“စစ်မှုထမ်းဖို့ ခေါ်လာမှန်းသိရတာက တပ်ထဲရောက်မှ စာရွက်တွေမှာ ဖတ်ကြည့်ရမှ သိရတာဗျ။”

“စစ်မှုထမ်းဖို့ ခေါ်လာမှန်းသိရတာက တပ်ထဲရောက်မှ စာရွက်တွေမှာ ဖတ်ကြည့်ရမှ သိရတာဗျ။”

အခုနှစ် ဖေဖော်ဝါရီလထဲမှာ စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို အတည်ပြုပြီးနောက်ပိုင်း တနင်္သာရီတိုင်းထဲမှာလည်း ဒေသအလိုက်၊ မြို့ရွာအလိုက် စစ်မှုထမ်းဖို့ မဲနှိုက်ရွေးချယ်ခံရသူတွေ အများအပြားရှိခဲ့ပါတယ်။ ဒါ့အပြင် မဲနှိုက်ရွေးချယ်ခံရတာမျိုးမဟုတ်ဘဲ အတင်းအဓမ္မဖမ်းဆီးခံရပြီး တပ်သားသစ်စုဆောင်းခံရတာတွေလည်း ရှိနေပြန်ပါတယ်။

စစ်မှုထမ်းဖို့ အတင်းအဓမ္မ ခေါ်ဆောင်ခံရတဲ့လူငယ်တွေ၊ ဖမ်းဆီးခံရတဲ့ လူငယ်တွေအနေနဲ့ ဘာတွေ ရင်ဆိုင်ကြုံတွေ့ခဲ့ရသလဲ၊ သူတို့စိုးရိမ်နေတာက ဘာတွေလဲ။ ဒါတွေကို သိနိုင်ဖို့အတွက် မြိတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီ ထွက်ပြေးခိုလှုံလာတဲ့ စစ်ကောင်စီရဲ့ တပ်သားသစ်စုဆောင်းခြင်းခံခဲ့ရသူ မြိတ်မြို့ခံလူငယ်နှစ်ဦးကို မေးမြန်းပြီး တောင်ပိုင်းသားတို့အသံ အစီအစဉ်ကနေ ဖော်ပြလိုက်ပါတယ်။

(တောင်ပိုင်းသားတို့အသံ)

▪️ကိုသက်ခိုင် (အမည်လွှဲ)

အသက် ၂၃ နှစ်

မြိတ်မြို့ပေါ်မှာ အဓမ္မဖမ်းဆီးခံရပြီး တပ်သားစုဆောင်းခံရတဲ့ မြိတ်မြို့ခံအမျိုးသား

မေး – တပ်သားစုဆောင်းခံရတာ ဘယ်တုန်းကလဲ။

ဖြေ – လှေလိုက်ပြီး ကမ်းပြန်အတက် မြိတ်မြို့ပေါ်မှာ အဖမ်းခံရတာ။ ကျနော်ပင်လယ်ကတက်လာတော့ သူငယ်ချင်းတွေနဲ့ လမ်းလည်သွားမယ်ဆိုပြီး တယောက်တည်း ထွက်ချလာတာ။ အဲ့မှာ လမ်းမှာ ကျနော့်ကို ဆွဲသွားတာ။ အချိန်က ညနေ ၅ နာရီဝန်းကျင်လောက်ရှိပြီ။ အဖမ်းခံရတာကတော့ ရက်ပေါင်း ၂၀ ကျော်လောက်ပဲ ရှိပါသေးတယ်။ တစ်လနီးပါးပေါ့။

မေး – တပ်သားသစ်စုဆောင်းတဲ့အထဲကို ဘယ်လိုပုံစံနဲ့ပါသွားလဲဆိုတာ ပြောပြပေးပါလား။ ကိုယ့်ဆန္ဒနဲ့ ကိုယ်လိုက်သွားတာလား။ အဓမ္မ ခေါ်ခံရတာလား။

