စစ်ကောင်စီနဲ့ လေဖမ်းဒန်းစီး နျူကလီးယား

စစ်ကောင်စီနဲ့ လေဖမ်းဒန်းစီး နျူကလီးယား

မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဥ်ထဲက ၂၀၂၅ ခုနှစ် မတ်လ ၄ ရက်နေ့မှာ ရုရှားသမ္မတ ပူတင်နဲ့ စစ်ကောင်စီ ဥက္ကဌ မင်းအောင်လှိုင်တို့ရှေ့မှောက် ရုရှားနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်းနဲ့ သိပ္ပံနှင့် နည်းပညာဝန်ကြီး ဒေါက်တာမျိုးသိမ်းကျော်တို့က နျူကလီးယားစွမ်းအင်သုံး အသေးစား ဓါတ်အားပေးစက်ရုံ တည်ဆောက်ဖို့ သဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့ပါတယ်[1]။ မဂ္ဂဝပ် ၃၃၀ အထိ ထပ်တိုးထုတ်လုပ်နိုင်မယ့် မဂ္ဂဝပ် ၁၁၀ အသေးစား လျှပ်စစ်ဓါတ်အားထုတ်လုပ်တဲ့ (Small Modular Reactor) တည်ဆောက်လည်ပတ်ရေးစာချုပ်လက်မှတ်ရေးထိုးအပြီးမှာတော့ စီမံကိန်းရဲ့ ဖြစ်တန်ချေ အလားအလာတွေနဲ့ စပ်လျဥ်းပြီး ဆွေးနွေးငြင်းခုန်တာတွေ တွေ့ရပါတယ်။ ဒီလို နျူးကလီးယားစက်ရုံမျိုး တည်ဆောက်လည်ပတ်ဖို့ဆိုရင် ဘေးကင်းလုံခြုံမှုနဲ့ စည်းမျဥ်းစည်းကမ်း ၊ နည်းပညာဆိုင်ရာ ကျွမ်းကျင်မှု စတာတွေအပြင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စိန်ခေါ်မှုတွေရှိပါတယ်။
 
■ စည်းမျဉ်းစည်းကမ်းနဲ့ ဘေးကင်းလုံခြုံရေးဆိုင်ရာ စိန်ခေါ်မှု
 
နျူကလီးယားစက်မှုလုပ်ငန်းတွေ ဘေးကင်းစွာ ဖွံ့ဖြိုးတိုးတက်ဖို့ နဲ့ လုပ်ငန်းဆောင်တာတွေ စနစ်တကျအလုပ်လုပ်နိုင်ဖို့ဆိုရင် ခိုင်မာတဲ့ စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ထားဖို့ လိုသလို ဒီစည်းမျဥ်းစည်းကမ်းတွေအတိုင်း လိုက်နာဖို့နဲ့ ပျက်ကွက်ရင် တာဝန်ရှိတဲ့အဖွဲ့အစည်းကို အရေးယူဖို့ စတဲ့ တာဝန်ယူမှု တာဝန်ခံမှုတွေက အရေးကြီးပါတယ် ။ ဒါ့အပြင် နိုင်ငံတကာ လုံခြုံရေး စံချိန်စံညွှန်းတွေနဲ့ လုပ်ထုံးလုပ်နည်းတွေကို လိုက်နာဖို့လည်း လိုအပ်ပါတယ်။ ဘေးအန္တရာယ် ကင်းရှင်းဖို့ စည်းကမ်းချက်တွေ ပြဌာန်းတာအပြင် စံနှုန်းတွေနဲ့ အညီလိုက်နာဆောင်ရွက်ဖို့ဆိုတာ မြန်မာနိုင်ငံလို ဥပဒေစိုးမိုးမှုမရှိတဲ့ နိုင်ငံအတွက်ဆို အကြီးမားဆုံး စိန်ခေါ်မှုပါ။
 
