တောင်သူလယ်သမားနေ့ အစစ်အမှန် က ဘယ်နေ့လဲ
တောင်သူလယ်သမားနေ့ အစစ်အမှန် က ဘယ်နေ့လဲ

စစ်အာဏာရှင်တွေ အဆက်ဆက် သတ်မှတ်ခဲ့တဲ့ မတ်လ ၂ တောင်သူလယ်သမားနေ့ အဖြစ် လက်မခံဘဲ သုပဏ္ဏကဂဠုနရာဇာဘွဲ့ခံ ဆရာစံက ကိုလိုနီနယ်ချဲ့စနစ်ကို စတင်တော်လှန်ခဲ့တဲ့နေ့ ဒီဇင်ဘာလ ၂၂ရက် ကို သာ တောင်သူလယ်သမားနေ့အဖြစ် တော်လှန်ရေး အဖွဲ့အစည်းတွေ ကလက်ခံထားကြပါတယ်။
စစ်အာဏာရှင် ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းတဲ့နေ့ကို အာဏာရှင်အဆက်ဆက်က တောင်သူလယ်သမား နေ့အဖြစ်သတ်မှတ်ခဲ့ကြပြီး ဒါကို တော်လှန်ရေးအင်အားစုတွေနဲ့ နိုင်ငံရေး အင်အားစုအသီးသီးက လက်မခံဘူးလို့ ဒို့မြေကွန်ရက်က ဆိုပါတယ်။
၁၉၃၀-ခုနှစ်၊ ဒီဇင်ဘာ ၂၂ရက်နေ့ ဟာ တော်လှန်ရေးခေါင်းဆောင် သုပဏ္ဏကဂဠုနရာဇာဘွဲ့ခံ ဆရာစံက ကိုလိုနီနယ်ချဲ့စနစ်ကို စတင်တော်လှန်ခဲ့တဲ့နေ့ဖြစ်လို့ ဒီကနေ့ (ဒီဇင်ဘာလ ၂၂ရက်)ကို တောင်သူလယ်သမားနေ့အဖြစ် တောင်သူလယ်သမားအင်အားစုအသီးသီးရဲ့ သဘောထားနဲ့ ပြန်လည် အတည်ပြုခဲ့တာပါ။
ပြီးခဲ့တဲ့၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ၂၁ရက်နဲ့ ၂၂ရက်နေ့တွေမှာ တောင်သူ လယ်သမားညီလာခံ ကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံတဝှမ်းက တောင်သူလယ်သမား အင်အားစုအသီးသီးတက်ရောက်ကာ တောင်သူလယ်သမားတွေရဲ့ သဘောထားတွေရယူပြီး ဒီကနေ့ကို တောင်သူလယ်သမားနေ့အဖြစ် ထပ်မံအတည်ပြုခဲ့ကြတာ ဖြစ်ပါတယ်။
အသစ်အတည်ပြုထားတဲ့ တောင်သူလယ်သမားနေ့ကို သာလက်ခံပြီး ဖက်ဒရယ်စနစ်ကို ရိုက်ချိုးကာ တိုင်းရင်းသားပြည်သူတွေကို သတ်ဖြတ်ခဲ့တဲ့ နေ့ကို တောင်သူလယ်သမားနေ့အဖြစ်သတ်မှတ်တာကို လက်မခံဘူးလို့ ဒို့မြေကွန်ရက်က ထုတ်ပြန်ကြေညာ ခဲ့ပါတယ်။
“စစ်တပ်က သတ်မှတ်တဲ့ မတ်လ ၂ရက်နေ့ကို ငြင်းပယ်ပြီး ဒီဇင်ဘာ၂၂ရက်နေ့ကို တောင်သူလယ်သမားအဖြစ်သတ်မှတ်ကျင်းပတာက စစ်တပ်လမ်းကြောင်းပေးတဲ့ သတ်မှတ်ချက်တွေကို ချေဖျက်လိုက်တာဘဲ” လို့ စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှု (AJMM)က ဒီကနေ့မှာ သတင်းစကားပါးပြောဆိုပါတယ်။
ဆရာစံဦးဆောင်တဲ့ နယ်ချဲ့အရင်းရှင်တော်လှန်ရေး စတင်ခဲ့တဲ့ ဒီကနေ့ (ဒီဇင်ဘာလ၂၂ရက်)ကိုသာ တောင်သူလယ်သမားနေ့အဖြစ် အသိအမှတ်ပြုပြီး စစ်အာဏာရှင်တော်လှန်ရေးမှာ တောင်သူလယ်သမားတွေအနေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့အတူ ရှိနေမယ်လို့ တောင်သူ့လွတ်မြောက်ရေးအင်အားစုက ထုတ်ပြန်ပါတယ်။
