“စစ်ကိုနားလည်တဲ့သူတွေကို ဦးဆောင်မှုပေးခိုင်းဖို့ လိုအပ်တယ်”
“စစ်ကိုနားလည်တဲ့သူတွေကို ဦးဆောင်မှုပေးခိုင်းဖို့ လိုအပ်တယ်”

အောက်တိုဘာလနောက်ဆုံးပတ်ကစပြီး ရှမ်းပြည်နယ်မြောက်ပိုင်းအပြင် ကရင်နီ၊ စစ်ကိုင်း၊ မကွေး၊ ကချင်၊ ချင်း၊ ရခိုင်၊ စတဲ့ဒေသတွေမှာ တော်လှန်ရေးပူးပေါင်းတပ်တွေက မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲတွေဖော်ဆောင်နိုင်ခဲ့ပါတယ်။
NUG အပါအဝင် တော်လှန်ရေးမှာ ဦးဆောင်ပါဝင်နေကြသူတွေကလည်း တနိုင်ငံလုံးမှာ စစ်ရေးအရှိန်မြှင့်မယ်ဆိုပြီး ကြွေးကြော်ထားပါတယ်။
တစ်နိုင်ငံလုံးနည်းတူ လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲနေတဲ့ တနင်္သာရီတိုင်းအနေနဲ့ရာ တခြားဒေသတွေလို စစ်ရေးအရှိန်မြှင့်လာနိုင်သလား၊ ဘယ်လိုအခက်အခဲတွေ ကြုံတွေနေရသလဲ ဆိုတဲ့မေးခွန်းတွေကို တနင်္သာရီတိုင်းထဲက လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေကို တနင်္သာရီတိုင်းမ်က ဆက်သွယ်မေးမြန်းထားပါတယ်။
(တောင်ပိုင်းသားတို့အသံ)
ဗိုလ်တိုက်မောင်း
တပ်ခွဲမှူး၊ KNLA တပ်မဟာ ၄
လက်ရှိပြောနေတဲ့ တနိုင်ငံလုံးတလှိုင်းပြီးတလှိုင်း စစ်ရေးအရှိန်မြင့်မှုမှာ တနင်္သာရီတိုင်းအနေနဲ့ ဘယ်လောက်အထိ ပါဝင်နိုင်ခြေရှိလဲဆိုတော့ လက်ရှိ နယ်မြေပထဝီအနေအထားမတူသလို စစ်ဆင်ရေးအနေအထားလည်း မတူနိုင်ပါဘူး။ အချိန်တန်ရင်တော့ စတော့မှာပါ။ ပြင်ဆင်မှုအတွက် အချိန်တော့လိုအပ်သေးတယ်လို့ပဲ ပြောလို့ရတာပေါ့နော်။
တနင်္သာရီတိုင်းမှာ စစ်ကောင်စီရဲ့စခန်းသိမ်း တိုက်ပွဲတွေဆင်နွဲနိုင်ဖို့ဆိုရင် အောက်ခြေကအဖွဲ့တွေ ညီညွတ်စုစည်းနိုင်ဖို့လိုအပ်တယ်။ ပြီးတော့ စစ်ကိုနားလည်တဲ့သူတွေကို ဦးဆောင်မှုပေးခိုင်းဖို့ လိုအပ်တယ်။ ငါသိငါတတ် ငါနားလည်တယ်ဆိုပြီးတော့ နေရာတကာဆရာကြီးလုပ်ချင်လို့တော့ မရဘူးလို့ပြောရမှာပေါ့။
တနင်္သာရီမှာ လက်နက်ကိုင်တော်လှန်ရေး အခုထက်ပိုအားကောင်းလာအောင်လုပ်ဖို့ဆိုရင် ကျနော်တို့တနင်္သာရီတိုင်း အတွင်းမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေအားလုံး Change of Command (COC) တစ်ခုတည်းအောက်မှာနေပြီး အမိန့်နာခံ၊ တိုက်ပွဲပြင်ဆင်ပြီး GOC မူကိုရှင်းလင်းစွာ အောက်ခြေကိုရှင်းပြထားဖို့လိုတယ်။ အခုက NUG ဆိုတဲ့လူတွေက ရှုပ်အောင်လုပ်ထားသလိုမြင်ရတာပေါ့နော်။ စစ်ရေးမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) ကဦးဆောင်မယ်ဆိုတာကြီးကို သူတို့သိပ်သဘောမတွေတာ မြင်ရတယ်။ စစ်ရေးအောင်မြင်တဲ့နေရာမှာ ကျနော်တို့ပြန်ကြည့်လိုက်လို့ရှိရင် ပကဖတွေမရှိဘူးဆိုတာကို လေ့လာတွေ့ရှိရပါတယ်ပေါ့နော်။ မယုံရင်လေ့လာကြည့်လို့ရပါတယ်။ ဟုတ်ကဲ့ကျေးဇူးပါ။
ရဲဘော်အာနိုး
