အမုန်းစကားနဲ့ သတင်းမှားတွေကြားက ထိုင်းရောက်မြန်မာအလုပ်သမားတွေဘဝ
အမုန်းစကားနဲ့ သတင်းမှားတွေကြားက ထိုင်းရောက်မြန်မာအလုပ်သမားတွေဘဝ

ထိုင်းနိုင်ငံမှာ မကြာသေးခင် ကာလအတွင်း အွန်လိုင်းအခြေပြု အမုန်းစကားတွေနဲ့ သတင်းအမှား ဖြန့်ဝေမှုတွေ သိသိသာသာ အားကောင်းလာတာဟာ ရွှေ့ပြောင်းအလုပ်သမားတွေအပေါ် သက်ရောက်မှု ပြင်းထန်နေတယ်လို့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားကြသူတွေက ဆိုပါတယ်။
အဓိကအားဖြင့် မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုတို့က ရွှေ့ပြောင်းအလုပ်သမား သန်းနဲ့ ချီ ဟာ ထိုင်းနိုင်ငံရဲ့ စက်မှုစီးပွားရေးကဏ္ဍမှာ အဓိကကျတဲ့ ဆောက်လုပ်ရေးလုပ်ငန်း၊ စိုက်ပျိုးမွေးမြူရေး၊ ကုန်ထုတ်လုပ်ရေးနဲ့ ဝန်ဆောင်မှုလုပ်ငန်းအစုံမှာ ဝင်ရောက်အလုပ်လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံရဲ့ စီးပွားရေးမှာ ရွှေ့ပြောင်းအလုပ်သမားတွေက အဓိကကျတဲ့ အခန်းကဏ္ဍမှာ ရှိနေပေမဲ့ အများစုကတော့ ခက်ခဲကြမ်းတမ်းတဲ့ လုပ်ငန်းခွင် အနေအထားတွေ၊ လုပ်ခလစာ မလုံလောက်မှုတွေအပြင် ဥပဒေကန့်သတ်ချက် အများအပြားအောက်မှာ အလူးအလဲ ရင်ဆိုင်ရုန်းကန်နေကြရပါတယ်။
မကြားသေးခင် နှစ်တွေကစလို့ အမုန်းတရားတွေ အပြည့်နဲ့ ဇီနိုဖိုဘီးယား လို့ခေါ်တဲ့ “သူစိမ်းတွေကိုမုန်းတီးကြောက်ရွံ့ရောဂါ” လှိုင်းတွေကို လူ့အဖွဲ့အစည်းမှာ ပြည့်လျှမ်းလာအောင် ဆိုရှယ်မီဒီယာတွေကတဆင့် သတင်းအမှားတွေ ဖြန့်ဝေပြီး အားကောင်းမောင်းသန် လှုံ့ဆော်မှုတွေ ရှိလာပါတယ်။
ဒီလို ရည်ရွယ်ချက်ရှိရှိ အမုန်းစကားဖြန့်ဝေမှုတွေဟာ အောက်ခြေရွှေ့ပြောင်းလုပ်သားထုရဲ့ မရေရာ မသေချာမှုတွေနဲ့ ပြည့်နှက်နေတဲ့ ဘဝအခြေအနေကို ပိုဆိုးရွားတဲ့ အနေအထားကို မရောက်ရောက်အောင် တွန်းပို့နေတယ်လို့ ထိုင်းအရပ်ဘက်လူ့အဖွဲ့အစည်းတွေက ထောက်ပြနေကြပါပြီ။
“အခုဆိုရင် ရွေ့ပြောင်းအလုပ်သမားတွေနဲ့ ပတ်သက်တဲ့ ပြင်းထန်အမုန်းစကားတွေ ဖြန့်ဝေပြီး သူတို့ကို တိုက်ရိုက်တိုက်ခိုက်မှုတွေ လုပ်နေကြတဲ့ ထိုင်းအဖွဲ့အစည်းတချို့ ရှိနေတယ်” လို့ အလုပ်သမားအရွေး တက်ကြွလှုပ်ရှားနေတဲ့ Migrant Working Group ရဲ့ အစီအစဥ်ညှိနှိုင်းရေးမှူး Koreeyor Manuchae က ပြောပါတယ်။
Koreeyor တို့အဖွဲ့ဟာ Tik Tok ကို အသုံးပြုပြီး အမုန်းစကားတွေနဲ့ သတင်းအမှားတွေကို အလျင်အမြန် ပျံ့နှံ့အောင် လုပ်ဆောင်နေတဲ့ ပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေ ရှာဖွေဖို့ ကြိုးစားနေကြသူတွေ ဖြစ်ပါတယ်။