အလားတူဘဲ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကလည်း နွေဦးတော်လှန်ရေးရည်မှန်းချက်တွေ ပြည့်မြောက်အောင်မြင်တဲ့အထိ တောင်သူလယ်သမားထုကြီးနဲ့အတူ လူမျိုးပေါင်းစုံ ဗမာပြည်သူတွေနဲ့အတူ ကျရာတာဝန်ထမ်းပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ သူတို့ရဲ့ ၉၃နှစ်မြောက် တောင်သူလယ်သမားနေ့ အထိမ်းအမှတ် သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
ဒီကနေ့ကျရောက်တဲ့ တောင်သူလယ်သမားနေ့မှာ ဒေသအသီးသီး ၊လူမျိုးအသီးသီးက တောင်သူလယ်သမား တွေကို ဂုဏ်ပြုရင်း တောင်သူလယ်သမားအရေးလှုပ်ရှားမှုတွေမှာ ပူးပေါင်းပါဝင်ရပ်တည်မယ်လို့ လူမျိုးပေါင်းစုံအထွေထွေသပိတ်ကော်မတီ (GSCN)က သဝဏ်လွှာပေးပို့ခဲ့ပါတယ်။
အသစ်အတည်ပြုထားတဲ့ တောင်သူလယ်သမားနေ့ကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)ကလည်းလက်ခံပြီး ယခင် စစ်တပ်က သတ်မှတ်တဲ့ မတ်လ ၂ရက် တောင်သူလယ်သမားနေ့ဆိုတာဟာ စစ်အာဏာရှင်အမြစ်တွယ်ခိုင်မာရေးနဲ့ လယ်သမားထုကို တိုင်းရင်းသားပြည်သူတရပ်လုံးနဲ့ ဖဲ့ထုတ်သွေးခွဲ စည်းရုံးတဲ့ နည်းနာတခုသာဖြစ်လို့ လက်မခံဘူးလို့ ထုတ်ပြန်ပါတယ်။
KNDF ဒုစစ်ဦးစီးချုပ်မာဝီကလည်း အသစ်အတည်ပြုထားတဲ့ တောင်သူလယ်သမားနေ့ ကိုသာလက်ခံကြောင်းသတင်းစကားပါးခဲ့ပါတယ်။
“မတ်လ(၂)ရက်နေ့ တောင်သူလယ်သမားနေ့ကိုလည်း၊ နေဝင်းအာဏာသိမ်းတဲ့ နေ့ကိုသတ်မှတ်ပြီးတော့ အလွဲအမှားတွေ ဖြစ်အောင်ကြီုးစားပြီးတော့ တစ်ဖက်လှည့်နဲ့ လုပ်ခဲ့တဲ့အခြေအနေတွေရှိခဲ့တယ်။ သို့သော် တော်လှန်ရေးတွေအားလုံး၊ ကြမ်းတမ်းမှုတွေအားလုံး၊ လူမှုအသိုင်းအဝိုင်းအတွက် ရုန်းကန်မှုတွေအားလုံး အခြေခံလူတန်းစားဖြစ်တဲ့ အောက်ခြေလူတန်းစားဖြစ်တဲ့ တောင်သူလယ်သမားတွေသာလျှင် ကျွန်တော်တို့ ကြံ့ကြံ့ခံ ပါဝင်ခဲ့သလို၊ ကြိုးစားမှုတွေမှာလည်း ထိုလူတွေကသာ ပိုကြိုးစားခဲ့ရတာ၊ ဒီလူမှုအသိုင်းအဝိုင်းကို တည်ဆောက်တဲ့အခါမှာ ဒီလူတွေကပဲ တည်ဆောက်ခဲ့ရတာ။ တည်ဆောက်ပြီးတော့ ရလဒ်တွေရလာတဲ့အခါမှာလည်း လယ်သမားဆို လယ်ထဲပြန်သွားပြီးတော့ အကြိုးအမြတ်တွေ၊ ဒီကြိုးစားမှုတွေရဲ့ အသီးအပွင့် ရာထူးအာဏာကိုမယူဘဲ လုပ်ခဲ့ရတဲ့ လူတန်းစားတွေသည် အမြဲတမ်း