ဖြေ – အဖမ်းခံရတဲ့အချိန်က ကျနော်တစ်ယောက်တည်းရှိနေတာ။ အဖော်မပါဘူး။ လမ်းပေါ်မှာ လူတွေတော့ ရှိနေတာပေါ့။ သူတို့လည်း ဒီတိုင်းပဲကြည့်နေကြတယ်။ အဲ့မှာ ဆိုင်ကယ်တစ်စီးနဲ့ လူတစ်ယောက် အရင်ရောက်လာတယ်။ ပြီးမှ ဆိုင်ကယ်သုံး၊ လေးစီးလောက် ထပ်ရောက်လာတာ။ အရပ်ဝတ်နဲ့ လူ သုံးလေးယောက် ရောက်ချလာပြီး ကျနော့်ကို ဖမ်းတယ်လို့ ပြောတယ်ဗျ။ ကျနော်ကလည်း ကျနော့်မှာ ဘာအပြစ်ရှိလို့ ဖမ်းတာလဲ ပြန်မေးတော့ စစ်ဆေးစရာရှိလို့ ပြီးရင် ပြန်လွှတ်ပေးမယ်ပြောတယ်။ အဲ့တော့ ကျနော်လည်း လိုက်သွားတာပေါ့။ ဖမ်းတဲ့သူတွေက အရပ်ဝတ်နဲ့ဆိုတော့ ဘယ်သူ ဘယ်ဝါမှန်းလဲ မသိရဘူး။ ရုံးရောက်တော့မှ စစ်ယူနီဖောင်းတွေပြတယ်။ အဲ့တော့မှ စစ်သားလို့ပဲ မှတ်လိုက်တာ။ ခေါ်သွားတဲ့ရုံးကလည်း မြိတ်မြို့ပေါ်ကဆိုတာတော့ သိတယ်။ ညဘက်ကြီးဆိုတော့ ဘယ်ရပ်ကွက်က ရုံးမှန်းလည်း မသိဘူးဗျ။ ရောက်တာနဲ့ ခြေထောက်တဖက်ကို ထိပ်တုံးခတ်ပြီး ထားထားလိုက်တယ်ဗျ။ ကျနော်လည်း မနက်လင်းရင် ပြန်လွှတ်ပေးမယ်ဆိုတော့ ဒီတိုင်းပဲ နေနေလိုက်တာ။

မေး – ဘယ်ကို ခေါ်သွားလဲ၊ ပြီးတော့ ဘာတွေလုပ်ခိုင်းတာတွေရှိလဲ၊ ဘယ်လိုမျိုးနေခဲ့ရလဲဆိုတာ အသေးစိတ်လေးပြောပြပေးလို့ ရမလား။

ဖြေ – အဖမ်းခံရပြီး နောက်နေ့မနက်ပဲ ကားပေါ်ကောက်တင်ပြီး စစ်တပ် (ရွှေဒူးရွာ၊ တိုက်/စည်းတပ်ရင်း) ထဲခေါ်သွားတာဗျ။ မပို့ခင် ကျနော့်မှာပါလာတဲ့ ပိုက်ဆံနဲ့ ဖုန်းတွေ သူတို့ယူလိုက်တယ်။ ပြီးတော့ ပိုက်ဆံထပ်တောင်းပြီး လာထုတ်ခိုင်းတယ်။ ကျနော်ကလည်း မိသားစုနဲ့လည်း မဆက်သွယ်ဖြစ်တော့ ခေါ်သွားခံရတာ။ စစ်မှုထမ်းဖို့ ခေါ်လာမှန်းသိရတာက တပ်ထဲရောက်မှ စာရွက်တွေမှာ ဖတ်ကြည့်ရမှ သိရတာဗျ။

