“ဝန်ပိုတင်ထားတဲ့လှေတွေမှာ မလိုက်ဖို့ပဲ ပြောချင်ပါတယ်”
“ဝန်ပိုတင်ထားတဲ့လှေတွေမှာ မလိုက်ဖို့ပဲ ပြောချင်ပါတယ်”
ပုလောမြို့နယ်ထဲမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မြိတ်-ထားဝယ်- ရန်ကုန်လမ်းပိုင်းဟာ မကြာခဏဆိုသလို ရက်ရှည်ပိတ်လေ့ရှိပါတယ်။ ရက်ရှည်ဖြစ်လာတဲ့အခါ ခရီးသွားတချို့ဟာ ပုလောကနေတဆင့် မြိတ်ကို ရေလမ်းကနေ သွားလာတဲ့သူတွေရှိလာပါတယ်။ အဲဒီလို သွားလာရင်းနဲ့ အခုလ ၂၀ ရက်နေ့က ကျောက္ကာရွာအနီးမှာ ခရီးသည် ၉၀ ကျော်နဲ့ကုန်တွေပါလာတဲ့ ခရီးသည်တင်လှေတိမ်းမှောက်ခဲ့ပါတယ်။ လှေမှောက်ခဲ့တဲ့အခြေအနေတွေနဲ့ ရေလမ်းသွားလာမယ့်ခရီးသည်တွေသတိထားသင့်တဲ့အချက်တွေနဲ့ ပတ်သက်ပြီး ကူညီကယ်ဆယ်ရေးသမားတွေနဲ့ ရေလမ်းခရီးအတွေ့အကြုံရှိတဲ့သူတွေကို မေးမြန်းထားပါတယ်။
(တောင်ပိုင်းသားတို့အသံ)
မြိတ်မြို့ခံ ပရဟိတအဖွဲ့ဝင်တစ်ဦး
မေး – ကျောက္ကာရွာအနီးလှေတိမ်းမှောက်မှုမှာ ကူညီကယ်ဆယ်ရေးလုပ်တာပြီးသွားပြီလား။ ဒါနဲ့ပတ်သက်ပြီး ဘာတွေလုပ်နေကြလဲ။
ဖြေ – လှေမတွေ့လို့ကယ်ဆယ်ရေးရပ်လိုက်ပါပြီ။ ဒေသခံတွေကတွေ လှေတွေနဲ့ဆက်ရှာနေကြသေးတယ်။
မေး – ဒီလိုလှေတိမ်းမှောက်တဲ့ဖြစ်စဉ်က ဘာကြောင့်ဖြစ်တာလဲ။ ဘာလို့ လူအများကြီးသေရတာလဲ။ အခုလို လှေမှောက်တဲ့ဖြစ်စဉ်တွေ မကြာခဏကြုံရလေ့ရှိလား။
ဖြေ – အခုက ဝန်ပိုတင်လို့ဖြစ်တာ။ ဘယ်လောက်ထိဝန်ပိုတင်ထားလဲဆိုရင် လှေမှာပါတဲ့လူအားလုံးရဲ့စာရင်းရေးမှတ်ထားတာတောင်မရှိဘူး။ မြိတ်ဘက်ကမ်းကပ်ရင်းအစစ်ခံရမှာစိုးလို့လားတော့ မသိဘူး။ စာရင်းအပြည့်မရှိလို့ လှေပေါ်လူဘယ်နှယောက်ပါပြီး ဘယ်နှယောက်ပျောက်နေတယ်ဆိုတဲ့ အချက်အလက်မပြနိုင်တဲ့အထိပါ။ ဒီလိုဖြစ်စဉ်မျိုးတော့ မကြုံဖူးသေးဘူး။
မေး – ကျောက္ကာရွာအနီးလှေတိမ်းမှောက်မှုမှာ အာဏာပိုင်တွေဘက်က လာစစ်ဆေးတာမျိုးရှိလား။
ဖြေ – အာဏာပိုင်လားမပိုင်လားတော့ မပြောတတ်ဘူးဗျ။ အုပ်ချုပ်ရေးမှူးအဖွဲ့တွေတော့ ရှိနေတယ်။ လှေပေါ်လည်းလိုက်တယ်။ သူတို့တွေကတော့ နေ့တိုင်းရှိတယ်။
မေး – စစ်ကောင်စီဘက်က လာတာမျိုးကောရှိလား။
ဖြေ – စစ်ကောင်စီဘက်ကတော့ မတွေ့ပါဘူး။
မေး – ကျောက္ကာရွာအနီးလှေတိမ်းမှောက်မှုက ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ဘာအခက်အခဲတွေကြုံရလဲ။
ဖြေ – ရေငုပ်ကျွမ်းကျင်သမားမရှိတာပါ။ အခုကိစ္စမှာဆိုရင် ရေငုပ်ကျွမ်းကျင်သမားမရှိလို့ လှေမရှာနိုင်တာ ပျောက်ဆုံးသူတွေထပ်မရှာနိုင်တာလို့လည်း ပြောလို့ရတယ်။ တခြားကိစ္စတွေကတော့ အရမ်းကြီးအခက်တွေ့ရတာမျိုး မရှိဘူးဗျ။ စက်သုံးဆီ၊ ကျွန်တော်တို့နေဖို့ စားဖို့သောက်ဖို့ကတော့ ရွာသားတွေဘက်က အရမ်းတာဝန်ကျေကြပါတယ်။
