သတင်းဆောင်းပါးဆိုတာ ဘာလဲ

သတင်းဆောင်းပါးဆိုတာ ဘာလဲ

သတင်းဆောင်းပါးရေးသားခြင်း လက်စွဲ


အခန်း(၁)

  • အမှာစာ

မြန်မာသတင်းစာဆရာတွေအတွက် အခုအချိန်ဟာ သတင်းဆောင်းပါး(Feature Stories) တွေအကြောင်း ဆွေးနွေးဖို့ အသင့်တော်ဆုံးအချိန်လို့ ယူဆပါတယ်။ ဘာကြောင့်လဲဆိုတော့ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ သတင်းဆောင်းပါးတွေဟာ အရေအတွက်ရော အရည်အသွေးပါ လျော့ကျလာလို့ပါပဲ။

ဒီလိုဖြစ်ရခြင်းက အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပါလိမ့်မယ်။ နိုင်ငံရေးအခြေအနေကြောင့် ပြည်သူတွေက လတ်တလောဖြစ်တဲ့သတင်းတွေ (Hard News) တွေကိုပဲ မြန်မြန်သိချင်နေတာ၊ သတင်းစာဆရာတွေကိုယ်တိုင်က
အန္တရာယ်တွေကြားထဲက သတင်းတိုတွေကို အချိန်နဲ့တပြေးညီ တင်ပြနေကြရတာ၊ သတင်းဌာနတွေက ပြည်ပကနေ သတင်းထုတ်လုပ်ရတဲ့အခါ သတင်းရင်းမြစ်တွေနဲ့ ထိတွေ့ဖို့ခက်ခဲတာ စတဲ့စိန်ခေါ်မှုတွေ ရှိနေပါတယ်။

တကယ်တော့ သတင်းစာပညာဆိုတာ လက်မှုပညာ (Craft) တစ်ခု ဖြစ်ပါတယ်။ ပုံစံခွက်တစ်ခုထဲမှာ ပုံသွင်းပြီး အစုလိုက်အပြုံလိုက်ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေ မဟုတ်ပါဘူး။ သတင်းတစ်ပုဒ်ချင်းစီ၊ ဆောင်းပါးတစ်ပုဒ်ချင်းစီကို ဖန်တီးယူကြရတာပါ။

ဒါဟာ နှစ်ရာနဲ့ချီပြီဖြစ်တဲ့ ယဉ်ကျေးမှုအစဉ်အလာတစ်ခုပါ။ ဒီအစဉ်အလာကပဲသတင်းစာပညာကို တန်ဘိုးထားအပ်တဲ့ပညာတစ်ခုအဖြစ် လူ့အဖွဲ့အစည်းထဲမှာ ချီးမြှောက်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီလက်မှုပညာကို ဆုံးရှုံးခံလို့ မရပါဘူး။ ဒါဟာကျွန်တော်တို့ရဲ့ဂုဏ်သိက္ခာ ဖြစ်လို့ပါပဲ။

ဒီစာအုပ်ထဲမှာ သတင်းဆောင်းပါးထုတ်လုပ်ဖို့အတွက် အကြံဉာဏ်တွေ ပေးထားပါတယ်။ ဒါပေမယ့် သတိရဖို့ကတော့ ဘယ်အရာကိုမှ လှေနံဓားထစ်မမှတ်ဖို့ ဖြစ်ပါတယ်။ လက်မှုပညာဖြစ်တာကြောင့် အနုပညာဆိုင်ရာဖန်တီးမှုတွေလိုအပ်လာပါလိမ့်မယ်။

သတင်းစာဆရာတစ်ယောက်နဲ့ တစ်ယောက် အယူအဆ တူချင်မှ တူပါလိမ့်မယ်။ ဆောင်းပါးတစ်ပုဒ်နဲ့ တစ်ပုဒ်လည်း တူမှာမဟုတ်ပါဘူး။ တူလည်း မတူသင့်ပါဘူး။

သတင်းစာပညာရဲ့ “ရသ”ဟာ ရိုးအီသွားစရာ၊ ပျင်းရိသွားစရာ မဖြစ်သင့်ပါဘူး။ မနက်မိုးလင်းလို့ မိုဘိုင်းဖုန်း ဒါမှမဟုတ် ကွန်ပျူတာကို ဖွင့်လိုက်ပြီး ကော်ဖီတစ်ခွက်နဲ့ ပြောင်မြောက်တဲ့စတိုရီတစ်ပုဒ်ကို ဖတ်လိုက်ရတာဟာဘဝရဲ့ ထိုက်တန်တဲ့ဆုလာဘ်တစ်ခု ဖြစ်သင့်ပါတယ်။

