“ကားခေါင်းရှေ့ကနေရော ပတ်ပတ်လည်ကိုရော မိုင်းကိုကြိုးနဲ့ တန်းပြီး ထားလိုက်တယ်။ မိုင်းကြိုးတားတာပေါ့။ ကျမတို့လည်း အရမ်းကြောက်တာပေါ့။ ပြီးတော့ ကားပေါ်က ဆင်း၊ အကုန်ဆင်းလို့ပြောတယ်။”
“ကားခေါင်းရှေ့ကနေရော ပတ်ပတ်လည်ကိုရော မိုင်းကိုကြိုးနဲ့ တန်းပြီး ထားလိုက်တယ်။ မိုင်းကြိုးတားတာပေါ့။ ကျမတို့လည်း အရမ်းကြောက်တာပေါ့။ ပြီးတော့ ကားပေါ်က ဆင်း၊ အကုန်ဆင်းလို့ပြောတယ်။”

▪️ ကားမီးရှို့တာကို ကြုံခဲ့ရသူ ထားဝယ်ဒေသခံကလေးမိခင်တစ်ဦးနဲ့ အင်တာဗျူး
ထားဝယ်မြို့နယ်၊ အရှေ့တောဒေသက ဆင်ဖြူတိုင်ရွာအနီးမှာ ထိုင်းနိုင်ငံကို နယ်စပ်ဖြတ်ကျော်ဝင်ရောက်ခဲ့တဲ့ အရပ်သား ကားတစ်စီး အခုလ အစပိုင်းမှာ မီးရှို့ခံခဲ့ရပါတယ်။ ကားပေါ်ပါလာသူတွေနဲ့ ဒေသခံတွေကတော့ အဲဒီကားကို ကော်သူးလေတပ်မတော်(KTLA)ဘက်က မီးရှို့ခဲ့တယ်လို့ ပြောဆိုကြပါတယ်။ KNU တပ်မဟာ ၄ ဘက်ကလည်း အဲဒီကားကို ကော်သူးလေတပ်မတော်ဘက်က မီးရှို့ခဲ့တာလို့ဆိုပါတယ်။
ကားမီးရှို့ခံရတဲ့အချိန်ဟာ ဗိုလ်အယ်ခွီး(ကော်လာဖိုး)ဦးဆောင်တဲ့ ကော်သူးလေတပ်မတော် ဆာကပေါတပ်မက မေတ္တာ-ထီးခီးလမ်းကို သွားလာခွင့် ပိတ်ကြောင်းကြေညာထားချိန်လည်း ဖြစ်ပါတယ်။ ဗိုလ်အယ်ခွီးရဲ့ ကွပ်ကဲမှုအောက်မှာ မရှိတဲ့ ကော်သူးလေတပ်မတော် ဆာကပေါတပ်ရင်းကတော့ အဲဒီကားမီးရှို့မှုဟာ သူတို့နဲ့မသက်ဆိုင်ကြောင်း စာထုတ်ပြန်ထားပါတယ်။
အဲဒီကားပေါ်မှာ ထိုင်းနိုင်ငံကိုသွားမယ့် ခရီးသည်သုံးဆယ်ကျော်ပါလာတာပါ။ ကားပေါ်ပါလာသူတွေကို ဆင်ခိုင်းပြီး သူတို့မျက်စိရှေ့မှာပဲ ကားကိုမီးရှို့လိုက်ကြတာလို့ ဆိုပါတယ်။
ဒီဖြစ်စဉ် ဖြစ်ပျက်ခဲ့တာတွေကို သေချာသိနိုင်ဖို့အတွက် အဲ့ဒီကားပေါ်မှာလိုက်ပါလာပြီး ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ ကလေးသုံးယောက်မိခင် ထားဝယ်ဒေသခံအမျိုးသမီးကို တနင်္သာရီတိုင်းမ်ကနေ ဆက်သွယ်မေးမြန်းကာ တောင်ပိုင်းသားတို့အသံ အစီအစဉ်ကနေ ဖော်ပြလိုက်ပါတယ်။
