နတ်သမီးပုံပြင်

နတ်သမီးပုံပြင်

သူမတစ်ယောက်တည်း ငေးမောနေသည်မှာ သုံးနာရီခန့်ရှိမည်ထင်သည်။ သို့မဟုတ် လေးနာရီခန့်ရှိပြီ။ ထားလိုက်တော့ အချိန်တွေကိုလည်း သူမ မသိချင်။ သူမ အာရုံစိုက်နေသည်က  သူမတို့စခန်းလေးသို့ ဝင်လာရာလမ်းကိုသာ။ 

အရှေ့တည့်တည့်ကိုသာ ငေးကြည့်နေသည့်အတွက် အမြင်အာရုံများ ဝေဝါးလာသော်လည်း အကြည့်မပြတ်။ စခန်းအဝင် ညောင်ပင်ကြီးအောက်က ကွပ်ပျစ်လေးပေါ်ထိုင်ရင်း အေးမှန်းမသိအေးလာသည်။

မနွယ်က ပခုံးပေါ်ကို စောင်လေးလာခြုံပေးမှ အသိဝင်လာသော်လည်း မျက်ခြေပြတ်သွားမည်စိုးသဖြင့် မနွယ်ကိုပင် လှည့်မကြည့်ဝံ့။ “ညီမလေး အေးရေ၊ ပြန်ကြရအောင်ကွယ်။ မှောင်လှပြီ ထမင်းစားပြီးနား၊ မနက်မှ ပြန်လာစောင့်နော်”

မနွယ်တွဲခေါ်လာရာသို့ ပါလာသော်လည်း စကားတစ်ခွန်းမှ မပြောမိ။ သူမစိတ်အစဉ်က စခန်းအဝင် လမ်းလေး၌သာ။

“မောင်” အရပ်က ၆ပေနီးနီး လူညိုချောလေး။ ပြုံးလိုက်လျှင် ပါးချိုင့်လေးနှင့် ဖွေးကနဲပေါ်လာသော သွားတက်လေးက အသည်းယားစဖွယ်။ သူမတွေးရင်း လှစ်ကနဲ ပြုံးလိိုက်မိသည်။ ” သြော် အေးရယ်၊ ထမင်းကို အရင်ပြီးအောင်စားပါကွယ်” ဘေးနားက မနွယ်၏ ရှိုက်သံသဲသဲ့ဖြင့် ပြောသံကိုလည်းမကြား။

မောင်က ယူနီဖောင်းဝတ်ရင် အရမ်းစမတ်ကျသည်။ သူမတို့စခန်း၊ သူမတို့ တပ်ရင်း အိုး ပြည်သူ့ကာကွယ်ရေးတပ်မတော်တစ်ခုလုံး တစ်ကမ္ဘာလုံးရှိ စစ်သားတိုင်းတွင် မောင်သည် စမတ်အကျဆုံးဖြစ်သည်။ မောင်က ဝတ်စားဆင်ယင်မှုလည်း စမတ်ကျသလို စိတ်ဓါတ်ရေးရာပိုင်းတွင်လည်း အံ့သြဖွယ်ကောင်းအောင် ကြံ့ခိိုင်ထက်မြက်သူ၊ သန်မာသူတစ်ယောက်လည်းဖြစ်သည်။

“သူတို့တွေ ဆက်ဆံသလို မောင်တို့ကပြန်ဆက်ဆံရင် မောင်တို့လည်း သူတို့လို အရိုင်းအစိုင်းတွေစုဖွဲ့ထားတဲ့ လက်နက်ကိုင်အဖွဲ့သာသာပဲ ဖြစ်နေမှာပေါ့ အေးရဲ့” မောင့် စကားသံလေးကို ပြန်ကြားမိသည်။ တော်လှန်ရေးနှင့်ပတ်သက်သည့် မောင့်အတွေးအမြင် မောင့်စိတ်ဓါတ်လေးတွေဟာ တစ်မူထူးခြားနေသည်ဟု သူမမြင်မိသည်။