Tik Tok ရဲ့ တစ်မိနစ်အတွင်း ပို့စ်ပေါင်းမြောက်များစွာ ဖြန့်ဝေနိုင်မှုကို ရည်ညွှန်းပြီး “သူတို့မှာ စိစစ်မှုတွေ တော့ ရှိပါတယ်။ ဒါပေမဲ့ လူတွေကပဲ စိစစ်ကြတာဆိုတော့ အမှားအယွင်း အလွဲတွေ ရှိနေနိုင်တယ်။ ဒါကြောင့်ပဲ အခုလို အခြေအနေတွေ ကြုံလာရတာ မဟုတ်လား” လို့ သူမက ရှင်းပြပါတယ်။
“ဒီတော့ စိစစ်ရတဲ့ လူတွေအနေနဲ့ ဖြန့်ဝေသမျှ အကြောင်းအရာရဲ့ ၁၀၀ ရာခိုင်နှုန်းအပြည့်အဝကို ဘယ်လိုမှ ကြည့်ရှုစိစစ်နိုင်မယ် မထင်ဘူး” လို့ ဆိုပါတယ်။
အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်းအဖွဲ့ Labor Rights Foundation ရဲ့ စည်းရုံးရေးမှူး ဦးအောင်ကျော်ကလည်း အွန်လိုင်းပေါ်က ခံစားချက်အသားပေး ထင်မြင်ယူဆချက်တွေက တကယ့်လက်တွေ့ဘဝမှာတော့ ရွှေ့ပြောင်းအလုပ်သမားတွေကို အလုပ်လက်မဲ့ဖြစ်သွားစေနိုင်တဲ့အထိ သက်ရောက်မှု ကြီးတယ်လို့ သုံးသပ်ထားပါတယ်။
ဥပမာ အနေနဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တောင်ဘက်က စမွတ်ဆာခွန်ခရိုင် မှာ ငါးဖမ်းလုပ်ငန်းနဲ့ ပင်လယ်စာပြင်ဆင်ထုတ်လုပ်မှုကဏ္ဍတွေမှာ လုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ ပြီးခဲ့တဲ့ နှစ်ကစလို့ အွန်လိုင်းဆယ်လီ အများစုနဲ့ အစွန်းရောက် အမျိုးသားရေးဝါဒီအုပ်စုတွေရဲ့ အာဏာပိုင်တွေအသွင်ဖမ်းပြီး ရှောင်တခင် စစ်ဆေးမှုတွေကို မကြာခဏ ကြုံတွေ့နေရတယ်လို့ ဦးအောင်ကျော်က ဆက်လက် ရှင်းပြပါတယ်။
စစ်မှုထမ်းဥပဒေ၊ ပြည်တွင်းစစ်နဲ့ စီးပွားရေးအကျပ်အတည်းတို့ကြောင့် လစဥ် မြန်မာနိုင်ငံသား ၂၂၀၀၀ ခန့်က ထိုင်းနိုင်ငံကို ဝင်ရောက်လာတယ်လို့ International Organization for Migration အဖွဲ့ရဲ့ ၂၀၂၄ ခုနှစ် လေ့လာမှုအရ သိရပါတယ်။
လက်ရှိအချိန်မှာ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား ၇ သန်းထက်မနည်း ရှိနေတယ်လို့ ခန့်မှန်းထားပါတယ်။
ထိုင်းနိုင်ငံက အွန်လိုင်းကနေ အမျိုးသားရေးလှုံ့ဆော်သူ တွေဟာ မကြာခဏဆိုသလို အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို ခိုင်းစေတဲ့ စက်ရုံအလုပ်ရုံတွေကို အာဏာပိုင်တွေဆီ သတင်းပေးပြီး ဝင်ရောက်စီးနင်း ဖမ်းဆီးဖို့ လောဆော်လေ့ရှိပါတယ်။ အကျိုးဆက်အနေနဲ့
အထောက်အထားမပြနိုင်ကြသူတွေဟာ ဖမ်းဆီးချုပ်နှောင်ခံရပြီး ပြည်နှင်ဒဏ်ပေးခြင်း ခံကြရတယ်လို့ ဆိုပါတယ်။