မေး – မဖြစ်မနေ ရေလမ်းအသုံးပြုသွားလာရမယ်ဆိုရင် ဘာတွေသတိထားရမလဲ။ ဘယ်လိုအကြံပေးချင်လဲ။
ဖြေ – Life Jacket(သက်ကယ်အင်္ကျီ)လို့ခေါ်တာပေါ့နော်။ အဲဒီအင်္ကျီတွေကို passenger လှေတိုင်းမှာဆောင်ထားဖို့ လှေသမားတွေကိုပဲပြောချင်တာဗျာ။ ဝန်ပိုမတင်ဖို့နဲ့ မိုးလေဝသတင်းတွေနားထောင်ဖို့ကိုကျတော့ သူတို့လည်း သိပြီးသားပါ။ အတ္တစိတ်တွေလျှော့ကြဖို့ပဲ လိုတာပါ။ လှေနဲ့ခရီးသွားမယ့်သူတွေကတော့ ဝန်ပိုတင်ထားတဲ့လှေတွေမှာ မလိုက်ဖို့ပဲ ပြောချင်ပါတယ်ဗျာ။
ရေလမ်းနဲ့သွားလာလေ့ရှိတဲ့ လက္ကူးရွာခံအမျိုးသား
မေး – ပုံမှန်ဆို ပုလော-မြိတ်ကို ဘယ်လမ်းကသွားဖြစ်လဲ။ ဘယ်လိုအခြေအနေမျိုးတွေမှာ ရေလမ်းကသွားတာလဲ။
ဖြေ – ပုံမှန်ဆိုရင်တော့ အမှတ်(၈)လမ်းမကြီးအတိုင်းပဲပေါ့။ အခုလိုမျိုးရက်ရှည်ပွဲဖြစ်မှ ရေလမ်းကသွားတာ။ တစ်ရက်၊ နှစ်ရက်ပိတ်ပြီး ပြန်ဖွင့်ရင်တော့ ကိစ္စမရှိဘူးလေ။
မေး – ရေလမ်းက သွားရင် ဘယ်လိုအခက်အခဲတွေကြုံရလေ့ရှိလဲ။
ဖြေ – အခက်အခဲကတော့ အများကြီးမရှိပါဘူး။ လှိုင်းကြီးရင်တော့ တအားမူးတယ်။ လေဝန်းထဲမှာလိုက်ရတာဆိုတော့ အသက်ရှုကြပ်သလိုလိုမျိုးဖြစ်တယ်။ မိုးဒဏ်၊ လေဒဏ်၊ လှိုင်းဒဏ်နဲ့ အခန့်မသင့်ရင် ကျောက္ကာဖြစ်စဥ်လို အသက်ပါပေးရနိုင်တာပေါ့။
မေး – အခုလိုလှေမှောက်ပြီး လူသေဆုံးရှိခဲ့တဲ့ဖြစ်စဉ်အပြီးမှာ ရေလမ်းကသွားရတာ စိုးရိမ်စိတ်ရှိလား။
ဖြေ – ရှိတာပေါ့။ ဒါပေမယ့်လည်း မသွားလို့မှမရတာလေ။
မေး – အန္တရာယ်များလို့ ရေလမ်းအသုံးမပြုရဲဘူးဆိုရင် တခြားလမ်းကောရှိသေးလား။
ဖြေ – မရှိဘူး။ မြို့ကြီးတွေဆိုရင်တော့ လေကြောင်းရှိတာပေါ့။ ကျေးလက်တွေကတော့ ကုန်းနဲ့ရေပဲရှိတာလေ။
မေး – ရေလမ်းရောကုန်းလမ်းရော သွားလို့မရဘူးဆိုရင် ဘာတွေဖြစ်လာနိုင်လဲ။
ဖြေ – သွားလာလုပ်စားလို့မရတော့ဘူးဆိုရင် ရပ်ထဲရွာထဲရှိတာ လုပ်စားကိုင်စား မရှိရင် ငတ်ပေါ့။ ရေရှည်ဆိုရင်တော့ပြတ်တောက်နိုင်တာပေါ့။ အလွန်ဆုံးတစ်လလောက်တော့ခံနိုင်မယ်ထင်တယ်။ ဘာလို့ဆို မြိတ်ဘက်သွားလို့ မရပေမယ့် ထားဝယ်ခြမ်းက လမ်းပေါက်နေသေးတာကိုး။
မေး – ကားလမ်းဖွင့်ချိန်နဲ့ ပိတ်ထားချိန်တွေမှာ လှေတွေက ဘယ်လိုပုံစံနဲ့ဆွဲကြလဲ။ ပုလော-မြိတ်ဆိုရင် ဘယ်လောက်ပေးရလဲ။