မေး – စစ်သင်တန်းမှာ ဘာတွေသင်ရလဲ။ စစ်သားတွေက ဘယ်လိုမျိုးဆက်ဆံလဲ ။

ဖြေ – ကျနော်က သင်တန်း မတက်ရသေးဘူးဗျ။ အဲ့ရွှေဒူးတပ်ရင်းထဲမှာ ဖမ်းပြီး လူအရင်စုထားတာ။ ပြီးမှ သင်တန်းပို့မယ်လို့ ပြောတယ်ဗျ။ အဲ့တပ်ထဲကိုရောက်တော့ ဆေးစစ်တာ၊ သွေးစစ်တာတွေ လုပ်ရတယ်။ လက်ဗွေနှိပ်ရတယ်။ ပြီးတော့ မှတ်ပုံတင် ကိုယ်ရေးအချက်အလက်တွေယူတယ်။ နောက်ပြီးတော့ စစ်မှုထမ်းဖို့အတွက် လက်မှတ်လည်း ထိုးရသေးတယ်။ စာရွက်မှာက အင်္ဂလိပ်လိုတွေရေးထားတော့ ကျနော် နားမလည်ဘူး။ အရိုက်ခံရမှာစိုးလို့ ဒီတိုင်း လက်မှတ်ထိုးပေးလိုက်တယ်။ အဲ့မှာနေတဲ့အတောအတွင်းတော့ အဆောင်မှာနေရသလိုပဲ။ သန့်ရှင်းရေးတွေ ၊ မြက်ပေါက်ခိုင်းတာတွေတော့ လုပ်ခိုင်းတယ်။ ကျန်တာဘာမှ မလုပ်ရဘူး။

မေး – အကိုတို့လို တပ်သားစုဆောင်းခံရတဲ့ မြိတ်မြို့ခံ လူငယ်တွေ ထပ်ရှိသေးလား။ ဘယ်က လူတွေများလဲ။ အမျိုးသမီးတွေရော ပါလား။

ဖြေ – ဟိုရောက်သွားတော့ အဖမ်းခံရတာက ကျနော်တစ်ယောက်တည်းမဟုတ်ဘူး ။ ဘိတ်(မြိတ်)က အဖမ်းခံထားရတဲ့ သူတွေ အများကြီးပဲရှိနေသေးတယ်။ လူ ၇၀ ကျော် ၈၀ နီးပါးလောက်ရှိတယ်။ ပုလောက ၁၂ ယောက်ပါတယ်။ ကျနော်ရောက်တဲ့ချိန်ဆို ပုလောက သုံးယောက်က ထွက်ပြေးသွားပြီသိရတယ်။ ကျနော်တို့ အသက်အရွယ် လောက်တွေပဲ။ အသက် ၃၀ ဆို အကြီးဆုံးပဲ။ ယောင်္ကျားတွေချည်းပဲ။ အဲ့တုန်းက လူစုတုန်းပဲ။ လူတစ်ရာကျော်ရင် သင်တန်းပို့မယ်ပြောတယ်။

မေး – တပ်ရင်းမှာ ဖမ်းဆီးခံထားရတဲ့ ကာလ တလျှောက်လုံး ဘာတွေတွေးမိလဲ။ ဘာတွေခံရစားရလဲ။

ဖြေ – အဲ့ရွှေဒူးတပ်မှာပဲ ရက်နှစ်ဆယ်လောက်နေလိုက်ရတယ်။ အဲ့မှာရှိနေတုန်းက သူတို့ကတော့ လစာပေးမယ်တို့၊ ပိုက်ဆံရမယ်တို့ဆိုပြီး စကားလှတွေနဲ့ ဆွယ်တယ်ဗျ။ ကျနော့်စိတ်ထဲမှာတော့ အစကတည်းကလည်း သွားချင်လို့သွားရတာမဟုတ်ဘူးလေ။ အထဲရောက်သွားတော့ ပိုစိတ်ညစ်တာပေါ့။ ကျနော်ကတော့ ရတာနဲ့ပြေးဖို့ လမ်းပေါက်ရှာနေတာပဲ။ ကျနော့်အိမ်က ပထမအကြိမ် လာထုတ်တာလည်း သူတို့လက်မခံဘူး။ သိန်းတစ်ရာနဲ့ ထုတ်တာမရဘူး။ အိမ်ကနောက်တကြိမ်လာထုတ်တော့ ကျနော်က ထွက်ပြေးပြီးသွားပြီဗျ။

မေး – အစ်ကိုနဲ့ အတူတူ အဖမ်းခံထားရသူတွေရော ဘာတွေပြောနေကြလဲ။ သူတို့ရဲ့ စိတ်အခြေအနေကရော ဘယ်လိုရှိလဲ။

ဖြေ – ထွေထွေထူးထူးတော့မရှိဘူး။ တပ်တွင်းက အပြင်လည်း မထွက်ရဘူး။ ထွက်ပြေးဖို့ပဲ တိုင်ပင်ကြတယ်။