“အစွန်းရောက် အမျိုးသားရေးဝါဒီအဖွဲ့တွေဟာ ပြီးခဲ့ တဲ့နှစ်အတွင်းမှာ ပိုပြီးတော့ ကျယ်ကျယ်လောင်လောင် လှုပ်ရှားလာကြတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လုပ်ဆောင်ရုံတင်မကဘူး အိမ်နီးချင်းနိုင်ငံတွေအထိပါ ပျံ့နှံ့အောင်လုပ်နေကြတယ်လို့” ဦးအောင်ကျော်က ဆိုပါတယ်။
■ ထိုင်းနိုင်ငံရေးအားပြိုင်မှုကြားက မြေစာပင်များ
ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးပါတီအချင်းချင်းကြား အားပြိုင်မှုကြောင့်လည်း ကြားထဲက ရွှေ့ပြောင်းအလုပ်သမားတွေက ပိုပြီးထိခိုက်ကြရတယ်လို့ Koreeyor က ဆိုပါတယ်။
အကြောင်းမှာ ထိုင်းနိုင်ငံရဲ့ ရှေးရိုးစွဲဝါဒီနိုင်ငံရေးသမားတွေက အတိုက်အခံပြောင်းလဲရေးဝါဒီတွေကို ထောက်ခံသူအရေအတွက် ကျဆင်းစေဖို့အတွက် အတိုက်အခံပါတီတွေ တက်တက်ကြွကြွ ခုခံရပ်တည်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားအရေးအပေါ် ထိုင်းပြည်သူတွေ အမုန်းပွားစေရေး ဆန့်ကျင်ဘက် လုပ်ကိုင်နေတာ ဖြစ်တယ်လို့ သူမက ရှင်းပြပါတယ်။
Stop Online Harm တည်ထောင်သူ Saijai Liangpunsakul ကလည်း အဆိုပါ ပြဿနာဟာ ရှေးရိုးစွဲပါတီတွေကို ထောက်ခံအားပေးသူတွေက ရွှေ့ပြောင်းလုပ်သား အရေးကို လူမှုမီဒီယာတွေမှာ တည်ကြက်အဖြစ် ဖန်တီးထားတဲ့ အကွက်ကျကျ စီစဥ်မှုလို့ ဆိုပါတယ်။
ရွှေ့ပြောင်းအလုပ်သမားတွေကို နိုင်ငံတော်လုံခြုံရေးနဲ့ ယဥ်ကျေးမှုလက္ခဏာတွေအပေါ် ခြိမ်းခြောက်မှုတွေအဖြစ် ပုံဖော်ဖန်တီးမှုတွေဟာ ရှေးရိုးစွဲဝါဒီတွေနဲ့ အမျိုးသားရေးဝါဒီ နိုင်ငံရေးပါတီတွေကနေ ထွက်ပေါ်လာတာ ဖြစ်ပြီး မကြာသေးခင်နှစ်တွေအတွင်း သိသိသာသာ တိုးပွားလာနေပါတယ်။
သာဓက အနေနဲ့ ရှေးရိုးစွဲ နိုင်ငံရေးအာဏာပိုင်တွေနဲ့ ထိုင်းကုန်သွယ်ရေးအဖွဲ့တွေဟာ ရွှေ့ပြောင်းအလုပ်သမားတွေကို တန်းတူ အလုပ်သမားအခွင့်အရေးပေးခြင်း၊ အကာကွယ်ပေးခြင်း စတာတွေကို တောင်းဆိုမှုတွေအပေါ် စဥ်ဆက်မပြတ် ဆန့်ကျင်ပယ်ချလာခဲ့ကြတာပါ။
ဘာကြောင့်လဲဆိုတော့ သူတို့က ရွှေ့ပြောင်းအလုပ်သမားတွေကို တန်းတူ အခွင့်ရေးပေးလိုက်မယ်ဆိုရင် ထိုင်းလူမျိုး အလုပ်သမားတွေရဲ့ အခွင့်အလမ်းတွေအပေါ် ထိခိုက်လာမှာ စိုးရိမ်ကြပါတယ်။
ထိုင်း-မြန်မာ နယ်စပ် က အနီးဆုံး ခရိုင်တွေဖြစ်တဲ့ ဘန်ကောက်နဲ့ တာ့ခ်ခရိုင်တို့မှာ ထိုင်းလူထုရဲ့ သဘောထားစစ်တမ်းကို ကောက်ယူလေ့လာရာမှာ ထိုင်းနိုင်ငံသား အများစုဟာ ရွှေ့ပြောင်းအလုပ်သမားတွေ အထူးသဖြင့် အထောက်အထားမဲ့ အလုပ်သမားတွေကို သူတို့ရဲ့ အလုပ်အကိုင်အခွင့်လမ်းဆိုင်ရာ ပြိုင်ဘက်တွေအနေနဲ့ ရှုမြင်တယ်ဆိုတဲ့ အဖြေရခဲ့ပါတယ်။