သတင်းနဲ့ပြန်ကြားရေတာဝန်ခံ၊ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်း
NUG ကာကွယ်ရေးဝန်ကြီးဌာနကနေပြီးတော့ တစ်လှိုင်းပြီးတစ်လှိုင်းလာမယ်ဆိုတဲ့သတင်းစကားပါးပြီးတဲ့နောက်မှာပေါ့နော် ရှမ်းမြောက်၊ စစ်ကိုင်း ကရင်နီစတဲ့ဒေသတွေမှာ မြို့သိမ်းစခန်းသိမ်းတိုက်ပွဲတွေဖော်ဆောင်လာတယ်ပေါ့နော်။ ဒီတနင်္သာရီတိုင်းအနေနဲ့ကလည်း မဟာမိတ်တိုင်းရင်းသားတပ်ဖွဲ့တွေအနေနဲ့အတူ တလှိုင်းပြီးတလှိုင်းလာမယ်ဆိုတဲ့ပုံစံအတိုင်းပေါ့နော် မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲတွေဆင်နွှဲနိုင်ဖို့ အဆင်သင့်တော့ဖြစ်နေပါပြီ။ ဒါပေမယ့် ပထဝီအနေအထားကြောင့် ကြန့်ကြာမှုတွေအနည်းငယ်ရှိနေတယ်။ ပြောနိုင်တာကတော့ တစ်လှိုင်းပြီးတစ်လှိုင်းလာမယ်ဆိုတဲ့စစ်ဆင်ရေးကို တနင်္သာရီတိုင်းမှာ မကြာခင်တွေ့ရတော့မယ်လို့ ကျနော်ပြောနိုင်တယ်။
တနင်္သာရီတိုင်းအနေနဲ့ အားနည်းချက်ကိုပြောရမယ်ဆိုရင် ပထဝီအနေအထားအရ ခဲယမ်း၊ ရိက္ခာ စတဲ့ဟာတွေ ဝယ်ယူ၊ သယ်ယူရတာတွေ အဲဒီထောက်ပို့လမ်းကြောင်းတွေ အခက်အခဲအများကြီးရှိတယ်။ ရိက္ခာဖြစ်ဖြစ် လက်နက်ခဲယမ်းဖြစ်ဖြစ်ဝယ်တဲ့အခါမှာ အချိန်အများကြီးပေးရတယ်ပေါ့နော် အနည်းဆုံးနှစ်လ၊ သုံးလ ကြန့်ကြာတဲ့အတွက် ခဲယမ်းတွေလိုသလောက်ရနိုင်ဖို့ဆိုတာ တော်တော်အခက်အခဲဖြစ်တယ်။ အဲဒါကြောင့်လည်းပဲ ရှမ်းမြောက်တို့ ကရင်နီဒေသတွေနဲ့မတူတာက လက်နက်ခဲယမ်းဝယ်ယူဖို့ခက်ခဲတဲ့အတွက် ကျနော်တို့က မြို့ကိုသိမ်းပြီးရင်တောင် ထိန်းထားနိုင်ဖို့အတွက် ခဲယမ်းလုံလောက်မှုမရှိဘူးပေါ့နော်။
လက်နက်ကိုင်တော်လှန်ရေးပိုပြီးအားကောင်းလာဖို့အတွက်ဆိုရင်တော့ ပြည်သူတွေရဲ့ထောက်ပံ့မှုအပြင် နိုင်ငံတကာရဲ့ပံ့ပိုးမှုလည်းလိုအပ်နေတာပေါ့။ လက်နက်ခဲယမ်းကို တရားဝင်ဝယ်ယူခွင့်မရှိတဲ့အတွက် ကျနော်တို့ မှောင်ခိုလမ်းကြောင်းကနေဝယ်ရတယ်။ အဲဒီအတွက် လမ်းမှာကြန့်ကြာမှုအများကြီးဖြစ်တယ်။ ပိုက်ဆံရှိရင်တောင် ဝယ်ဖို့အတွက် လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့အတွက် ကုန်သွားတဲ့လက်နက်ခဲယမ်းတွေပြန်ဖြည့်နိုင်ဖို့က ကြားမှာအချိန်တော်တော်ပေးရတယ်။ ပြီးတော့ လူအား၊ ညဏ်အားသုံးရတယ်။ ဒါကြောင့် ကျနော်တို့မျှော်လင့်တာကတော့ နိုင်ငံတကာရဲ့ထောက်ပံ့မှု အဲအထောက်အပံ့သာရခဲ့မယ်ဆိုရင် တနင်္သာရီတိုင်းမှာ လက်နက်ကိုင်တော်လှန်ရေးအားကောင်းလာမယ်လို့ထင်တယ်။ ပြီးတော့ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပူးပေါင်းပါဝင်မှုကလည်း အခုထက်ပိုပြီးတော့ နက်နက်ရှိုင်းရှိုင်း ပါဝင်ပူးပေါင်းလာဖို့ကိုလည်း မျှော်လင့်ပါတယ်။
ရဲဘော်စောမောင်ထူး
ပြန်ကြားရေးတာဝန်ခံ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်း၊