(တောင်ပိုင်းသားတို့အသံ)
မေး – အစ်မတို့အဲဒီနေ့က ထိုင်းနိုင်ငံကို နယ်စပ်ဖြတ်ကျော်ဖို့ ထားဝယ်-ထီးခီးလမ်းအတိုင်း ကားနဲ့ လာကြတယ်လို့ သိရတယ်။ ဘယ်လိုကားနဲ့လာကြတာလဲ၊ ဘယ်ကနေလာကြတာပါလဲ။
ဖြေ – ကားကတော့ ဗီဂိုးကားပါပဲ။ လူကတော့ သုံးဆယ်ကျော်လောက် ပါတယ်။ ကလေးက ကျမကလေး သုံးယောက်ပဲပါတယ်။ လူသုံးဆယ်ကျော်ဆိုတော့ အရှေ့ရော နောက်ရော အပြည့်ထိုင်ရတာပေါ့။ ထားဝယ်တွေရော၊ တနင်္သာရီတိုင်းထဲကရော တခြားဒေသကလူတွေရော အကုန်ပါတယ်။ ကျမတို့ကတော့ ထားဝယ်ကပဲထွက်လာတာ။ ဒီလမ်းကပဲသွားနေကျဆိုတော့ ဒီလမ်းပဲ ရှမ်းပြည်(ထိုင်းနိုင်ငံ)ကို ပြန်ဝင်ဖို့ ထွက်လာတာ။ ရွာဘက်မှာအခြေအနေ မအေးတော့ ကလေးတွေကို တခါတည်းလာခေါ်တာ။ တိုက်ပွဲတွေ ပစ်တာခတ်တာတွေ တချိန်လုံးဖြစ်နေတော့။
မေး – အစ်မတို့ရဲ့ ကားက လမ်းပိတ်ထားတဲ့အချိန်လာလို့ဆိုပြီး မီးရှို့လိုက်တယ်လို့ သိထားရတယ်။ အဲဒီနေ့က ဘယ်လိုဖြစ်ခဲ့တာလဲဆိုတာ ပြောပြပေးပါဦး။
ဖြေ – ဆင်ဖြူတိုင်ရွာနားလောက်မှာပဲ။ သူတို့က ခြုံထဲက ထွက်လာတယ်။ ပြီးတော့ ကျမတို့ကားကို တားတယ်။ ကားမောင်းသမားက သူတို့ကိုမမြင်ဘဲ နည်းနည်းကျော်သွားတယ်။ အဲဒီမှာ အနောက်ကနေ အော်ပြီးခေါ်တယ်။ ပြန်လာလို့ ပေါ့နော်။ အဲတော့ ကားရပ်ချလိုက်တယ်။ ပြီးတော့ လမ်းပိတ်ထားတာ မသိဘူးလားတဲ့။ တကယ်တော့ ကားကလမ်းမှာ ခဏခဏပျက်နေတာ။ အဲတော့ ကားသမားကပြောတယ်၊ ကျနော်ကားဂီယာက အနောက်ဆုတ်မရဘူး၊ အရှေ့ဘဲတိုးလို့ ရတယ်ပေါ့။ ကားကလမ်းမှာခဏခဏပျက်တဲ့ အကြောင်းပေါ့။ အဲဒါကို သူတို့မယုံဘူး။ ချက်ချင်းပဲ ကားခေါင်းရှေ့ကနေရော ပတ်ပတ်လည်ကိုရော မိုင်းကိုကြိုးနဲ့ တန်းပြီးထားလိုက်တယ်။ မိုင်းကြိုးတားတာပေါ့။ ကျမတို့လည်း အရမ်းကြောက်တာပေါ့။ ပြီးတော့ ကားပေါ်က ဆင်း၊ အကုန်ဆင်းလို့ပြောတယ်။ ကျမတို့လည်း အဲလောက်အထိလုပ်မယ် မထင်ဘူးပေါ့။ ကားသမားကတော့ မကြောက်နဲ့တဲ့ အဲလိုပြောတယ်လေ။ သူလည်းမထင်ဘူး။ ဒါပေမဲ့သူတို့က