သတင်းဆောင်းပါးတွေအကြောင်းကို ဆွေးနွေးကြရအောင်ပါ။

အားလုံးကို “သတင်းဆောင်းပါးကမ္ဘာ” က လှိုက်လှဲစွာ ကြိုဆိုပါတယ်ခင်ဗျား။

အခန်း (၁)
သတင်းဆောင်းပါးဆိုတာ ဘာလဲ။

ရှေးရှေးကသတင်းစာဆရာကြီးတွေက သတင်းတွေကို အကြမ်းဖျင်းအားဖြင့် နှစ်မျိုးသတ်မှတ်ပါတယ်။ တစ်မျိုးကတော့ Hard News လို့ခေါ်ပြီး နောက်တစ်မျိုးကတော့ Soft News လို့ ခေါ်ပါတယ်။ Hard News ဆိုတာက ချက်ချင်းပြောဖို့လိုအပ်တဲ့ သတင်းတိုတွေဖြစ်ပါတယ်။ ဥပမာအားဖြင့် ရွှေဈေးတက်တာ၊ ငလျင်လှုပ်တာ၊ ဆန္ဒပြကြတာ၊ မီးလောင်တာစတဲ့ သတင်းမျိုးတွေ ဖြစ်ပါတယ်။တစ်နည်းအားဖြင့် ပြောရရင် လူ့အဖွဲ့အစည်းထဲမှာ မြင်သာတဲ့သတင်းမျိုးတွေ ဖြစ်ပါတယ်။

Soft News တွေကတော့ မြင်သာတဲ့သတင်းမျိုးဖြစ်ချင် ဖြစ်မယ်၊ မမြင်သာတဲ့သတင်းမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။ Soft News တွေကို Featureလို့လည်း ခေါ်ကြပါတယ်။ သတင်းဆောင်းပါးလို့ မြန်မာလိုဘာသာပြန်ကြပါစို့။

Hard News တွေက ဘာဖြစ်သွားတယ်ဆိုတဲ့ What ဆိုတဲ့မေးခွန်းကို ဖြေပေးတာဖြစ်ပြီး၊ Feature တွေကတော့ ဘာကြောင့်ဖြစ်တယ် Why နဲ့ ဘယ်လိုဆက်ဖြစ်နိုင်တယ် How ဆိုတဲ့မေးခွန်းတွေကို ဖြေပေးတာ ဖြစ်ပါတယ်။

သတင်းတိုတွေအချိန်မှီ Timely တင်ဆက်ကြရပြီး သတင်းဆောင်းပါးတွေကတော့ တကယ်ကောင်းရင် ဘယ်အချိန်ပြန်ဖတ်ဖတ်ကောင်းတဲ့ Timeless တွေဖြစ်ပါတယ်။

သတင်းတိုတွေက ရေခဲတုံးရဲ့ ရေမျက်နှာပြင်အပေါ်က အစိတ်အပိုင်းကိုပြပြီး သတင်းဆောင်းပါးတွေကတော့ ရေမျက်နှာပြင်အောက်က ကြီးမားတဲ့အစိတ်အပိုင်းကို ဖော်ပြကြပါတယ်။

နမူနာအားဖြင့် သတင်းတိုတွေက ဈေးတစ်ဈေးမီးလောင်တဲ့အကြောင်းဖော်ပြရင် သတင်းဆောင်းပါးကတော့ မြန်မာနိုင်ငံကဈေးတွေမှာ မီးဘေးကာကွယ်ရေးစနစ်အားနည်းတဲ့အကြောင်းနဲ့ မီးအာမခံရဲ့အကာအကွယ်အကြောင်းကိုရေးပြတာမျိုး ဖြစ်ပါတယ်။ နောက်နမူနာတစ်ခုက သတင်းတိုမှာ မြန်မာကျပ်ငွေဈေးကျဆင်းတဲ့အကြောင်းရေးရင် သတင်းဆောင်းပါးမှာတော့ ကျပ်ငွေဈေးကျဆင်းလို့ နိုင်ငံခြားကတင်သွင်းတဲ့ အိမ်သုံးဆေးဝါးတွေ အဆမတန်ဈေးတက်တာကြောင့် ပြည်သူတွေဘဝကို ထိခိုက်တာမျိုးကို ခြယ်မှုန်းပြတာဖြစ်ပါတယ်။

သတင်းတိုတစ်ပုဒ်က ရေကြီးလို့ပြည်သူတွေဒုက္ခရောက်တာကို ရေးပြရင် သတင်းဆောင်းပါးက မြန်မာနိုင်ငံနဲ့ ရာသီဥတုပြောင်းလဲမှု Climate Change ကို ရှင်းပြတာမျိုး ဖြစ်ပါတယ်။

ဒါကြောင့်သတင်းတိုတွေထက် သတင်းဆောင်းပါးတွေက ပိုရှည်ပါတယ်။ ပိုရှင်းပြတဲ့တာဝန်ကို ပြုလုပ်ကြပါတယ်။ နိုင်ငံတကာသတင်းခန်းတွေမှာတော့ သတင်းဆောင်းပါး တွေကို တည်းဖြတ်ဖို့ Feature Editorတွေကိုသီးခြားထားကြပါတယ်။

အတွေ့အကြုံနည်းသေးတဲ့သတင်းထောက်တွေကိုတော့ သတင်းဆောင်းပါးတွေကို ထုတ်လုပ်ခိုင်းလေ့ မရှိပါဘူး။ သတင်းအခန်းအသေးတွေမှာတော့ အဲဒီလောက်မကန့်သတ်နိုင်ဘဲ အားလုံးဝိုင်းလုပ်ကြရလေ့ ရှိပါတယ်။

(ဆက်လက်ဖော်ပြသွားပါမယ်။)

The Tanintharyi Times