■ နည်းပညာဆိုင်ရာ ကျွမ်းကျင်မှု

နျူကလီးယား နည်းပညာဖွံ့ဖြိုးဖို့ဆိုရင် အထူးပြုလေ့ကျင့်သင်ကြားထားသော လုပ်သားအင်အား လိုအပ်ပါတယ် ။ နျူးကလီးယားသိပ္ပံနှင့် သက်ဆိုင်တဲ့ အင်စတီကျူးရှင်းတွေ အခြေခံအဆောက်အအုံတွေ မရှိသလို ကျွမ်းကျင်လုပ်သားတွေလည်းမရှိပါဘူး။ ရုရှားက ပညာရှင်တွေရဲ့ အကူအညီယူမယ်ဆိုရင်လည်း ဒီနည်းပညာအတွက် နိုင်ငံတစ်နိုင်ငံအပေါ် ကာလရှည် မှီခိုရတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်လာပါမယ်။ နျူးကလီယားဆိုင်ရာ ဥပဒေ ၊ ရီအက်တာ များဘေးကင်းလုံခြုံရေးနဲ့ ဓါတ်ရောင်ခြည်ကာကွယ်ရေးအစီအမံတွေ အပြင် အရေးပေါ်အခြေအနေအတွက်ပြင်ဆင်မှုစတဲ့ ပညာရပ်နယ်ပယ်များမှာ လေ့ကျင့်သင်ကြားထားတဲ့ ပညာရှင်တွေ ၊ ဒီလိုပညာရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ လွတ်လပ်တဲ့ အဖွဲ့အစည်းတွေရှိဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် စိုးရိမ်ဖွယ်အကောင်းဆုံးက ရေဒီယိုသတ္တုကြွပစ္စည်းတွေကို ကိုင်တွယ်ဖို့နဲ့ စီမံခန့်ခွဲဖို့ အတွက် လုံးဝအတွေ့အကြုံမရှိတာပဲ ဖြစ်ပါတယ်။ လက်ရှိအခြေအနေအရ မြန်မာနိုင်ငံရဲ့ နည်းပညာစွမ်းရည်ဟာ အကန့်အသတ်တွေအများကြီးပါ။
 
■ ငွေကြေးရင်းနှီးမြှုပ်နှံမှု
 
နျူကလီးယားစွမ်းအင်စက်ရုံတွေဟာ အလွန်စျေးကြီးပြီး တည်ဆောက်ဖို့ ၊ ရေရှည်လည်ပတ်ဖို့နဲ့ ထိန်းသိမ်းဖို့အတွက် ကြီးမားတဲ့ ငွေကြေးအရင်းအနှီးလိုအပ်တယ်လို့ ဆိုပါတယ်။ ကနဦးရင်းနှီးမြှုပ်နှံမှုကုန်ကျစရိတ်ဟာ မြင့်မားပြီး စက်ရုံတစ်ခုရဲ့ ပျမ်းမျှကုန်ကျစရိတ်မှာ ဒေါ်လာဘီလျံနဲ့ချီ ကျသင့်တယ်လို့ သိရပါတယ်။ ကနဦးရင်းနှီးမြှုပ်နှံမှု စရိတ်မြင့်မားသလို လည်ပတ်ထိန်းသိမ်းဖို့စရိတ်လည်း များပါတယ်။ နျူကလီးယားစက်ရုံတွေဟာ စဥ်ဆက်မပြတ် ထိန်းသိမ်းမှု၊ လောင်စာသံသရာစီမံခန့်ခွဲမှု နဲ့ ဘေးကင်းရေးအဆင့်မြှင့်တင်မှုတွေ လိုအပ်ပါတယ် ။ စက်ရုံပိတ်သိမ်းပြီးနောက်ပင် ဒေါ်လာမီလီယံ ရာနဲ့ချီ ကုန်ကျနိုင်ပြီး နှစ်ပေါင်း ၂၀ ကျော်ကြာမြင့်နိုင်တယ်လို့ ဆိုပါတယ် ။ ကမ္ဘာတစ်ဝှမ်းမှာ  နျူကလီးယားစီမံကိန်းတွေဟာ နှောင့်နှေးမှု၊ ဘတ်ဂျက်လိုငွေနဲ့ မျှော်မှန်းမထားတဲ့ ကုန်ကျစရိတ်တွေကို မကြာခဏကြုံတွေ့နေရပါတယ် ။ ဥပမာ – ဖင်လန်နိုင်ငံရှိ Olkiluoto 3 နျူကလီးယားစက်ရုံဟာ ပြီးဆုံးဖို့ နှစ် ၁၅ ကျော်ကြာပြီး မူလခန့်မှန်းထားတဲ့ ဘတ်ဂျက် ၃ ဒသမ ၂၇ ဘီလျံ ထက် ၃ဆကျော်ကုန်ကျခဲ့ပြီး ၁၁ ဘီလျံ ဒေါ်လာ ကုန်ကျခဲ့ပါတယ်[2] ။ မြန်မာနိုင်ငံရဲ့ လက်ရှိဘဏ္ဍာရေးလိုငွေပြမှုတွေနဲ့ စီးပွားရေးအကျပ်အတည်းတွေ နောက်စီးပွားရေးပိတ်ဆို့မှုကြောင့် နိုင်ငံတကာငွေကြေးအဖွဲ့အစည်းတွေဆီက အကူအညီလည်း ရမှာ မဟုတ်ပါဘူး ။ ဒါဆို ရုရှားဆီက ချေးငွေ သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုနဲ့ စီမံကိန်းကိုတည်ဆောက်လည်ပတ်မှာလား ၊ ကြွေးမြီးထောင်ချောက်နဲ့ ရှရှားရဲ့အလုံးစုံလွှမ်းမိုးမှု အန္တရာယ် နဲ့အတူ အခြားပထဝီနိုင်ငံရေးဆိုင်ရာ တွေးဆစရာတွေလည်း အများကြီးပါ။
 