နူးညံ့သောနှလုံးသားနှင့် ရဲရင့်ပြတ်သားသော ဆုံးဖြတ်ချက်ပိုင်ရှင်မျိုး။ မောင့်ကို သူမအလုံးစုံအားကိုးမိသလို အထက်လူကြီးတွေကလည်း ယုံကြည်ကိုးစားသည်။ ထို့ကြောင့်လည်း သူမတို့ ကွန်မန်ဒိုစစ်ကြောင်းတွင် စစ်‌ကြောင်းမှူးဖြစ်နေသည် မဟုတ်ပါလော။

“အေးရေ ဆေးသောက်ရအောင်နော်၊ ကော်ဖီပူပူလေးနဲ့ သောက်လိုက်”။ မနွယ်က သူအမုန်းဆုံး၊ မကြားချင်ဆုံးစကားကို ပြောပြန်ပြီ။ ထိုဆေးများကို သူမမုန်းသည်။ ဆေးသောက်ပြီးလျှင် မောင့်အကြောင်းမတွေးဖြစ်တော့။ အကြာကြီးမလွမ်းရတော့၊ ခဏလေးနှင့် အိပ်ပျော်သွားသည်။ သူမနှင့် မောင့်ကို ခဏလေးဖြစ်ဖြစ်ဝေးကွာစေနိုင်သော မည်သည့်အရာကိုမျှ သူမ မလိုချင်ပါ။

“မောင်လင်းခန့်က မှာလိုက်တယ်တဲ့ အေးရဲ့၊ ဆေးပုံမှန်သောက်မှ သူမြန်မြန်ပြန်လာမှာတဲ့”။ အို မောင်ပြန်လာမည်ဆိုပါလား။ ပျော်မြူးစွာဖြင့် စောင်ခြုံထဲက ထလိုက်သည်။ သောက်

မည် ထိုဆေးတွေ ဘယ်‌လောက်များများ သောက်ပစ်လိုက်မည်။ မောင်မြန်မြန်ပြန်လာရအောင်။

မနွယ်တစ်ယောက် ဝေ့တက်လာသော မျက်ရည်များကို အေး မမြင်အောင် ခိုးသုတ်ရင်း တစ်ဖက်သို့ လှည့်လိုက်သည်။ တစ်သက်လုံးပြန်မလာနိုင်တော့သူတစ်ယောက်ကို မျှော်လင့်ချက်ကြီးစွာ စောင့်မျှော်နေသူတစ်ယောက်ကို ကြာကြာကြည့်ရန် ခွန်အားမရှိ။

မောင်က ဂစ်တာတီးလည်း တော်သည်။ ရဲဘော်များနှင့် သွေးသစ္စာသီချင်းကို သံပြိုင်ဆိုကြလျှင်လည်း နားထောင်ကောင်းသလို သူမအတွက် အချစ်သီချင်းနူးနူးညံ့ညံ့လေးတွေဆိုပြလျှင်လည်း နားထောင်မဝ။ 

အော် မောင်ပြန်လာရင် အဆင်သင့်တီးရအောင် ဂစ်တာလေးကို ဖုန်သုတ်၊ သန့်ရှင်းရေးလေး လုပ်ဦးမှ။ သူမအတွေးနှင့်သူမ ထောင်ထားသောဂစ်တာလေးကို ယုယစွာ သန့်ရှင်းရေးလုပ်နေမိသည်။ မောင်က သူ့ပစ္စည်းတွေကို သန့်ရှင်းသပ်ရပ်စွာထားမှ သဘောကျသည်။

“အေးရေ အိပ်တော့ကွယ်။ မနက်ကျရင် အခမ်းအနားရှိသေးတယ် ပွဲတက်ရဦးမယ်”။ မနွယ်က တစ်မှောင့်၊ အခမ်းအနားတွေကို မောင်ပြန်မလာသေးပဲ သူမ မတက်ချင်ပါ။ မောင်ပြန်လာမှ သူမနှင့်မောင် ယူနီဖောင်းဆင်တူဖြင့် ပွဲတက်မည်လေ။

