့ကျင့်မှုတွေကို အခုလက်ရှိဆောက်လုပ်နေတဲ့ ရေတပ်စခန်းရဲ့ အနောက်ဘက် မိုင် ၇၀ ကျော်အကွာက ပင်လယ်ပြင်မှာ ပြုလုပ်ခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
အလားတူ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာလည်း အဲဒီနေရာတစ်ဝိုက်မှာပဲ အလားတူပူးတွဲ စစ်ရေးလေ့ကျင့်မှုတစ်ကြိမ် လုပ်ဆောင်ခဲ့ဖူးပါတယ်။

လျှို့ ဝှက်ရေတပ်စခန်း
စစ်ကောင်စီဆောက်လုပ်နေတဲ့ ရေတပ်စခန်းဟာ မြန်မာနိုင်ငံရဲ့ ခြောက်ခုမြောက်ရေတပ်စခန်း ဖြစ်လာမလား၊ ဒါမှမဟုတ်ရင် ဘယ်လိုရေတပ်စခန်းမျိုးလဲဆိုတာကို မသိရသေးပါဘူး။
အဲဒီစခန်းဟာ ဘာအတွက်ရည်ရွယ်နေပါသလဲ၊ စစ်ကောင်စီက ဘာကြောင့် တရားဝင်ထုတ်ပြောတာမရှိဘဲ တိတ်တဆိတ်ဆောက်လုပ်နေပါသလဲ။
စခန်းရဲ့ အရွယ်အစားနဲ့ အဆောက်အအုံဖွဲ့စည်းထားပုံအရ အခိုင်အမာဆောက်လုပ်ထားတဲ့ ရေတပ် စစ်စခန်းကြီး တစ်ခုဖြစ်တယ်ဆိုတာကိုတော့ ငြင်းပွားဖွယ် မရှိပါ။
မောရဝတီရေတပ်စခန်းဌာနချုပ်မှာလည်း စခန်းတွေထပ်တိုးလာ
တနင်္သာရီရေတပ်စခန်းဌာနချုပ်အနီးမှာ ရေတပ်စခန်းအသစ်တစ်ခုဆောက်လုပ်နေတာနဲ့အပြိုင် ရေဖြူမြို့နယ်၊ မောရဝတီရေတပ်စခန်းဌာနချုပ်ဧရိယာထဲက ကင်းတောင်ရွာအနီးမှာလည်း စစ်ကောင်စီဘက်က စစ်ဘက်ဆိုင်ရာအဆောက်အအုံတွေထပ်တိုးဆောက်လုပ်နေပါတယ်။
ရဟတ်ယာဥ်ကွင်းနှစ်ကွင်း၊ စစ်ရေးပြကွင်းတွေနဲ့ အထပ်မြင့်အဆောက်အအုံ အများအပြားကိုဆောက်လုပ်ထားတာကို ဂြိုလ်တုဓာတ်ပုံတွေက တဆင့် တွေ့ရပါတယ်။
မောရဝတီရေတပ်စခန်းဌာနချုပ်ဟာ ဒေသခံတွေရဲ့ဥယျာဥ်ခြံတွေနဲ့ ကျေးရွာတွေအပါအဝင် သိမ်းယူတည်ဆောက်ထားတဲ့ရေတပ်စခန်းဖြစ်ပါတယ်။
အခုဆောက်လုပ်နေတဲ့ စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေဟာ မောရဝတီရေတပ်စခန်းနဲ့ မျဥ်းဖြောင့် ၈ ကီလိုမီတာခန့်သာ ကွာဝေးပါတယ်။
ဒေသခံတွေနဲ့ စစ်ရေးလေ့လာသူတွေကတော့ ရေတပ်သင်တန်းကျောင်းဖြစ်နိုင်တယ်လို့ ခန့်မှန်းပြောဆိုကြပါတယ်။
လက်ရှိမှာ ကတုတ်ကျင်းတူးထားတဲ့ စခန်းငယ်တွေကိုလည်း အဲဒီဧရိယာထဲမှာ တွေ့ရပါတယ်။

တနင်္သာရီကမ်းရိုးတန်းအတွက် ခြိမ်းခြောက်မှု
စစ်ကောင်စီတပ်ဟာ အခုနှစ်ထဲမှာ ဖြစ်ခဲ့တဲ့တိုက်ပွဲတွေမှာ လေကြောင်းတိုက်ခိုက်မှုတွေအပြင် ရေကြောင်းတိုက်ခိုက်မှုကို အဓိကထားလာတာတွေ့ရပါတယ်။
အထူးသဖြင့် ကမ်းရိုးတန်းတစ်လျှောက်မှာရှိတဲ့ ရေဖြူ၊ လောင်းလုံး၊ ပုလော၊ တနင်္သာရီ နဲ့ ကျွန်းစုမြို့နယ်တွေမှာဖြစ်တဲ့တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ရဲ့ စစ်သင်္ဘောတွေကနေ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေဆက်တိုက်လုပ်ဆောင်ခဲ့ပါတယ်။
ကြည်း၊ ရေ၊ လေ သုံးခုစလုံးကို အသုံးပြုတိုက်ခံရလေ့ရှိတဲ့ တနင်္သာရီဒေသမှာ စစ်ကောင်စီတပ်ဘက်က ရေတပ်စခန်းတွေကို တိုးချဲ့ဆောက်လုပ်လာတာဟာ ဒေသတွင်းတော်လှန်ရေးတပ်တွေအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်လာနိုင်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့က ရှုမြင်ပါတယ်။
“တိုင်းထဲမှာက ရေတပ်ကိုဖြိုဖို့ တိုက်ခိုက်ရေးအင်အားနည်းတယ်။ ဒါကိုသူတို့လည်း ကောင်းကောင်းသိတယ်။ ဒါကြောင့် လည်းသူတို့က တနင်္သာရီတိုင်းမှာ ရေတပ်ကို ချဲ့ထွင်လာတာ” လို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံကိုရှဲဒိုးက ပြောပါတယ်။
The Tanintharyi Times