ကားတက်မောင်းတယ်။ အနောက်ဆုတ်လို့ ရလားဆိုပြီး ကားတက်မောင်းတယ်။ ပြီးတော့မှ အနောက်ဆုတ်မရတာသိတော့ ကားဖင်ထိုင်ခုံတွေကို အားလုံးကို ဓားနဲ့ထိုးခွဲပစ်တယ်။ ပြီးတာနဲ့ ကားပေါ်ကဝတ်အိတ်တွေ မယူဘူးလားတဲ့။ အဲမှာ ကျမတို့ အဝတ်အိတ်တွေ ကားပေါ်ကယူချလိုက်ကြတယ်။ ပြီးမှ မီးရှို့လိုက်ကြတာ။
မေး – အစ်မတို့ကားတစ်စီးပဲရှိတာလား၊ တခြားကားတွေရေ အတားခံရလား။
ဖြေ – ကျမတို့နောက်မှာ နှစ်စီးပါတယ်။ ကျမတို့ကတော့ အရှေ့ဆုံးတစ်စီးလို ဖြစ်နေတာပေါ့။ ကားကို တားပြီး အဲဒီလိုလုပ်နေတာတွေ့တော့ နောက်နှစ်စီးက ပြန်ဆုတ်ပြီး မောင်းပြေးသွားတာ။ သူတို့ကတော့ ကံကောင်းသွားတာပေါ့။
မေး – အစ်မတို့စီးလာတဲ့ ကားကို အားလုံးရှေ့မှာပဲ မီးရှို့လိုက်တာလား။ ဘယ်လိုပြောပြီးရှို့တာလဲ။
ဖြေ – ဟုတ်ပါတယ်။ ကျမတို့အဝတ်အိတ်တွေယူပြီးတာနဲ့ပဲ ဗိုလ်တစ်ယောက်က ကားကိုမီးရှို့ဖို့အမိန့်ပေးတယ်။ ရှို့ ရှို့ ဆိုပြီးတော့ပေါ့နော်။ ကျမတို့ကိုကျတော့ ကားပေါ်ကဆင်းပြီး ရပ်ခိုင်းထားတယ်။ နောက်တစ်ယောက်ကလည်း ကလေးတွေရှိနေတယ်ဆိုပြီး အချင်းချင်း ဝင်ပြောနေတယ်။ ကရင်စကားရော၊ ဗမာစကားရောပဲ။ ပြီးတော့ တားထားတဲ့ မိုင်းကြိုးတွေကို သိမ်းလိုက်တယ်။ ကျမတို့ကိုအကုန်သွားကြတဲ့။ အဲဒီအချိန်ဆို ကားခေါင်းကို မီးရှို့တင်လိုက်ပြီ။ ကားခေါင်းတစ်ခုလုံးက မီးလောင်နေပြီ။ အရှေ့ကိုသွားလို့မရဘူး လမ်းပိတ်ထားလိုက်ပြီ ဆိုပြီးပြောတယ်။ ကျမတို့ လည်းအနောက်ကို ပြန်ပြေးကြတယ်။ ကားကတော့ တစ်စီးလုံးမီးတောက်ကြီးလောင်နေပြီ။ ပြီးတော့ ကျမတို့ခြေကျင်နောက်ပြန်သွားပြီး ဆယ်မိနစ်လောက်ပဲကြာမယ် ကားပေါက်ထွက်သံတွေ ကြားရတာပဲ။
မေး – အစ်မတို့ ခရီးသည်တွေကို စစ်ဆေးမေးမြန်းတာတွေရော ရှိသေးလား။
ဖြေ – အဲလိုတော့ မရှိဘူး။ ကျမတို့ကိုတော့ ဘာမှ မလုပ်ပါဘူး။ ကားသမားနဲ့တော့ တော်တော်ပြောနေတယ်။ ကားသမားက မီးမရှို့ခင် သွားတောင်းပန်သေးတယ်။ မရဘူး။ ဘယ်နည်းနဲ့မှ မရဘူး။ လမ်းပိတ်ထားတာ မသိဘူးလား ဆိုတာချည်းပဲ ပြောတယ်။