မေး – ဘာကြောင့် ထွက်ပြေးဖို့ဆုံးဖြတ်လိုက်တာလဲ။ ဘယ်တုန်းက စပြီး ထွက်ပြေးဖို့တွေးခဲ့တာလဲ။

ဖြေ – ကျနော်က စစဝင်ကတည်းက ထွက်ပြေးဖို့ တွေးတာပဲ။ အမြဲ သေချာလိုက်ကြည့်နေတာ။ ဘယ်ကဘယ်လို ပြေးလို့ရလဲဆိုတာ။

မေး – ဘယ်လိုထွက်ပြေးလာလဲ ။ ထွက်ပြေးတဲ့လမ်းတောက်လျှောက်မှာရော ဘာတွေကြုံခဲ့ရသေးလဲ။

ဖြေ – အဲ့နေ့က ညဘက်ကြီးကို မိုးတွေတော်တော်ရွာနေတာဗျ။ အဲ့မှာ ကျနော်ကြိုကြည့်ထားတဲ့ နေရာကနေ ကျနော့်သူငယ်ချင်းနဲ့ နှစ်ယောက်အတူတူထွက်ပြေးလာတာဗျ။ ငါးမိနစ်လောက်ကြတော့ သူတို့သိသွားတော့ အနောက်ကနေ အသည်းအသန်လိုက်ကြတယ်။ ကျနော်လည်း ကိုယ်မှာပါလာတဲ့ လေးလံတာတွေ အကုန်ပစ်ချပြီး အသားကုန်ပြေးတာပဲ။ လမ်းမှာ ကျနော့်သူငယ်ချင်းနဲ့ ကျနော်နဲ့ လူကွဲသွားတယ်ဗျ။ သူလည်း ပြန်မမိလောက်ဘူးထင်တာပဲ။ တောက်လျှောက်ပြေးလာပြီး ည ၂ နာရီလောက်ကြီးကို ကားလမ်းပေါ်တက်လိုက်တော့ စစ်သားတွေနဲ့ ပြန်တိုးတယ်ဗျ။ ကျနော် အသည်းအသန်ပြန်ပြေးတာ လဲကျပြီးတော့ ခြုံတစ်ခုထဲ ဝပ်နေလိုက်တယ်ဗျ။ သူတို့ အဲ့အနီးနားမှာ ပတ်ရှာတာ ကျနော့်ကို မမြင်ဘူး။ လွတ်သွားတယ်ပေါ့။ ပြီးတော့မှ သူတို့ထွက်သွားတော့မှ ကျနော် သစ်ပင်တွေပေါ် တက်ပြီး သူတို့နဲ့ လွတ်တဲ့ လမ်းတွေရှာပြီး သွားတယ်ဗျ။ ဒီကြားထဲ လမ်းကတွေ့တဲ့လူ အကူအညီတောင်းပြီး ဆက်သွားတယ်ဗျ။

မေး – ထွက်ပြေးလွတ်မြောက်လာပြီးနောက်ပိုင်း ဘယ်လိုနေထိုင်နေလဲ။ လက်ရှိရော ဘယ်လိုခံစားနေရလဲ။ စိတ်အခြေအနေက ဘယ်လိုရှိနေလဲ။

ဖြေ – လွတ်လာတော့ သူ့တို့ဆီမှာနေတုန်းကလို မလွတ်လပ်တာမခံစားရဘူးပေါ့ဗျ။ ပျော်တယ်။

မေး – နောက်ထပ် ဖြည့်ပြောချင်တာ ရှိရင် ပြောပေးပါ။

ဖြေ – အဲ့လိုတော့ ပြောလို့မတတ်ဘူးဗျ။

▪️ကိုချမ်းကို (အမည်လွှဲ)

အသက် ၂၅ နှစ်

စစ်မှုထမ်းဖို့ ရပ်ကွက်မှာ မဲပေါက်တယ်ဆိုပြီး ခေါ်ဆောင်ခံရသူ မြိတ်မြို့ခံအမျိုးသား

မေး – တပ်သားစုဆောင်းခံရတာ ဘယ်တုန်းကလဲ။

မေး – သုံးလပိုင်းထဲမှာပါ။ ရက်အတိအကျတော့မမှတ်မိဘူး။ သင်္ကြန်မတိုင်မီလောက်တုန်းကပါ။ စစ်မှုထမ်းဖို့ မဲပေါက်တာပါ။