လက်ရှိပြောနေကြတဲ့ ဒီတစ်လှိုင်းပြီး တစ်လှိုင်း လာမယ်ပေ့ါနော်။ ကျနော်တို့ဒီတစ်နိုင်ငံလုံးအနေနဲ့ ။ အဲ့တော့ ကျနော်တို့ ဒီလှိုင်းတွေဖြစ်ဖို့အတွက်ကတော့ နောက်ကွယ်ကလုပ်ရတာတွေက အများကြီးရှိပါတယ်။ လေ့ကျင့်စုဖွဲ့တာတွေ၊ အမိန့်ပေးစနစ်ကောင်းမွန်ဖို့အတွက် ပြင်ဆင်ရတာတွေ၊ လက်နက်ခဲယမ်းစုဆောင်းရတာတွေ၊ Logestic ကိစ္စတွေအဆင်ပြေချောမွေ့ဖို့အတွက် စသဖြင့်အများကြီးကျနော်တို့ စီစဥ်ရတာရှိပါတယ်ခင်ဗျ။ ကျနော်တို့တနင်္သာရီဒေသမှာတော့ မြို့သိမ်းတိုက်ပွဲတွေလုပ်ဖို့အထိက ကျနော်တို့မှာ လိုအပ်ချက်တွေ၊ အခက်အခဲတွေ အတားအဆီးတွေ အများကြီးရှိသေးတယ်လို့ ကျနော့်အနေနဲ့ယူဆပါတယ်။ ဒါပေမဲ့လည်း ကျနော်တို့တနင်္သာရီဒေသမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေး၊ တော်လှန်ရေးအင်အားစုတွေ အနေနဲ့ကတော့ အခုပွင့်လင်းရာသီမှာ ပိုမိုထိရောက်မဲ့ စစ်ဆင်ရေးတွေ၊ ပိုပြီးတော့မှ စစ်ကောင်စီကို ချေမှုန်းနိုင်မဲ့ အော်ပရေးရှင်းတွေကို လုပ်လာနိုင်မယ်လို့ ကျနော့်အနေနဲ့ထင်ပါတယ်ခင်ဗျ။
တနင်္သာရီတိုင်းမှာ စစ်ကောင်စီ စခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲနိုင်ဖို့ဆိုရင် ကျနော်မြင်တာကတော့ ထိုက်သင့်တဲ့ ပူးပေါင်းလေ့ကျင့်စုဖွဲ့မှုမရှိတာရယ်၊ စုစည်းညီညွှတ်မှုမကျစ်လစ်တာရယ်၊ အပြန်အလှန်ယုံကြည်မှုအားနည်းတာရယ်၊ အဲ့ဒါတွေကတော့ ကျနော်တို့ပထမဆုံးအခက်အခဲတွေလို့ ထင်ပါတယ်။ နောက်တစ်ခုကတော့ စစ်ပညာနဲ့ အတွေ့အကြုံပိုရှိတဲ့သူတွေကို ကျနော်တို့ဒီစခန်းသိမ်းတဲ့ အချိန်မှာဦးဆောင်ခိုင်းဖို့လိုပါတယ်။ အဲ့ဒါတွေအပြင် ဘာလိုအပ်သလဲဆိုတော့ နည်းပညာကိုကောင်းကောင်းအသုံးမချနိုင်တာကလည်း တပိုင်းရှိပါတယ်။ ဥပမာဗျာ၊ ကျန်တဲ့နေရာတွေမှာ ဒရုန်းစစ်ဆင်ရေးနဲ့ပတ်သက်ပြီးတော့ ကောင်းကောင်းမွန်မွန်လုပ်နိုင်နေတဲ့အခြေအနေမှာ ကျနော်တို့မှာ အများကြီးအားမကောင်းသေးတာလည်းရှိနေပါတယ်။ နောက်တစ်ခုကတော့ စခန်းသိမ်းဖို့ လိုအပ်တဲ့ လက်နက်ခဲယမ်းမရှိတာလည်း တပိုင်းပေါ့ဗျာ။ စခန်းသိမ်းတဲ့အချိန်မှာ လက်နက်ကြီးတွေလိုပါမယ်။ ၆၀-မမ တို့၊ ၄၀-မမ တို့ကို အသုံးပြုနိုင်ဖို့လိုပါတယ်။ ကျနော်တို့ဆီမှာ စခန်းသိမ်းတဲ့ အချိန်မှာကြတော့ ဒီလက်နက်ကြီးတွေအသုံးပြုတဲ့အပိုင်းမှာ အားနည်းတာတွေ့ရတယ်။ ဒါတွေကတော့ စခန်းသိမ်းတဲ့အချိန်မှာ ရင်ဆိုင်ရတဲ့အခက်အခဲတွေလို့ ပြောလို့ရပါတယ်ခင်ဗျ။