မေး – ကားသမားနဲ့ အစ်မတို့ ခရီးသည်တွေက လမ်းပိတ်ထားတာကို မသိဘဲသွားမိတာလား။
ဖြေ – ကျမတို့ကတော့ မသိဘူးလေ။ ကားသမားက သူလည်း တကယ်မသိဘူးလို့ ပြောတယ်။ လမ်းမှာ တခြား PDF ဂိတ်တွေဖြတ်တယ်။ KNU ဂိတ်လည်းဖြတ်တယ်။ ဒါပေမဲ့ သွားလို့ရတာပဲ။ လမ်းပိတ်တဲ့အဖွဲ့ကတော့ သူတို့ကလိုင်းပေါ်မှာပဲ စာတင်ထားတယ်လို့ ပြီးမှပြန်သိရတာ။ ကားသမားက ခွင့်လွှတ်ပါ မသိလို့ လာတာပါလို့လည်း ပြောတယ်လေ။ လုံးဝ မရဘူး။
မေး – အဲဒီလမ်းကို ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ပိုင်းမှာ ကော်သူးလေတပ်မတော် ဆာကဆောတပ်မဘက်က လမ်းပိတ်ထားတယ်လို့ စာထုတ်ပြီးကြေညာထားတယ်ပေါ့နော်။ ဆိုတော့ ကားမီးရှို့တာက ဘယ်အဖွဲ့ဆိုတာသိရလား။
ဖြေ – (မီးရှို့သူတွေက) အင်္ကျီအမည်းနဲ့၊ ကျမတော့ သေချာမသိဘူးပေါ့။ သိတဲ့သူတွေကတော့ KTLA ကော်သူးလေအာမီတဲ့။ သူတို့ပဲတဲ့။ စုစုပေါင်း တစ်ဆယ်ကျော်လောက်ရှိတယ်တဲ့။ ကျမမြင်တာတော့ ခုနစ်ယောက်လောက်ပဲပေါ့။ နောက်မှာ ကွယ်နေတာလည်းရှိတယ်။ သေချာလည်းမကြည့်ရဲဘူးလေ။ လူငယ်လေးတွေချည်းပဲ လူကြီးပိုင်းမပါဘူ။ ပြီးတော့ ထားဝယ်စကားပြောတဲ့သူမပါဘူး။ အချင်းချင်းဆို ကရင်လိုပဲပြောတယ်။ ပွဲစားတွေ ကားသမားတွေလည်း သူတို့လို့ပဲပြောတယ်။ ကော်သူးလေအာမီတဲ့။ သူတို့အဲဒီနားမှာ အရင်ကလည်း အမြဲစစ်နေကျပဲလို့ပြောတယ်။
မေး – ကားမီးရှို့ခံလိုက်ရပြီး ဆက်သွားလို့မရတော့ ဘယ်လို ဆက်လုပ်ဖြစ်ကြလဲ။ အခုထိုင်းနိုင်ငံကို ဘယ်လိုရောက်လာတာလဲ။
ဖြေ – ကျမတို့ ရွာထဲမှာပဲ နေရတယ်။ အနောက်ပြန်လမ်းလျှောက်လာပြီး ရွာထဲမှာနေတာ။ အဲဒီက လူတွေတော်တော်ကူညီပေးကြတယ်။ အဲဒီမှာ နှစ်ရက်လောက်ကြာတာပေါ့နော်။ ပြီးတော့မှ ရေတစ်တန် ကုန်းတစ်တန်နဲ့ တခြားလမ်းကရောက်လာတာ။ လမ်းမှာ တစ်ပတ်လောက်ကြာသွားတယ်။ အခက်အခဲတွေလည်း အများကြီးဖြစ်တယ်။ လမ်းမှာကြာသွားတော့ ငွေကြေးအကုန်အကျ အရမ်းများသွားတယ်။ အကုန်ဒုက္ခဖြစ်ကြတယ်။ ပိုက်ဆံပိုပါမလာတဲ့သူတွေလည်းရှိတယ်လေ။