မေး – တပ်သားသစ်စုဆောင်းတဲ့အထဲကို ဘယ်လိုပုံစံနဲ့ပါသွားလဲဆိုတာ ပြောပြပေးပါလား။ ကိုယ့်ဆန္ဒနဲ့ ကိုယ်လိုက်သွားတာလား။ အဓမ္မ ခေါ်ခံရတာလား။

ဖြေ – ကျနော့်ကို စစ်မှုထမ်းဖို့မဲပေါက်တယ်လို့ ဆယ်အိမ်မှူးက လာပြောတယ်။ ကျနော် ထွက်ပြေးရမလား စဥ်းစားသေးတယ်။ ဒါပေမဲ့ အိမ်မှာ မိသားစုနဲ့ မိဘရှိနေသေးတော့ သင်တန်းတက်ဖို့ လိုက်သွားလိုက်တယ်။

မေး – ဘယ်ကို ခေါ်သွားလဲ၊ ပြီးတော့ ဘာတွေလုပ်ခိုင်းတာတွေရှိလဲ၊ ဘယ်လိုမျိုးနေခဲ့ရလဲဆိုတာ အသေးစိတ်လေးပြောပြပေးလို့ ရမလား။

ဖြေ – စစ်သင်တန်းမပို့ခင် မြိတ်မြို့က (၁၀၁) တပ်ထဲမှာ နှစ်ပတ်လောက်နေလိုက်ရသေးတယ်။ နှစ်ပတ်ကြာပြီးတော့ ပလောက်က စစ်သင်တန်းကျောင်း (ပလောက်မြို့အခြေစိုက်၊ တန်းမြှင့်စစ်သင်တန်းကျောင်း တကက-၁၂) ကို ပို့ပါတယ်။ သင်တန်းကို သုံးလကျော်ကျော်လောက် တက်လိုက်ရတယ်။ အတိအကျဆိုရင် ၃ လနဲ့ ၁၇ ရက်ပါ။

မေး – စစ်သင်တန်းမှာ ဘာတွေသင်ရလဲ။

ဖြေ – သင်တန်းအစမှာဆိုရင် လက်နက်ငယ်ပစ်တာ အရင်သင်ရတယ်။ ပြီးတော့ စစ်ရေးဗျူဟာက တစ်လကျော်လောက်သင်ရတယ်။ နောက်ဆုံးကြတော့ ဗုံးတွေ၊ မိုင်းတွေအကြောင်းသင်ရတယ်ဗျ။ ကျနော်တို့ကို စာတွေ့ရော လက်တွေ့ရော သင်ပေးတယ်ဗျ။ သေနတ်တွေကို ဖြုတ်တာ၊ တပ်တာတွေရော သင်ပေးတယ်။ အကုန်သင်ပေးပါတယ်။

မေး – သင်တန်းမှာ သင်တန်းသား ဘယ်လောက်လောက်ရှိလဲ။ ဘယ်က လူတွေများလဲ။ အမျိုးသမီးတွေရော ပါလား။

ဖြေ – ကျနော်တို့ အပတ်စဥ် (၁) သင်တန်းမှာ ဘိတ်(မြိတ်)ကလူငယ်တွေချည်းပဲ အယောက် ၉၀ ကျော်လောက် ရှိတယ်ဗျ။ သင်တန်းသားအားလုံးစုစုပေါင်းက ၂၁၇ ယောက်ရှိတယ်ခင်ဗျား။ အမျိုးသမီးမပါဘူးဗျ။

မေး – သင်တန်းမှာ (စစ်ကောင်စီ)စစ်သားတွေက ဘယ်လိုမျိုးဆက်ဆံလဲ။

ဖြေ – သူတို့က ဘယ်လိုမျိုးဆက်ဆံလဲဆိုတော့ အချို့ ကောင်းတဲ့လူတဲ့လည်းရှိတယ်။ ကောင်းတဲ့ ဗိုလ်ကြီးတယောက်နဲ့ ဗိုလ်လေးတယောက်ရှိတယ်။ သူတို့ သင်တန်းပေးတဲ့အချိန်မှာ ပုံမှန်ပဲဆက်ဆံတာပေါ့။ ဆိုးတဲ့သူတွေကြတော့ နှိပ်စက်၊ ခြိမ်းခြောက်တာတွေရှိတယ်။ အရက်သောက်ကြတယ်။ မူးလာရင် ဆဲတာဆိုတာ မှောက်ခုံဝပ်ပြီး ကြိမ်လုံးနဲ့ ရိုက်တာတွေရှိတယ်။