ထိုနေ့မှာမှ ရာသီဥတုကလည်း မြူတွေဝေဝါးကာ အနည်းငယ် အေးစိမ့်စိမ့်ဖြစ်နေသည်။ သူမတို့ တပ်မဟာတစ်ခုလုံးလည်း အခမ်းအနားမှာ ငြိမ်သက်စွာ။ သူမကတော့ ဟောခန်းအတွင်းမှာ မောင်တိတ်တိတ်လေး ပြန်ရောက်လာမလားဟု အကြည့်ဝေ့ကာ လိုက်ရှာနေဆဲ။ မောင့်ကို မမြင်သေး။ မောင်နောက်ကျနေတော့မှာပဲ။

“××× စခန်းသိမ်းတိုက်ပွဲတွင် ရဲဝံ့စွာ တော်လှန်တိုက်ခိုက်ရင်း မြင့်မြတ်စွာကျဆုံးသွားသူ ကိုယ်ပိုင်အမှတ်၊××× ××× စစ်ကြောင်းမှူး လင်းခန့်အတွက် သူရဲကောင်းလက်မှတ်အား လက်ခံရယူရန် ရဲဘော် ကြည်လဲ့အေး စင်မြင့်ထက် ကြွပါ” အခမ်းအနားမှူး၏ ကြေငြာသံ။ မောင်တဲ့ မောင်က တိုက်ပွဲမှာ ကျဆုံးသွားပြီတဲ့။ မဖြစ်နိုင်ပါ ဘယ်နည်းနှင့်မျှ မဖြစ်နိုင်။ မနေ့ကလေးတင် သူမနှင့်မောင် ညောင်ပင်အောက်တွင် စကားအပြန်အလှန်ပြောနေသေးသည်။

စကားတွေပြောနေရင်း မောင့်ကိုမြူနှင်းတွေက ပွေ့သွားသလိုလိုဖြစ်လို့ သူမလန့်အော်တော့ မောင်က မနက်ဖြန်ထပ်လာခဲ့ပါမည်တဲ့လေ။ ဘာပဲဖြစ်ဖြစ် မောင့်နာမည်နှင့် သူရဲကောင်းလက်မှတ်ကိုတော့ သူမလက်ခံယူရပေမည်။ မောင်နှင့် ပက်သက်သမျှအရာအားလုံး သူမတွင် ပိုင်ဆိုင်ခွင့်ရှိသည်လေ။

သူရဲကောင်းလက်မှတ်ချီးမြှင့်ပေးသော တပ်မဟာမှူးမှာလည်း အံကိုတင်းတင်းကြိတ်၍ မျက်ရည်များ ဝေ့သီလျက်။ မောင်ပြန်လာမည့်အကြောင်းကို တပ်မဟာမှူးတို့ မသိသေးတာဖြစ်နိုင်သည်။ မောင်က သူမတစ်ယောက်တည်းကိုပဲ ပြောပြထားခဲ့သည် မဟုတ်ပါလား။ နေပစေတော့ မောင်ပြန်လာမှ နှစ်ဦးသား တပ်မဟာမှူးကို သွားနှုတ်ဆက်မည်။ညနေခင်းလမ်းလေးတစ်လျှောက် မောင့်လက်ကိုတွဲ၍ လမ်းလျှောက်မည်။ 

အခမ်းအနားပြီးတည်းက မောင့်ကိုကြိုရန် ညောင်ပင်ကြီးအောက်ကို သူမ စောစောထွက်ခဲ့သည်။ ဒီနေ့တော့ မောင်ပြန်လာမှာ သေချာလောက်ပြီ။ သူမအနွေးထည် မဝတ်လာခဲ့။ နွေးနွေးထွေးထွေးမနေလို့ဆိုပြီး မောင်ဆူတာခံချင်သေးသည်။ မောင့်ကို လွမ်းလှသည်။