လက်ရှိမှာ အွန်လိုင်းမှာ တွေ့ရှိရတဲ့ အကြောင်းအရာတွေကို သတိကြီးကြီးထား ချင့်ချိန်သုံးသပ်ကြနိုင်ရေး သတိပေးဖို့ ကြိုးပမ်းကြတဲ့ ထိုင်းနိုင်ငံအခြေစိုက် အဖွဲ့အစည်းတွေလည်း ပေါ်ပေါက်လာပါတယ်။
“ဒီလိုအစွန်းရောက် ဆိုရှယ်မီဒီယာတွေ ပလက်ဖောင်းတွေရဲ့ ပဋိပက္ခတွေဆီ ဦးတည်စေတဲ့ သွေးဆောင်မှုနောက်ကို ပါမသွားစေဖို့ ပညာရပ်အသိုင်းအဝိုင်း၊ မီဒီယာ အသိုင်းအဝိုင်းတွေနဲ့ လူ့အဖွဲ့အစည်းတစ်ရပ်လုံးကပါ ဝိုင်းဝန်းတွန်းလှန်ရမယ့် တာဝန်ရှိပါတယ်။ ဒီလိုအခြေအနေမှာ စကားလုံးရွေးချယ်သုံးနှုန်းမှုတွေကိုပါ သတိကြီးကြီးထားပြီး ချင့်ချင့်ချိန်ချိန် လုပ်ကြရမယ်” လို့ ထိုင်း သုတေသီ Nuntiya Doungphummes က ပြောပါတယ်။
ဆက်လက်ပြီး သူမတို့အဖွဲ့ရဲ့ ၂၀၂၃ ခုနှစ်က လေ့လာထားတဲ့ ထိုင်းနိုင်ငံရဲ့ အွန်းလိုင်းအခြေပြု ခွဲခြားဆက်ဆံမှုဆိုင်ရာအပေါ် တွေ့ရှိချက်တွေကို ကိုးကားပြီး “ဒီလေ့လာမှုတွေအရ ဘာသာစကားဆိုင်ရာမှာ စကားလုံးရွေးချယ်မှုက သက်ရောက်မှု အတော်ကြီးတယ်” လို့ Nuntiya က ဆိုပါတယ်။
အစွန်းရောက်အမုန်းတရားပျံ့နှံ့မှုတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ရေးအတွက် တစ်ဦးချင်းစီမှာရော အစုအဖွဲ့အလိုက်မှာပါ ပညာပေးမှုတွေ လိုအပ်တယ်လို့ သူမက အကြံပြုထားပါတယ်။
လွန်ခဲ့တဲ့ ၅ နှစ်ခန့်ကတည်းက သူမတို့အဖွဲ့ဟာ ထိုင်းနိုင်ငံက သက်ကြီးရွယ်အိုတွေကို အွန်လိုင်းအခြေပြု သတင်းစကားတွေအပေါ် လက်တွေ့ကျကျ ဝေဖန်ပိုင်းခြားသုံးသပ်နိုင်ရေး လေ့ကျင့်ပေးနေတဲ့ သက်ကြီးပိုင်းမီဒီယာပညာတတ်မြောက်ရေး Intelligence Center for Elderly Media Literacy နဲ့ အလုပ်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။
“မီဒီယာတွေရဲ့ ပတ်သက်ပြီး ဘယ်လိုအကဲဖြတ်သုံးသပ်မလဲဆိုတာကို ရိုးရိုးရှင်းရှင်း အသိပညာပေးဖို့ လုပ်နေကြတာပါ။ ဒီလို လေ့ကျင့်ပေးခြင်းအားဖြင့် သူတို့အနေနဲ့ သူတို့ ရလာတဲ့ သတင်းအချက်အလက်တွေအပေါ်အခြေခံပြီး ဒါဟာယုံကြည်လို့ ရ၊မရ ဆိုတဲ့ ဆန်းစစ်နိုင်မှု စွမ်းရည်ပိုကောင်းလာတာ တွေ့ရပါတယ်” လို့ Nuntiya က ဆိုပါတယ်။
(Radio Free Asia အင်္ဂလိပ်ပိုင်းမှာ ဖော်ပြထားတဲ့ ဆောင်းပါးရှင် Kiana Duncan ရဲ့ “Online hate speech, disinformation target migrant workers in Thailand: advocates” ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ထားခြင်း ဖြစ်ပါတယ်)
(ယခုဘာသာပြန်ဆောင်းပါးကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်းတို့ပူးပေါင်းတင်ဆက်ပါတယ်)
The Tanintharyi Times