တနင်္သာရီမှာ လက်နက်ကိုင်တော်လှန်ရေး အခုထက်ပိုအားကောင်းလာအောင်လုပ်ဖို့ဆိုရင် ကျနော်တို့တနင်္သာရီဒေသမှာရှိတဲ့ EAO/ERO တပ်ရင်းတပ်ဖွဲ့တွေကော၊ နောက် MOD အောက်မှာရှိတဲ့ PDF တပ်ရင်းတွေကော၊ မြို့နယ်အလိုက်စုဖွဲ့ထားတဲ့ ပကဖတွေရော လက်တွဲနိုင်ဖို့လိုပါတယ်။ လက်တွဲဖို့ဆိုတာကလည်း ကျနော်တို့အပြန်အလှန်ယုံကြည်မှုရှိမှ ရမှာပါ။ အဲ့ဒါတွေကို တဆင့်ချင်းလုပ်သွားမှ ရမှာပါခင်ဗျ။ ကျနော်တို့ တဖက်မှာလည်း အဲ့လိုသွားနိုင်ဖို့အတွက် လုပ်နေတာတွေရှိပါတယ်။ စစ်တိုက်တယ်ဆိုတာကလည်း အပြန်အလှန်ယုံကြည်မှုရှိမှ၊ ပူးပေါင်းတိုက်ပွဲအကောင်အထည်ဖော်လို့ရတာပါ။ ပူးပေါင်းပြီးတော့ အော်ပရေးရှင်းတွေ မလုပ်နိုင်ဘဲနဲ့တော့ စစ်ဆင်ရေးတွေမလုပ်နိုင်ပဲနဲ့တော့ စစ်ရေးအရွေ့ကဖြစ်လာမယ်လို့ ကျနော့်အနေနဲ့ကတော့မထင်ပါဘူး။ အဲ့တော့ ကျနော်တို့က ဟိုလူ့အပြစ်တင်၊ ဒီလူ့အပြစ်တင်ဆိုတဲ့ပုံစံမျိုးနဲ့ သွားနေလို့ကတော့ ဘာမှထူးလာမှာမဟုတ်ပါဘူး။ ကျနော်တို့အားလုံးမြင်ဖို့လိုတာကတော့ ပြသနာရှိရင် အဖြေရှိရမယ်ဆိုတဲ့ စိတ်ထားမျိုးနဲ့ ရှေ့ဆက်သွားမှပဲ ပူးပေါင်းပြီးတော့ ရန်သူစစ်ကောင်စီကိုတိုက်ခိုက်မှပဲ တနင်္သာရီလက်နက်ကိုင်တော်လှန်ရေးဟာလည်း ပိုမိုအားကောင်းလာပြီး လွတ်မြောက်ဒေသတွေ ဖန်တီးလာနိုင်မယ်လို့ ကျနော့်အနေနဲ့ ယူဆပါတယ်ခင်ဗျ။
ကိုဖိုးစံ
ဒုတာဝန်ခံ၊ ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ PRDF
တနင်္သရီတိုင်းအနေနဲ့ ဘယ်လောက်ထိပါဝင်လာနိုင်ချေရှိလဲလို့ မေးရင် ဘယ်လောက်ထိပါဝင်လာနိုင်မလဲ ဆိုတာမျိုးကို ပြောနိုင်ဖို့တော့ ခက်တယ်ပေါ့ခင်ဗျား။ ဒါပေမဲ့ ကျနော်တို့ ခုလက်ရှိသွားနေတဲ့ တလှိုင်းပြီးတလှိုင်းလာမယ်ဆိုတဲ့ အနေအထားမှာတော့ တနင်္သာရီတိုင်းအနေနဲ့ ပါကိုပါဝင်လာလိမယ့်ဆိုတဲ့ဟာကတော့ ပြောလို့ရတယ်ပေါ့။
တနင်္သာရီတိုင်းမှာ စစ်ကောင်စီစခန်းတွေကိုသိမ်းနိုင်ဖို့ ဆင်နွှဲနိုင်ဖို့ဆိုရင် ပထမအချက်က ခဲယမ်းအခက်အခဲတွေရှိတယ်။ ပြည်သူတွေရဲ့ ကူညီပံ့ပိုးမှုလိုအပ်ချက်တွေရှိတယ်။ နောက်တစ်ခုက ဒီထက်ပိုပြီးတော့ စုစုစည်းစည်းနဲ့ ကွပ်ကဲမှု ကောင်းကောင်းအလုပ်လုပ်နိုင်ဖို့ လိုနေတာပေါ့။ ဒီအခက်အခဲတွေကိုတော့ ကျနော်တို့မှာဖြေရှင်းရဖို့ ရှိနေပါတယ်။
ပြီးရင်အခု ဒီထက်ပိုအားကောင်းလာအောင်ဆိုရင် တနင်္သာရီတိုင်းတွင်းမှာရှိတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ တစ်ခုချင်းစီက COC ကောင်းကောင်းတည်ဆောက်ပြီးတော့ အဓိက Chain of Command ရော၊ Code of Conduct ရော ကောင်းကောင်းတည်ဆောက်ပြီးတော့ ဒီအစုအဖွဲ့တွေအားလုံးက တပ်ပေါင်းစုအနေနဲ့ စုစည်းနိုင်မိဖို့လိုအပ်တယ်။ ဒါပြီးရင် ကျနော်တို့က ERO ဖြစ်တဲ့ kNU , KNLA, KNDO တို့ ဒီတော်လှန်ရေးကို ဦးဆောင်ပေးသင့်တယ်လို့ ထင်ပါတယ်။
ရောင်နီ
သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ
ထားဝယ်(ပကဖ)