■ ဖြစ်ရပ်လေ့လာချက်တွေ

နောက်မေးခွန်းက အလားတူနျူးကလီးယား စက်ရုံလည်ပတ်ရင်း တစ်စုံတစ်ရာ မှားယွင်းခဲ့မယ်ဆို ဘာဖြစ်မှာလဲ ဘယ်သူတွေက တာဝန်ယူမှာလဲဆိုတာပါပဲ ။

ယူကရိန်းမှာ ၁၉၈၆ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ချာနိုဘိုင်းအဏုမြူဘေးအန္တရာယ် ဟာ လူသိများပါတယ်[3]။ ရီအက်တာဒီဇိုင်းရဲ့ အားနည်းမှုနဲ့ လူသားတွေရဲ့ အမှားကြောင့် ချာနိုဘိုင်း နျူးကလီးယားစက်ရုံဟာ လေ့ကျင့်မှု တစ်ခုအတွင်းပေါက်ကွဲခဲ့ပါတယ်။ ဒီပေါက်ကွဲမှုကြောင့် ဓါတ်ရောင်ခြည် ပမာဏမြောက်များစွာထုတ်လွှတ်ခဲ့ပြီး ယူကရိန်း ၊ ဘီလာရုစ်နဲ့ ရုရှားနိုင်ငံရှိ ဧရိယာစတုရန်းကီလိုမီတာ တစ်သိန်းခွဲ ကို ညစ်ညမ်းစေခဲ့ပါတယ်။ ပေါက်ကွဲမှုဖြစ်ပြီး မကြာခင်အတွင်း လူပေါင်း ၃၀ သေဆုံးခဲ့သလို ပေါက်ကွဲမှုရဲ့ နောက်ဆက်တွဲဆိုကျိုးကြောင့် အနည်းဆုံး လူပေါင်း ၄,၀၀၀ သေဆုံးနိုင်တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ခဲ့ပါတယ် [4]။ လူပေါင်း ထောင်သောင်းချီမှာ ကင်ဆာအပါအဝင် ဓါတ်ရောင်ခြည်ဆိုင်ရာ ရောဂါတွေ ဖြစ်ပွားခဲ့ပြီး လူပေါင်း ၆၀,၀၀၀ လောက်အထိ အဲဒီပေါက်ကွဲမှုကြောင့် သေဆုံးခဲ့တယ်လို့ ခန့်မှန်းကြပါတယ်။ ဒါ့အပြင် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုတွေ ကာလကြာရှည်စွာဖြစ်ပေါ်ခဲ့ပြီး ဒီနေ့အထိ ကီလိုမီတာ ဧရိယာ ၃၀ လောက်မှာ လူနေထိုင်လို့ မရသေးပါ ။ လူသေဆုံးမှု နဲ့ရေရှည် သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှုတွေအပြင် ကျန်းမာရေးစရိတ် အပါအဝင် ပြောင်းရွှေ့နေထိုင်မှုတွေအတွက်၊ ကုန်ကျစရိတ်တွေအတွက် ဒေါ်လာဘီလီယံနဲ့ ချီပြီး ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့်  တစ်ကမ္ဘာလုံးမှာ အဲဒီလိုဖြစ်ရပ်တွေ ထပ်မဖြစ်ဖို့  မူဝါဒပြောင်းလဲမှုတွေ ပြုလုပ်ခဲ့သလို နိုင်ငံများစွာမှာလည်း  နျူကလီးယားစွမ်းအင်အစီအစဉ်တွေကို ပြန်လည်သုံးသပ်ခဲ့ကြပါတယ်။
 