မေး – စစ်သင်တန်းတက်နေတဲ့ကာလ တလျှောက်လုံး ဘာတွေတွေးမိလဲ။ ဘာတွေခံစားရလဲ။

ဖြေ – ကျနော်မှာက အရင်ကတည်းက စစ်သားဖြစ်ချင်တဲ့ ရည်မှန်းချက်ရှိဖူးတယ်။ စစ်သင်တန်းမတက်ခင်ကတည်းကပေါ့နော်။ စစ်သင်တန်းလည်း တက်ပြီးရော ရှေ့တန်းရောက်တော့ စစ်သားတွေရဲ့ ပြည်သူတွေကို ဆက်ဆံပုံတွေ ကျနော်မကြိုက်ဘူးဗျ။ ပြည်သူတွေကို သေနတ်နဲ့ခြိမ်းခြောက်တာ၊ မတရားလုပ်တာတွေကို ကျနော် မျက်စိနဲ့ တပ်အပ်မြင်ရတယ်။ အဲ့ဒါတွေကို ကျနော်မကြိုက်လို့ ထွက်ပြေးလာတာပါ။

မေး – ဘယ်အချိန်မှာ သင်တန်းပြီးတာလဲ။ သင်တန်းပြီးတော့ရော ဘာတွေလုပ်ခိုင်းသေးတာလဲ။

ဖြေ – သင်တန်းဆင်းပြီးတဲ့ချိန်ကြတော့ (၁၀၃)တပ်ကို ပြန်ပို့ခံရတယ်။ အဲ့မှာနှစ်လလောက်ကြာတယ်။ ပြီးတော့ တုံးဗျောကြီးစစ်ကောင်စီစခန်းကို ပို့ခံရတယ်ဗျ။

မေး – သင်တန်းဆင်းပြီးတဲ့အချိန် ဘယ်လောက်အကြာမှာ ရှေ့တန်းကို ပို့ခံရတာလဲ။ ဘယ်နေရာကို ပို့ခံရတာလဲ။ အဲဒီနေရာတွေကို သွားတဲ့အချိန်မှာရော ဘယ်လိုသွားရတာလဲ။

ဖြေ – တုံးဗျောကြီး စစ်ကောင်စီစခန်းကိုရောက်ပြီးတော့ ရှေ့တန်းကို စစ်ကြောင်းထိုးရာမှာ တစ်ခါပါဖူးတယ်ဗျ။ မြိတ်-တနင်္သာရီဘက်ပဲ။ ကားနဲ့ရော၊ ခြေလျင်ရောပဲ။

‌မေး – ရှေ့တန်းကို ပို့တဲ့အချိန်မှာ ဘာတာဝန်ပေးတာလဲ။

ဖြေ – ကျနော် ရှေ့ပွိုင့်ပြေးရတယ်ဗျ။ ပြီးတော့ တောင်ပေါ်တွေတက်ပြီးတော့ PDF တွေရှိတဲ့နေရာတွေကို လိုက်ကြည့်ရတယ်။ အဲ့ဒါတွေလုပ်ရတယ်။

မေး – အတူတူ သင်တန်းဆင်းတဲ့ မြိတ်မြို့ခံ ၉၀ ကျော်ကရော တာဝန်တူတူ ပြန်ကျလား။ ဘယ်နေရာတွေ တာဝန်ကျသွားလဲ။