မေး – ကားမီးရှို့တာကို ကလေးတွေလည်း သူတို့မျက်စိရှေ့မှာ မြင်လိုက်ရတော့ သူတို့စိုးရိမ်တာ၊ ကြောက်တာမျိုးတွေဖြစ်လား။
ဖြေ – သူတို့စိတ်ထဲမှာတော့ တအားကြောက်တာပေါ့။ ကျမသမီးဆို ခုနစ်နှစ်ပဲရှိသေးတယ်လေ။ ကျမလက်ကိုင်ထားတော့ လက်ဖျားတွေဆို အေးစက်နေတာပဲ။ သူတို့သေရတော့မယ်ဆိုပြီးတောင် ထင်တယ်တဲ့။
မေး – အစ်မထိုင်းနိုင်ငံကိုသွားတဲ့အချိန် ဒီလမ်းက ဝင်ထွက်သွားလာနေကျလား။ အရင်က အခုလိုကြုံဖူးတာမျိုးရှိလား။
ဖြေ – အောင်မလေး တခါမှမကြုံဖူးဘူး။ ကျမဒီလမ်းက ရှမ်းပြည်(ထိုင်းနိုင်ငံ)နဲ့ အသွားအလာ အဝင်အထွက်လုပ်နေတာ ဆယ်ခေါက်လောက်တောင်ရှိတော့မယ်။ ရှမ်းပြည်မှာ(ထိုင်းနိုင်ငံ)နေတာက ၁၇ နှစ်လောက်တောင်ရှိပြီ။ ဒီတခါကြုံရတာတော့ တော်တော်ကိုကြောက်သွားတယ်။ နောက်ဆုံးခေါက်ကတော့ ငါးနှစ်လောက်တောင်ကြာသွားပြီပေါ့။ ပြီးမှအခု ထပ်အသွားအပြန်လုပ်မိတာ။
မေး – အခုလို ကားကို မီးရှို့တဲ့အပေါ်မှာ အစ်မနေနဲ့ ဘာများပြောချင်လဲ။ ဘယ်လိုမြင်ပါလဲ။
ဖြေ – ကျမမြင်တာတော့ ပြည်သူတွေရှေ့မှာလုပ်တာတော့ အဆင်မပြေဘူးပေါ့။ အားလုံးလန့်သွားကြပြီလေ။ မလုပ်သင့်ဘူးပေါ့။ ကားဆက်သွားလို့မရလည်း ပြန်ကွေ့ပြီး လှည့်ခိုင်းပေါ့နော်။ ရိုးရိုးပြည်သူတွေဆိုတာ သူတို့သေသေချာချာသိနေပြီလေ။ အခုက ပြန်လှည့်ပေးမယ် ဆိုပြီးတောင်းပန်တောင် မရဘူး။ စံပြအနေနဲ့ လုပ်မယ်ဆိုပြီး လုပ်တာတဲ့။ သူတို့ဟာ အဲဒီနားမှာ မီးရှို့နေတာများပြီတဲ့။ ကျမတော့ ဘယ်အဖွဲ့က ဘယ်လိုဆိုတာတော့ သေချာမသိဘူးပေါ့နော်။ ကျမမြင်တာကိုပြောရရင်တော့ ပုံစံတွေကပြည်သူဘက်က လုံးဝမဟုတ်ဘူးရှင်။ သက်သက်မဲ့ကို မီးရှို့တာပေါ့။ ကားသမားကိုပဲသနားတယ်။ သူလည်း အံ့သြနေတာပေါ့။ မထင်ကြဘူးလေ။ ကားသမားကလည်း သူ့ရဲ့ကားကိုပဲ သူမောင်းတာ။ သူကားတစ်စီးရဖို့ အကြာကြီးလုပ်စားရတယ်ဆိုပြီး ပြောနေတာပဲ။
The Tanintharyi Times