နောက်ထပ် ဥပမာပေးစရာတစ်ခုက ၂၀၁၁ မှာ ဂျပန်မှာ ဖြစ်ခဲ့တဲ့ ဖူကူရှီးမားဒိုင်းအိချိ   နျူကလီးယားအန္တရာယ်ဖြစ်စဥ်ပါ[5]။ ရစ်ချတ်စကေး ၉ ဒသမ ၀ ပမာဏရှိတဲ့  ငလျင်နဲ့ ဆူနာမီတွေဟာ ဖူကူရှီးမားနျူကလီးယားစက်ရုံရဲ့ ဘေးကင်းရေးစနစ်တွေကို ကျော်လွန်ပြီး ရီအက်တာတွေ အရည်ပျော်ကျခဲ့လို့ ဓာတ်ရောင်ခြည်ညစ်ညမ်းမှုများကို ဖြစ်ပေါ်စေခဲ့ပါတယ်။ လူပေါင်း ၁၆၀,၀၀၀ ကျော် ကို ကယ်တင်နေရာချထားခဲ့ရပြီး စိတ်ဖိစီးမှုနဲ့ နေရာချထားမှုတွေအတွင်း လူဦးရေထောင်နဲ့ချီ သေဆုံးခဲ့တယ်လို့ဆိုပါတယ်။ ဒါ့အပြင် ရေ၊ မြေနဲ့ ပင်လယ်သက်ရှိတွေကို ဓာတ်ရောင်ခြည်ညစ်ညမ်းမှုဖြစ်ပေါ်စေခဲ့ပါတယ်။ အဲဒီ ညစ်ညမ်းမှုတွေကို သန့်စင်ဖို့အတွက် ဒေါ်လာ ၂၀၀ ဘီလီယံခန့် ကုန်ကျခဲ့ ပြီး ဒီနေ့အထိ ဆက်လက်ကုန်ကျနေဆဲဖြစ်ပါတယ် [6]။ အဆိုးဆုံးကတော့ နျူကလီးယားစွမ်းအင်အပေါ် ပြည်သူလူထုရဲ့ ယုံကြည်မှု ပျောက်ဆုံးသွားခဲ့တာဖြစ်ပြီး ဂျပန်နိုင်ငံဟာ နျူကလီးယားစွမ်းအင်အစီအစဉ်တွေကို လျှော့ချခဲ့ရပါတယ်။
 
ဖော်ပြခဲ့တဲ့ ဖြစ်ရပ်တွေကို ကြည့်မယ်ဆိုရင် ရေကြီးတာလောက် မြေပြိုတာလောက်တောင်မှ စနစ်တကျ တုံ့ပြန်နိုင်စွမ်းမရှိတဲ့ မြန်မာနိုင်ငံမှာ နျုကလီးယားစွမ်းအင်ကြောင့်ဖြစ်ပေါ်နိုင်တဲ့ ဆိုးကျိုးတွေကို စနစ်တကျထိန်းချုပ်ဖို့နဲ့ အရေးပေါ်အခြေအနေနဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကိုကိုင်တွယ်နိုင်ဖို့ဆိုတာ အလွန်တရာစိုးရိမ်စရာဖြစ်ပါတယ်။
 