ဖြေ – (၁၀၃) တပ်နဲ့ တုံးဗျောကြီးစခန်းကို တူတူ တာဝန်ကျတာက ဘိတ်(မြိတ်)က ၇ ယောက်လောက်ရှိတယ်ဗျ။ ကျန်တဲ့ ကျနော်တို့ ဘိတ်(မြိတ်)ကသူတွေက ဟိုး အထက်ဘက်ခြမ်းတွေ ပို့ခံရတယ်ဗျ။ နေရာစုံပဲ ပါသွားကြတာ။ တိုက်ပွဲပြင်းထန်တဲ့နေရာတွေပဲ။ ရခိုင်တို့ ၊ ကရင်တို့ဘက်တွေလည်း ပါတယ်ကြားတယ်။ သူတို့က အထက်ဘက်က သင်တန်းဆင်းတဲ့သူတွေကို တနင်္သာရီဘက်တွေပို့တယ်။ ကျနော်တို့ တနင်္သာရီကသူတွေကြတော့ ဟိုးအပေါ်ဘက်တွေ လျှောက်ပို့တယ်ဗျ။ သူ့နေရာ သူပြန်မချပေးဘူး။

မေး – ဘာကြောင့် ထွက်ပြေးဖို့ဆုံးဖြတ်လိုက်တာလဲ။ ဘယ်တုန်းက စပြီး ထွက်ပြေးဖို့တွေးခဲ့တာလဲ။

ဖြေ – ရှေ့တန်းထွက်ရတော့ သူတို့က ပြည်သူကို ဘယ်လိုဆက်ဆံလဲဆိုတော့ မိုက်မိုက်ရိုင်းရိုင်း ဆဲဆို ခြိမ်းခြောက်တာတွေရှိတယ်။ ဖမ်းတာဆီးတာ၊ သေနတ်ဒင်နဲ့ထုတာတွေ တွေ့ရတယ်။ ဒေသခံတွေကို သေနတ်နဲ့ ပစ်လိုက်တာတွေလည်း ကြုံရတယ်။ အဲ့မှာကျတော် စပြီး ထွက်ပြေးဖို့ တွေးဖြစ်တာပါ။

မေး – ဘယ်လိုထွက်ပြေးလာလဲ။ ထွက်ပြေးတဲ့လမ်းတောက်လျှောက်မှာရော ဘာတွေကြုံခဲ့ရသေးလဲ။

ဖြေ – ကျနော် ကင်းစောင့်ရတဲ့အချိန်မှာထွက်ပြေးတာပါ။ ကင်းက ညနေ ၆ နာရီကနေ ည ၁၁ နာရီအထိ စောင့်ရတယ်ဗျ။ ကျနော့်ကင်းချိန်ပြီးတော့ လူချိန်းပြီးတာနဲ့ ပြေးတာပါ။ ပြေးလာတာကတော့ ကျနော်တယောက်တည်းပါပဲ။ ခြေလျင်နဲ့ပဲ ထွက်ပြေးလာတာ။ ကျနော့်ကိုတပ်ဆင်ပေးထားတဲ့ လက်နက်တွေပါ သယ်ပြီးပြေးတယ်ပေါ့။ လက်နက်ကတော့ သင်တန်းဆင်းပြီးတာနဲ့ တပ်ပေးထားတာပဲဗျ။

မေး – ထွက်ပြေးလွတ်မြောက်လာပြီးနောက်ပိုင်း ဘယ်လိုနေထိုင်နေလဲ။ လက်ရှိရော ဘယ်လိုခံစားနေရလဲ။ စိတ်အခြေအနေက ဘယ်လိုရှိနေလဲ။

ဖြေ – ကျနော် တုံးဗျောစခန်းမှာရှိနေတုန်းကဆိုရင် မိဘနဲ့လည်း အမြဲတွေ့ရတယ်ဗျ။ မိဘတွေနဲ့ အမြဲတွေ့နေရတာတောင် စိတ်ချမ်းမသာဘူးပေါ့။ အမြဲစိတ်ဆင်းရဲနေတယ်။ ပျော်ရွှင်မှုနည်းတယ်ပေါ့ ။ အဲ့ဒီမှာ စစ်မှုထမ်းတုန်းက ၁၀၀ မှာ ၉၉ ရာခိုင်နှုန်းလောက်က စိတ်ညစ်စရာတွေချည်းပဲ။ အခု ကျနော်ဒီဘက်ကို ရောက်လာတော့ ကျနော်လွတ်မြောက်သွားတာကို ခံစားရတယ်။ ပျော်ရွှင်မှုလည်း ရှိလာတယ်။

မေး – နောက်ထပ် ဖြည့်ပြောချင်တာ ရှိရင် ပြောပေးပါ။

ဖြေ – မရှိပါဘူး။

The Tanintharyi Times