တနင်္သာရီတိုင်းမှာ တပ်စခန်းနဲ့ဂိတ်စခန်းတွေကို ဝင်ရောက်စီးနှင်းတိုက်ခိုက်တဲ့ ဖြစ်စဥ်တွေကတော့ အများအပြားရှိခဲ့တယ်။ အဓိကကတော့ ကျနော်တို့ရဲ့ ကျည်နဲ့ လက်နက် ခဲယမ်းအင်အားပါပဲ။ ဒီဟာတွေလုံလောက်ရင် စခန်းသိမ်းတိုက်ပွဲ၊ စီးနင်းတိုက်ပွဲတွေကို သေချာလုပ်ဆောင်နိုင်မှာပါ။ ရှေမှာလည်း စော်ဖျားတိုက်ပွဲတို့၊ ပကာရီစခန်းတိုက်ပွဲတို့၊ ဘုရားမဲစစ်ဆေးရေးဂိတ်တို့၊ နောက်ပြီးတော့ ရေနက်ဆိပ်ကမ်းစခန်းတို့ အဲဒီတိုက်ပွဲတွေကို ပြန်သုံးသပ်ကြည့်ရင် ကျနော်တို့ဘက်က လက်နက်ခဲရမ်းအားမကောင်းတာနဲ့ မြေပြင်ချိတ်ဆက်မှုတွေ၊ စုစည်းမှုတွေလိုအပ်နေသေးတာကို တွေ့ရတယ်။ အဲဒါတွေကိုပြင်ဆင်ပြီး လုပ်ဆောင်မယ်ဆိုရင်တော့ သေချာပါတယ် ထားဝယ်ဒေသတကြောမှာလည်း စခန်းသိမ်း စစ်ဆင်ရေးတွေ မြို့သိမ်းစစ်ဆင်ရေးတွေ အောင်မြင်ဖို့ရှိပါတယ်။
လက်ရှိ ၁၀၂၇ စစ်ဆင်ရေးကနေ တနိုင်ငံလုံး တလှိုင်းပြီးတလှိုင်း၊ တမြို့ပြီးတမြို့သိမ်းနေတဲ့အနေအးထားမှာ တနင်္သာရီတိုင်းအနေနဲ့က နောက်အခြေအနေဆိုရင် ဖြစ်လာမှာပါ။ ဖြစ်လာဖို့ အနေအထားရှိပါတယ်။ ကျနော်တို့ ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေကလည်း ပြင်ဆင်မှုတွေ လုပ်ဆောင်နေပါတယ်။ အခုကတော့ ဒီလောက်အထိပဲ ပြောပြလို့ရတဲ့ အနေအထားဖြစ်ပါတယ်။
တနင်္သာရီတိုင်းမှာ စခန်းသိမ်းတိုက်ပွဲတွေ မြို့သိမ်းတိုက်ပွဲတွေဖြစ်ဖို့ အတွက်ဆိုရင် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ အကုန်လုံး စုစည်းပြီးတော့ စုပေါင်းအားနဲ့တိုက်မှပဲ ရမယ်ဗျ။ ပြီးတော့ လက်နက်ခဲရမ်းက လည်း အဓိကအရေးကြီးတဲ့ အခန်းဏမှာရှိနေတယ်။ လူအင်အားဘယ်လောက်ပဲများများ ဘယ်လောက်ပဲ စုစည်းမှုရှိရှိ လက်နက်ခဲရမ်းမလုံလောက်ရင်လည်း မအောင်မြင်နိုင်ဘူးပေါ့။ ဒါတွေအကုန်လုံးရှိနေရင်တော့ စခန်းသိမ်းတိုက်ပွဲတို့ မြို့သိမ်းတိုက်ပွဲတို့ဆိုတာ မနိုင်စရာအကြောင်းမရှိပါဘူး။
ရဲဘော်နိုင်တီတူး
သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့(SWDF)
တိုက်ပွဲတွေဖြစ်တယ် စခန်းတွေသိမ်းတယ် စသဖြင့်စစ်ရေးဖော်ဆောင်တာတွေလုပ်တဲ့အခါမှာ ကျနော်တို့က EAO, EROs တိုင်းရင်းသားလက်နက်ကိုင်တွေကို ထည့်ကိုထည့်ပေးရမယ်။ ဘာဖြစ်လို့ဆို ၁၀၂၇ စစ်ဆင်ရေးကို ကြေညာတာပဲကြည့် တိုင်းရင်းသားမဟာမိတ်သုံးဖွဲ့ကပဲကြေညာတယ်။ ပြီးရင်သူ့နောက်မှာမှ ဘယ်သူတွေပါလာလဲဆိုတော့ အဲဒီတိုင်းရင်းသားတွေဆီကနေ လက်နက်တွေ နည်းပညာအကူအညီတွေ အများကြီးရထားတဲ့ PDF တွေပါဝင်လာတာကိုတွေ့ရမယ်။ ပြီးရင် အဲဒီတိုင်းရင်းသားတွေနဲ့ PDF တွေအချင်းချင်း ပူးပေါင်းပြီးစစ်ရေးဖော်ဆောင်နေတဲ့သူတွေပါဝင်လာတာကို အဲဒီ ၁၀၂၇ စစ်ဆင်ရေးမှာတွေ့ရလိမ့်မယ်။ တနင်္သာရီတိုင်းအနေနဲ့ ကျနော်တို့ပြန်ကြည့်ရင် ၂၀၂၁ အာဏာသိမ်းပြီးအချိန်ကစပြီး ကျနော်တို့ လက်နက်ကိုင်တော်လှန်ရေးတွေပေါ်ပေါက်လာတယ်ပေါ့။ အဲဒီအချိန်ကနေစပြီး