နောက်ထပ်မေးခွန်းက ဒီလိုစက်ရုံတွေက ဘယ်လိုကောင်းကျိုးဆိုးကျိုးတွေသယ်ဆောင်လာမှာလဲ။ ဘယ်သူတွေက ကောင်းကျိုး အကျိုးစီးပွားတွေရရှိပြီး ဘယ်သူတွေက ဆိုးကျိုး ဒုက္ခသံသရာကို ခံစားရမှာလဲ။ ခေတ်အဆက်ဆက် အာဏာရှိသူတွေ ကော်ပိုရေးရှင်းတွေရဲ့ အကျိုးစီးပွားကိုပဲ ဦးစားပေးပြီး ပြည်သူလူထုကို မျက်ကွယ်ပြုခဲ့တဲ့ စီမံကိန်းတွေ အများကြီးပါ။ ရှမ်းပြည်နယ်မှာ တည်ရှိတဲ့ မြန်မာ့အကြီးဆုံး တီဂျစ် ကျောက်မီးသွေးဓါတ်အားပေးစက်ရုံက အနီးစပ်ဆုံး ဥပမာပါ။ တရုတ်ရင်းနှီးမြှုပ်နှံမှုနဲ့ ၂၀၀၂ ခုနှစ်က တည်ဆောက်ခဲ့တဲ့ တီဂျစ်ကျောက်မီးသွေးဓါတ်အားပေးစက်ရုံဟာဆိုရင် သဘာဝပတ်ဝန်းကျင်နဲ့ ကျန်းမာရေးဆိုးကျိုးတွေကြောင့် ပြဿနာတွေများခဲ့ပြီး လူထုရဲ့ စိုးရိမ်မှုတွေနဲ့ ပြဿနာတွေကြောင့် ၂၀၁၄ မှာ စက်ရုံပိတ်သိမ်းခဲ့ရပြီး ၂၀၁၇ မှာတော့ ကန့်ကွက်မှုတွေကြားထဲက ပြန်လည်ပြီး လည်ပတ်ခဲ့ပါတယ်။ ဒီလိုစက်ရုံတွေတည်ဆောက်ဖို့ လိုအပ်တဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု စစ်တမ်းမရှိဘဲ စက်ရုံတည်ဆောက်ခဲ့တာ ၊ နိုင်ငံတကာ ဘေးကင်းလုံခြုံရေးစံချိန်စံညွှန်းတွေ အတိုင်း စက်ရုံကို မလည်ပတ်တာ၊ အဲဒီိလိုမလိုက်နာတဲ့အပေါ် မြန်မာအစိုးရအနေနဲ့ စည်းကမ်းပိုင်းဆိုင်ရာ ထိန်းသိမ်းဖို့နဲ့ ဥပဒေစည်းကမ်းတွေကို ထိထိရောက်ရောက် အကောင်အထည်ဖော်ဖို့ အားနည်းခဲ့တာတွေ ရှိပါတယ်။ စက်ရုံအနားနေထိုင်တဲ့ ပြည်သူလူထုတွေက လေထုညစ်ညမ်းမှု ၊ ကျန်းမာရေးဆိုင်ရာ ပြဿနာနဲ့ လယ်မြေနဲ့ ရေအရင်းအမြစ်တွေကို ညစ်ညမ်းမှုတွေအတွက် ဆန့်ကျင်ကန့်ကွက်တာ တိုင်တန်းတာတွေလုပ်ဆောင်ခဲ့ပြီး နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဓါတ်အားပေးစက်ရုံတစ်ခုဖြစ်ပါတယ်။ ၂၀၁၇ မှာတော့ အသေးစားပြင်ဆင်မှုတွေ လုပ်ပြီး စက်ရုံကို ပြန်လည်လည်ပတ်ခဲ့ပါတယ် ။

နျူကလီးယား ဓါတ်အားပေးစက်ရုံတွေဟာ ကျောက်မီးသွေးဓါတ်အားပေး စက်ရုံတွေနဲ့ နှိုင်းယှဥ်ရင်  ကျန်းမာရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဘေးအန္တရာယ်ဆိုးကျိုးတော်တော်လေးများပါတယ်။ ရေဒီယိုသတ္တုကြွပစ္စည်းတွေ ယိုစိမ့်နိုင်တာ ၊ မြေအောက်ရေအရင်းအမြစ်ပျက်စီးသွားတာတွေဟာ တကယ့်ကပ်ဆိုးတွေပါ။ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေအရ ရင်းနှီးမြှုပ်နှံသူတွေအတွက်ဆို စွန့်စားလွန်းရာ ကျတာ ၊ နည်းပညာနဲ့ စည်းမျဥ်းစည်းကမ်းကင်းမဲ့တာ၊ ဥပဒေစိုးမိုးမှုမရှိတာနဲ့ စီမံခန့်ခွံမှု အလွန်တရာညံ့ဖျင်းတဲ့ အာဏာရှင်မင်းအောင်လှိုင်လက်ထက်မှာ နျူးကလီးယားစက်ရုံဆိုတာ လေဖမ်းဒန်းစီးတဲ့ စီမံကိန်းလို့ ဆိုရမှာပဲ ဖြစ်ပါတယ်။

[1] https://www.globalenergyworld.com/news/traditional-energy/2025/03/04/russia-myanmar-signed-intergovernmental-agreement-construction-small-modular-reactor
[2] https://www.dw.com/en/finlands-much-delayed-nuclear-plant-launches/a-61108015
[3]https://www.iaea.org/newscenter/focus/chernobyl/faqs#:~:text=1.,radioactive%20materials%20into%20the%20environment.
[4] https://press.un.org/en/2005/dev2539.doc.htm#:~:text=•%20New%20York-,CHERNOBYL%20:%20THE%20TRUE%20SCALE%20OF%20THE%20ACCIDENT,died%20as%20late%20as%202004.
[5] https://ourworldindata.org/what-was-the-death-toll-from-chernobyl-and-fukushima#:~:text=If%20we%20combine%20standard%20survival,of%202%25%20to%208%25).&text=This%20figure%20comes%20with%20significant%20uncertainty.
[6] https://www.bbc.com/news/world-asia-38131248

ဝီးဂျား

The Tanintharyi Times