အောက်ခြေလူတန်းစား တောင်သူလယ်သမားတွေပဲ ဖြစ်တယ်။ တောင်သူလယ်သမားနေ့ အထိန်းအမှတ်နေ့ ကျွန်တော်တို့ သတ်မှတ်တဲ့အခါမှာလည်း တောင်သူလယ်သမားတွေအားလုံး ကြိုးစားပါဝင်ခဲ့တဲ့နေ့မျိုးတွေကို ကျွန်တော်တို့ပိုပြီးတော့ သတ်မှတ်ရမှာဖြစ်တယ်။ ဒါကြောင့်မို့ ကျွန်တော်တို့သည် မြေယာအရေး စီမံဆောင်ရွက်တဲ့ ကျွန်တော်တို့မိတ်ဆွေတွေ ကျွန်တော်တို့ တောင်သူလယ်သမားအရေးဆောင်ရွက်တဲ့ တောင်သူလယ်သမားတွေကိုယ်တိုင်၊ ပြီးတော့ တခြားသော မိတ်ဖက်အဖွဲ့အစည်းတွေ လူပုဂ္ဂိုလ်တွေအားလုံးကျွန်တော်တို့ တောင်သူလယ်သမားနေ့သည် ဆရာစံတို့ စကြိုးစားခဲ့ကြတဲ့ ဒီဇင်ဘာ(၂၂)ရက်နေ့၊ တော်လှန်ရေးကိုစပြီးတော့မှ တော်သူလယ်သမားတွေသေချာပါဝင်ပြီးတော့ ဦးဆောင်ခဲ့တဲ့နေ့ကို ကျွန်တော်တို့က တောင်သူလယ်သမားနေ့အဖြစ် လက်ခံကျင့်သုံးလိုတယ်” လို့ KNDF ဒုစစ်ဦးစီးချုပ်က ပြောဆိုပါတယ်။
မနှစ်က ကျရောက်တဲ့ တောင်သူလယ်သမားနေ့မှာတော့ လယ်ယာမြေနဲ့ တောင်သူလယ်သမားအရေး ဆောင်ရွက်နေတဲ့ ဒို့မြေကွန်ယက်က ခေတ်အဆက်ဆက် မြေယာဥပဒေအမျိုးမျိုးပြဌာန်းပြီး မြေယာလက်ဝါးကြီးအုပ်တာ၊ အတင်းအဓမ္မသိမ်းယူတာ၊ ရိုးရာဓလေ့မြေအသုံးချမှုတွေကိုဖျက်ဆီးတာနဲ့ ဖက်ဒရယ်စနစ်နှင့် ဆန့်ကျင်တဲ့ လုပ်ထုံးလုပ်နည်းတွေ အသုံးပြုတာတွေကို ရပ်တန့်သွားတဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် လူထုမြေယာအခွင့်အရေးအတွက် အာမခံချက်ရှိတဲ့ ဖက်ဒရယ်မြေယာစီမံခန့်ခွဲမှုစနစ်ပေါ်ပေါက်တဲ့ အထိ တိုက်ပွဲဝင်ရပ်တည်သွားမယ်လို့လည်း ဆိုပါတယ်။
ဖက်ဒရယ်နိုင်ငံသစ်ဆီ ချီတက်နိုင်ရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လူမျိုးပေါင်းစုံနှီးနှော ဖလှယ်ပွဲကြီး ပြုလုပ်နေချိန် ၁၉၆၂-ခုနှစ် မတ်လ(၂)ရက်နေ့ အာရုဏ်မတက်မီအချိန်မှာ အာဏာရှင် ဗိုလ်ချုပ်နေဝင်း က စစ်အာဏာသိမ်းခဲ့ပြီး အဆိုပါနေ့ကို နောက်ပိုင်းမှာ တောင်သူလယ်သမား နေ့အဖြစ်သတ်မှတ်ထားခဲ့တာဖြစ်ပါတယ်။
အခုလို စစ်အာဏာရှင် ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းယူခဲ့တဲ့ မတ်လ ၂ရက်နေ့ကို တောင်သူလယ်သမားနေ့အဖြစ်လက်မခံဘဲ ဒီဇင်ဘာ ၂၂ရက်နေ့ကို ပြောင်းလဲသတ်မှတ်လိုက်ခြင်းအပေါ် တော်လှန်ရေးအင်အားစုတွေက လက်ခံပြီး အထိမ်းအမှတ်သဝဏ်လွှာတွေ ပေးပို့ခဲ့ကြတာ ဖြစ်ပါတယ်။
Connect Burma
The Tanintharyi Times