တနင်္သာရီတိုင်းမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကိုယ်တိုင်ကကို စစ်ကောင်စီရဲ့တပ်စခန်းတစ်ခုကို သိမ်းလိုက်တယ်ဆိုတာမျိုးမကြားဖူးသေးဘူးလေ။ ဒီကြားထဲမှာတောင် အချင်းချင်းပစ်ခတ်တဲ့ ဖြစ်စဉ်တွေတောင်မှပေါ်ပေါက်လာတာကို အားလုံးသိတယ်။ ဒါကိုကြည့်မယ်ဆိုရင် မြိတ်၊ ထားဝယ်ခရိုင်မှာ ရှိသမျှတိုင်းရင်းသားလက်နက်ကိုင်အားလုံးဟာ တော်လှန်ရေးမှာမပြတ်သားသေးဘူးဆိုတာ မြင်ရတယ်။ ကျနော်တို့ တနင်္သာရီတိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင်တွေကို အမှီပြုထားတဲ့ PDF တွေအနေနဲ့ဆိုရင် ၁၀၂၇ စစ်ဆင်ရေးမှာ ပါဝင်လာဖို့ အလှမ်းဝေးနေသေးတယ်လို့ မြင်တယ်။ တိုက်ပွဲမဖြစ်တာတော့ မဟုတ်ဘူး။ တနင်္သာရီတိုင်းအနေနဲ့ဆိုရင်တော့ ပုံမှန်ဖြစ်နေကြတိုက်ပွဲတွေလောက်ပဲ ဖော်ဆောင်နိုင်မယ်လို့ ကျနော်မြင်တယ်။
တနင်္သာရီတိုင်းမှာ စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲတွေဆင်နွှဲနိုင်ဖို့ဆိုရင် ကျနော်ရှေ့မှာပြောခဲ့သလိုပဲ EROs တွေအနေနဲ့တောင် စခန်းသိမ်းတိုက်ပွဲတွေဖော်ဆောင်မှုမှာအားနည်းနေသေးတယ်လေ။ တိုင်းရင်းသားလက်နက်ကိုင်တွေကိုအမှီပြုပြီးလှုပ်ရှားနေရတဲ့ ကျနော်တို့တနင်္သာရီတိုင်းတွင်းက PDF တွေမှာဆိုရင်တော့ အခက်အခဲမျိုးစုံရှိတယ်။ အခုချိန်ထိ လက်နက်ခဲယမ်းသယ်ယူတဲ့အချိန်မှာ လမ်းကြောင်းတွေက မဖြောင့်ဖြူးသေးဘူး။ ပြီးရင်လက်နက်ခဲယမ်းမပြည့်စုံတဲ့အတွက် ထိရောက်တဲ့စစ်ဆင်ရေးနည်းဗျူဟာတွေ ထိရောက်တဲ့စခန်းသိမ်းတိုက်ပွဲတွေဖော်ဆောင်ဖို့ကို အခက်အခဲတွေဖြစ်နေတယ်။ တခါတလေ တိုက်ပွဲတိုက်နေရင်းနဲ့ကို တစ်ဖက်မှာဆေးဝါး၊ ရိက္ခာပြတ်လပ်မှုတွေ၊ လက်နက်ခဲယမ်းမလုံလောက်မှုတွေ စသဖြင့်ပေါ့ တိုက်နေရင်းနဲ့ လက်နက်ခဲယမ်းတွေကျိုးပဲပျက်စီးသွားတယ်။ အဲဒါတွေကို ပြန်လည်ပြင်ဆင်ဖို့ အခက်အခဲတွေအများကြီးရှိတယ်။
တော်လှန်ရေးမှာ အခုထက်ပိုအားကောင်းအောင် အခုလို ၁၀၂၇ စစ်ဆင်ရေးတွေမျိုးမှာ အားကောင်းကောင်းနဲ့ပါဝင်လာနိုင်ဖို့ဆိုရင် ပြင်ဆင်ရမှာတွေက အများကြီးရှိနေသေးတယ်ပေါ့။ ဘယ်သူ့မှာတာဝန်ရှိတယ် ဘယ်သူတွေဘာလုပ်ရမယ်ဆိုတာတွေထက် တော်လှန်ရေးမှာပါဝင်နေတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကတော့ ပြုပြင်ရမှာတွေအများကြီးပါပဲ။ အဓိကကတော့ စည်းလုံးညီညွတ်ရေးပဲ။ ကျနော်တို့အချင်းချင်းပစ်ခတ်မှုမရှိအောင် တာဝန်ရှိသူတွေကလည်းပဲ အပြုသဘောဆောင်တဲ့နည်းလမ်းတွေနဲ့ဖြေရှင်းပေးရမယ်။ ကျနော်တို့အဖွဲ့အစည်းအချင်းချင်းကြားမတူတာတွေကို အရင်ဖယ် တူတာတွေကိုစုမယ် မတူတာကို တူအောင်ညှိနှိုင်းပြီးရှေ့ဆက်ရမယ်။ နောက်တချက်အနေနဲ့ကတော့ ကျနော်တို့အမိန့်နာခံတတ်မှုပါ။ ရဲဘော်တွေအနေနဲ့ဆိုရင်တော့ ရဲဘော်တွေချည်း အမိန့်နာခံတတ်အောင်လုပ်နေလို့တော့မရဘူး။ အမိန့်ပေးသူကိုယ်တိုင်ကလည်းပဲ ကိုယ့်ဟာကိုယ်ဦးဆောင်နိုင်စွမ်းရှိပြီး ကိုယ့်ကိုကိုယ်လည်းအမိန့်နာခံတတ်ရမယ်ပေါ့။ ကျနော်တို့မှာအသုံးပြုနေတဲ့လက်နက်ခဲယမ်းတွေကလည်းပဲ ထိရောက်တဲ့တိုက်ပွဲတွေကို ဖော်ဆောင်နိုင်လောက်အောင်ထိ ကောင်းမွန်နေဖို့တော့လိုတယ်။ နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိနေရမယ်ပေါ့။ ကျနော်တို့ တော်လှန်ရေးမှာပါဝင်နေတဲ့သူတိုင်းက ကိုယ်ယူထားတဲ့နေရာ ကိုယ်ယူထားတဲ့တာဝန်တွေမှာ ယုံကြည်မှုအပြည့်နဲ့ လုပ်ဆောင်မယ်ဆိုရင် ကျနော်တို့အခုတော်လှန်နေတဲ့တော်လှန်ရေးက အခုထက်ပိုမိုအားကောင်းလာလိမ့်မယ်လို့ ကျနော်ထင်တယ်။
ရဲဘော်ငါးမန်း
သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ၊ ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)
မြို့နယ် အနေနဲ့ဆိုတော့ ကျွန်တော်တို့ လုပ်ဆောင်နိုင်ဖို့ စီစဉ်ထားပါတယ်။ လုပ်ဖို့လည်း ရှိပါတယ်။ (စစ်ကောင်စီ စခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲနိုင်ဖို့)အခက်အခဲကတော့ ရှိတာပေါ့အဓိကကတော့ ခဲယမ်းလိုအပ်ချက်လို့ပြောရမယ်။တနင်္သာရီမှာ လက်နက်ကိုင်တော်လှန်ရေး အခုထက်ပိုအားကောင်းလာအောင်လုပ်ဖို့ဆိုရင် တိုင်းရင်းသားလက်နက်ကိုင်တွေ၊ ကွပ်ကဲရေးမှာ တာဝန်ရှိသူတွေအနေနဲ့ အခုထက်ပို စုစည်းမှုအားကောင်းအောင် ကြိုးစားလုပ်ဆောင်သင့်တယ်လို့ ထင်တယ်ဗျ။
ရဲဘော်တစ်ဦး
ဘုတ်ပြင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)
တနင်္သာရီတိုင်းမှာ တပ်စခန်းတွေ၊ ဂိတ်စခန်းတွေကိုပဲ ကျနော်တို့က တိုက်လို့ရပြီးတော့ တပ်ရင်းတွေကိုကြတော့ ကျနော်တို့ မြို့သိမ်းတိုက်ပွဲတို့၊ တပ်ရင်းသိမ်းတိုက်ပွဲတို့ဆိုပြီး သိမ်းလို့မရတဲ့ အပိုင်းကတော့ နှစ်ပိုင်းမြင်မိတယ်ပေါ့။ ပထမတစ်ပိုင်းကတော့ ခဲယမ်းမီးကျောက်ပေါ့၊ ဒုတိယတစ်ပိုင်းကဘာလဲဆိုတော့ အစုအဖွဲ့ညီညီညွတ်ညွတ်ပူးပေါင်းလုပ်ဆောင်မှုမရှိသေးဘူးလို့ ကျနော်ကတော့ မြင်တယ်ပေါ့။ ပထမအဓိကပြသနာကတော့ လက်နက်ခဲယမ်းလုံလောက်မှု မရှိတဲ့ပြဿနာပါပဲ။ အဲ့ဒါကတော်တော်လေးအခက်အခဲရှိပါတယ်။ လက်ရှိပြောနေကြတဲ့ တလှိုင်းပြီးတလှိုင်းလာမယ်ဆိုတဲ့ကိစ္စကတော့ ကျနော်တို့တနင်္သာရီတိုင်းမှာ တာဝန်ယူဆောင်ရွက်နေတဲ့ လုပ်ငန်းစဥ် အကြီးပိုင်းတွေနဲ့ EAO နဲ့ ညှိနှိုင်းမှုအပေါ်မှာ အဖြေတစ်ခု တစုံတရာ အပေါ်မှာမူတည်တယ်လို့ ကျနော်ကတော့ မြင်နေတယ်ပေါ့နော်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့က သူတို့ရဲ့ Chain of command အောက်ကနေပြီးတော့ သွားနေရတယ်ဆိုတော့ သူတို့ရဲ့ ခေါင်းဆောင်မှု၊ သူတို့ရဲ့အမိန့်ကိုပဲ ကျနော်တို့က ဘုတ်ပြင်းပကဖအနေနဲ့ စောင့်မျှော်နေရတာပေါ့နော်။ သူတို့ဘယ်လောက်အထိပါဝင်ပူးပေါင်းနိုင်မလဲ။ လက်ရှိအလုပ်လုပ်နေတဲ့ အပေါ်ဘက်ကစစ်ဆင်ရေးနဲ့ပတ်သက်ပြီး ကျနော်တို့ တနင်္သာရီတိုင်းဘက်က ခေါင်းဆောင်တွေနဲ့ EAO တွေနဲ့ ဘယ်လောက်အထိ ဆွေးနွေးညှိနှိုင်းပြီးတော့ ဘယ်လောက်အထိ အလုပ်လုပ်နိုင်မလဲပေါ့၊ ဒါကိုလည်း ကျနော်တို့က စောင့်ကြည့်နေတယ်ပေါ့ခင်ဗျား။