“ဟိုးအဝေးက တိမ်ကို တွေ့လား “အေး”၊ မှောင်မည်းနေတဲ့ တိမ်တိုက်မှာတောင် ငွေရောင်အနားစလေးတွေ ကွပ်ထားတာရှိတယ် အေးရဲ့။ မောင်တို့ အခုပင်ပန်းခက်ခဲနေလည်း တစ်ချိန်မှာတော့ အောင်မြင်မှုရဲ့ အသီးအပွင့်တွေကို မောင်တိို့အကုန်လုံးအတူတူခံစားရမှာပေါ့ အေးရဲ့” မောင့်စကားသံလေးကို ကြားမိသည်။ မနွယ်လာခေါ်တဲ့အချိန်မှာ သူမအားမရှိသလိုဖြစ်နေသည်။ ဒီနေ့ မောင့်ကို မျှော်ရတာ နည်းနည်းမောသည်။

ဆေးမှူးက မနွယ်ကို ခေါင်းခါပြသည်။ မျှော်လင့်ချက်မရှိတော့ ဟူသည့်သဘော။ ဒီကလေးမမှာ ပင်ကိုယ်နှလုံးရောဂါအခံ ရှိသည့်ကြားမှ စိတ်ထိခိုက်စရာဖြစ်ရပ်များနှင့် ဆိုးဝါးလှသော ငှက်ဖျားရောဂါတို့ပါ စွဲကပ်လာသည်လေ။ သနားစရာ ချစ်သူနှစ်ဦး၏ ဖြစ်အင်။ မနွယ် ကြိတ်၍ ရှိုက်ငိုရင်း ခြေဖျားလက်ဖျားလေးတွေ အသာအယာနှိပ်ပေးနေမိသည်။ အေး၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ တုန့်ပြန်မှုမရှိတော့။ လက်ဖျားလေးများလည်း အေးစက်သွားခဲ့ပြီ။

“မောင်” မြင်ရသောမြင်ကွင်းက မယုံကြည်နိုင်စရာ။ သူမ မျက်လုံးအစုံကို ပွတ်ကြည့်လိုက်သည်။ ဟုတ်သည် သေချာပါသည်။ သူမ၏မောင် အစစ်ပါ။ ထွက်သွားသည့်နေ့ကအတိုင်း ယူနီဖောင်းဝတ်ထားသည်။ ပြုံးရင်း သူမဆီတစ်လှမ်းချင်း လျှောက်လာနေသည်။ အို သူမပျော်လိုက်တာ။ နောက်ဆုံးတော့ မောင်ပြန်လာခဲ့ပြီလေ။

“ဒီညောင်ပင်ကြီးအောက်မှာ မောင့်ကို နေ့တိုင်းစောင့်နေတာ မောင်သိလား”။ သူမအမေးကို မောင်က ခေါင်းငြိတ်ပြီးဖြေသည်။ 

မောင့်လက်နှစ်ဖက်က သူမကိုဖက်ပြီး ထွေးပွေ့ထားသည်။ သူမတို့တစ်နေရာရာကို သွားရတော့မည်မှန်း စိတ်က ကြိုသိနေသလိုခံစားရသည်။ အို ဘယ်နေရာဖြစ်ဖြစ်ပါ မောင်သာပါရင် သူမ သွားရဲသည်။ မောင့်ကို ဖက်ထားရင်း အလင်းရောင်များက စူးရှကျယ်ပြန့်လာသည်။ ပတ်ဝန်းကျင်ကို သေချာမမြင်ရတော့။ သူမ မောင့်ကို ဖက်ထားရင်း ကျေနပ်စွာပြုံးလိုက်သည်။ နောက်ဆုံးတော့ မောင်နှင့်အတူတူ နှစ်ဦးတည်းကမ္ဘာလေးကို ပျော်ရွှင်စွာ တည်ဆောက်ခွင့်ရခဲ့လေပြီ။

ဂျော့လင်းညို

The Tanintharyi Times