ဖြေ – ပုလောကနေ မြိတ်ကို speed boat တွေက ကားလမ်းအခြေနေမကောင်းမှ urgent(အရေးတကြီး)ထဆွဲပေးတာပါ။ ပုလော- မြိတ်ဆိုရင် တစ်ယောက်ကို ၁၂၀၀၀၀ ကျပ်ပေးရတယ်။
ရေလုပ်ငန်းအတွေ့အကြုံ နှစ်သုံးဆယ်ခန့်ရှိတဲ့ ကျောက္ကာရွာခံပဲ့နင်း
မေး – ပုံမှန်ဆို ပုလော-မြိတ်ကို ဘယ်လမ်းကသွားဖြစ်လဲ။ ဘယ်လိုအခြေအနေမျိုးတွေမှာ ရေလမ်းကသွားတာလဲ။
ဖြေ – ကျနော်ကတော့ ရေလုပ်သမားဆိုတော့ ရေလမ်းကနေပဲ ငါးတွေပုဇွန်တွေပို့တယ်။ လှေပိုင်လည်းရှိတော့ ရေလမ်းကပဲသွားဖြစ်တယ်။
မေး – ရေလမ်းက သွားရင် ဘယ်လိုအခက်အခဲတွေကြုံရလေ့ရှိလဲ။
ဖြေ – အခက်အခဲကတော့ သိပ်မရှိပါဘူး။ အဓိကက မိုးလေဝသကြေညာချက်တွေကို မလွတ်တမ်းနားထောင်ဖို့နဲ့ ရေတက်ရေကျချိန်ပြီးသွားလာတတ်ဖို့လိုတာပါ။ စစ်သင်္ဘောတွေရှုပ်နေတဲ့အချိန်မျိုးဆိုရင်တော့ သင်္ဘောနဲ့ မတွေ့မိအောင် သွားရတယ်။
မေး – ကျောက္ကာရွာအနီးလှေမောက်တဲ့ ကိစ္စကဘယ်လိုဖြစ်တာလဲ။ ဘာကြောင့်လူသေဆုံးရတဲ့အထိဖြစ်ခဲ့တာလဲ။
ဖြေ – လူပိုတင်လို့ဖြစ်တာပါ။ လှေရှင်နဲ့ ပဲ့နင်းတွေဘက်ကတော့ လူတွေကိုတားလို့မရဘူး၊ လှေပေါ်အတင်းတက်လိုက်ကြတယ်ဆိုပြီး ဖြောင့်ချက်ပေးတယ်။ ခရီးသည်တွေဘယ်လောက်တက်တက် ဒီလှေက ဝန်ဘယ်လောက်တင်လို့ရတယ်ဆိုတာ ပဲ့နင်းက သိပြီးသား။ ပဲ့နင်းက ဆုံးဖြတ်ရမယ်။ ဘယ်လောက်တားတားမရရင် ဒီလှေမထွက်တော့ဘူးဆိုတာမျိုး သူ့မှာဆုံးဖြတ်ခွင့်ရှိတယ်။ အဓိက က သူ့ကြောင့်ဖြစ်တာ။ ကျနော်တော့ဒီလိုပဲမြင်တယ်။
မေး – အန္တရာယ်များလို့ ရေလမ်းအသုံးမပြုရဲဘူးဆိုရင် တခြားလမ်းကောရှိသေးလား။
ဖြေ – ကုန်းလမ်းရော ရေလမ်းရော သုံးလို့မရတော့ဘူးဆိုရင်တော့ ပုလောကနေ တခြားနေရာတွေသွားလာလို့က တခြားလမ်းမရှိပါဘူး။
မေး – ရေလမ်းရောကုန်းလမ်းရော သွားလို့မရဘူးဆိုရင် ဘာတွေဖြစ်လာနိုင်လဲ။
ဖြေ – ကုန်ခြောက်တွေပြတ်လပ်လာမှာပေါ့။ အခြောက်အခြမ်းတွေကျတော့ မြိတ်ဘက်ကတင်တာလေ။ ကျနော်တို့လည်း စီးပွားရေးနားလိုက်ရပြီး ဝင်ငွေမရှိတော့တာမျိုးဖြစ်သွားမှာပေါ့။
မေး – ကားလမ်းဖွင့်ချိန်နဲ့ ပိတ်ထားချိန်တွေမှာ လှေတွေက ဘယ်လိုပုံစံနဲ့ဆွဲကြလဲ။ ပုလော-မြိတ်ဆိုရင် ဘယ်လောက်ပေးရလဲ။
ဖြေ – ကျောက္ကာ-မြိတ် passenger လှေကတော့ ကားလမ်းပိတ်ပိတ်မပိတ်ပိတ် နေ့တိုင်းထွက်တယ်။ ပုလော-မြိတ်က အမြဲမရှိဘူး ။ ကားလမ်းပိတ်တဲ့အချိန်ကျမှ speed boat ဆွဲပေးတာ။ လူတစ်ယောက်ကိုတစ်သိန်းဝန်းကျင်လောက်တော့ ပေးရတယ်ပြောတယ်။ speed boat တွေကတော့ လူကိုဆံ့သလောက်ပဲတင်နေတာတွေ့ရတယ်။
The Tanintharyi Times