ကျနော်တို့တနင်္သာရီတိုင်းအနေနဲ့ မြို့သိမ်းတိုက်ပွဲဆင်နွှဲတဲ့နေရာမှာ လိုအပ်ချက်ဘာတွေရှိလဲဆိုလို့ရှိရင် ခုဏကတုန်းက ကျနော်ပြောသလိုမျိုးပဲ၊ အဖက်ဖက်သော တော်လှန်ရေးအင်အားစုတွေ လက်ရှိလုပ်နေတဲ့ အဖွဲ့အစည်းတွေ၊ ပကဖရှိမယ်၊ PDF, EAO တွေရှိမယ်၊ ဒါတွေကို ကျနော်တို့ကစုပေါင်းညီညွှတ်မှရမယ်။ နောက်တခုက လက်နက်ခဲယမ်းအင်အားပေါ့။ အဓိကကတော့ကျည်ဆံပေါ့။ ဒီဥစ္စာတွေလိုအပ်ပါတယ်။ ဒါမြို့နယ်တိုင်းမှာ အဓိကလိုအပ်ချက်ပဲဖြစ်တယ်။ အဓိကကတော့ စုပေါင်းပြီးတော့ ညီညီညွတ်ညွတ်နဲ့လုပ်တယ်ဆိုရင်တော့ ဒီပွဲစဥ် အောင်မြင်မှုတော့ ရမယ်ပေါ့။ အခုကတော့ စုဖွဲ့မှုအားက နည်းနေသေးတယ်လို့ ကျနော်တို့မြင်တယ်။ စုဖွဲ့မှုအားကတော့နည်းနေသေးတယ်။ ခဲယမ်းမီးကျောက်ကတော့ လိုတာထက်ပိုပြီး မရရှိသေးဘူး။ ဒီအခက်အခဲတွေရှိတယ်။ တကယ်တမ်းဒါတွေသာ လုံလုံလောက်လောက်ရမယ် စုဖွဲ့မှုအားကောင်းမယ်ဆိုရင် မကြာပါဘူး၊ ကျနော်တို့မြန်မာနိုင်ငံအပေါ်ပိုင်း ပုံစံမျိုးပဲ ရလာဒ်ကောင်းတွေဖြစ်ပေါ်လာမှာပါ။
တနင်္သာရီတိုင်းအင်အားစုတွေအနေနဲ့ပေါ့နော်၊ အင်အားပိုကောင်းလာအောင်၊ ဘာတွေလုပ်သင့်သလဲဆိုလို့ရှိရင် နှစ်ပိုင်းရှိမယ်။ လက်ရှိ EAO ကတပိုင်းရှိမယ်၊ NUG အစိုးရအုပ်ချုပ်ရေးဘက်ကနေ တပိုင်းရှိမယ်။ Chain of command ကောင်းကောင်းနဲ့ သွားနိုင်တယ်ဆိုလို့ရှိရင်တော့ အဆင်ပြေသွားမယ်ပေါ့။ တကယ်တမ်းဒါကြီးတွေက သူများနေရာတွေက ဘယ်လောက်ပဲအောင်မြင်မှုတွေရနေပါစေ စွမ်းဆောင်မှုပိုင်းဘယ်လောက်ပဲကောင်းကောင်း၊ ခုဏတုန်းက ကျနော်ပြောတဲ့အချက်တွေကို တကယ့်တာဝန်ရှိတဲ့ လူတွေကနေပြီးတော့ ဖြည့်ဆည်းမှုမပေးနိုင်ဘူး ဆိုလို့ရှိရင် ကျနော်တို့က တုတ်နဲ့သွားတိုက်လို့ရတဲ့ ကိစ္စမဟုတ်ဘူး။ တဖက်အင်အားစုက လုံးဝ လက်နက်ခဲယမ်းအပြည့်အစုံရှိနေတဲ့ အင်အားစုဖြစ်နေတယ်။ ကျနော်တို့မှာက ဘာမှရှိတာမဟုတ်ဘူး။ မရှိက၊ ရှိက လက်နက်လေးနဲ့ သွားတိုက်နေရတဲ့အတွက်ကြောင့်မို့လို့ ကျည်ဆံတွေ၊ လုံလောက်မှုမရှိဘူးဆိုလို့ရှိရင် ကျနော်တို့တော်လှန်ရေးရဲဘော်တွေအနေနဲ့ အခက်အခဲတွေရှိတယ်ပေါ့နော်။ ရိက္ခာပိုင်းကတော့ ရှာကြံပြီးတော့ ရှာဖွေစားသောက်လို့ရပေမဲ့ ဒီ ကျည်ဆံကို ကျနော်တို့လည်းထုတ်လို့မတတ်ဘူးလေ။ ဆိုတော့တာဝန်ရှိတဲ့သူတွေအနေနဲ့ လုပ်ပေး ပံ့ပိုးပေးမှသာ ဒါကအဆင်ပြေနိုင်မှာလေ။ ဒါကတော့ ရိုးရိုးရှင်းရှင်းလေးပါပဲ။
The Tanintharyi Times