အမယ်စုံ လူ့အဖွဲ့အစည်းအတွက် တန်းတူညီမျှမှု ဘယ်မှာလဲ

အမယ်စုံ လူ့အဖွဲ့အစည်းအတွက် တန်းတူညီမျှမှု ဘယ်မှာလဲ

မတူကွဲပြားမှုတွေနဲ့ စုဖွဲ့ထားတဲ့ လူ့အဖွဲ့အစည်းအကြောင်း တွေးမိရင်းက google ခေါက်ကြည့်မိတယ်။ ဩဂုတ်လ ၉ ရက်နေ့က “နိုင်ငံတကာ ဌာနေတိုင်းရင်းသားများနေ့” တဲ့။ လူမျိုးစုများစွာ နေထိုင်တဲ့ နိုင်ငံတစ်နိုင်ငံအနေနဲ့ ဌာနေတိုင်းရင်းသားဆိုတဲ့ ဝေါဟာရနဲ့ စိမ်းသက်မနေဘူးလို့ ထင်ပါတယ်။

ဌာနေတိုင်းရင်းသားနဲ့ ပတ်သက်ပြီး ကျယ်ပြန့်တဲ့ အဓိပ္ပာယ်ဖွင့်ဆိုမှု များစွာ ရှိပေမယ့် အကျဉ်းချုံး ပြောရရင် ဒေသတစ်ခုရဲ့ မူလနေထိုင်သူတွေဟာ တူညီတဲ့ လူမျိုးစရိုက်လက္ခဏာ၊ ကိုယ်ပိုင် ဘာသာစကား၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းတွေ အခိုင်အမာ ရှိကြတယ်။ မိမိတို့ရဲ့ နေထိုင်ရာ ပတ်ဝန်းကျင်၊ ရေမြေတောတောင် ဌာနေကို မိမိတို့ဘိုးဘေးများ လက်ဆင့်ကမ်းခဲ့တဲ့ ဓလေ့ထုံးတမ်းတွေနဲ့ စီမံခန့်ခွဲနေထိုင်ကြတဲ့ လူမျိုးစုတွေလို့ ဆိုလို့ရပါတယ်။

သုတေသန စစ်တမ်းတွေအရ ဌာနေတိုင်းရင်းသားတွေဟာ ကမ္ဘာ့လူဦးရေရဲ့ ၅ ရာခိုင်နှုန်း၊ ကမ္ဘာမြေ ဧရိယာရဲ့ ၂၂ ရာခိုင်နှုန်းလောက်အထိ နေထိုင်ရာ ဒေသရှိတယ်လို့ ဆိုပါတယ်။ ကမ္ဘာပေါ်မှာ လက်ရှိတည်တံ့နေတဲ့ ဘာသာစကားပေါင်း ခုနစ်ထောင်လောက်နဲ့ ယဉ်ကျေးမှုအမျိုးပေါင်း ငါးထောင်ကျော်ကို ထိန်သိမ်းစောင့်ရှောက်ထားသူတွေလည်း ဖြစ်ကြပါတယ်။

ဌာနေတိုင်းရင်းသားတွေဟာ နိုင်ငံထဲက လွှမ်းမိုးမှု အကြီးဆုံး လူမျိုးကြီးထဲမှာတော့ မပါကြပါဘူး။ မြန်မာနိုင်ငံမှာတော့ ဗမာလူမျိုးစု မဟုတ်တဲ့ နယ်မြေဒေသ အသီးသီးမှာ နေထိုင်ကြတဲ့ တခြားလူမျိုးစုတွေကို ဌာနေတိုင်းရင်းသားတွေလို့ ဆိုရင် မှားမယ် မထင်ပါဘူး။

နိုင်ငံထဲမှာ လူဦးရေအများဆုံး၊ လွှမ်းမိုးမှု အကြီးဆုံး မဟုတ်ပေမယ့် ကိုယ်ပိုင် ဖြစ်တည်မှု၊ ကိုယ်ပိုင် စာပေ ဘာသာစကား၊ ယဉ်ကျေးမှုနဲ့ ကိုးကွယ်ယုံကြည်မှုတွေ ရှိကြသူတွေပါ။ ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ အစိုးရအဆက်ဆက်ဟာ လူမျိုးစု အသီးသီးတို့ရဲ့ ဖြစ်တည်မှုကို မျက်ကွယ်ပြု နှိပ်ကွပ်ခဲ့ကြတယ်။

ဗမာလူမျိုးကြီးဝါဒ ထူထောင်လိုတဲ့ စစ်အာဏာရှင်တွေ အုပ်ချုပ်ခဲ့တဲ့ ကာလတစ်လျှောက်လုံးမှာ တိုင်းရင်းသား လူမျိုးစုတွေရဲ့ ဖြစ်တည်မှု ပပျောက်သွားအောင် အနုနည်း၊ အကြမ်းနည်း နည်းလမ်းပေါင်းစုံသုံးပြီး ဖျောက်ဖျက်ပစ်ဖို့ ကြိုးစားခဲ့ကြတယ်။
ဒါတင်မကပါဘူး။ တိုင်းရင်းသား လူမျိုးစုတွေဟာ အာဏာရှင် မဟုတ်ပါဘူးလို့ ခံယူထားသူတွေဆီက မထီမဲ့မြင်ပြုတာ၊ အသိအမှတ်ပြုမှု မခံရတာကိုလည်း ကြုံတွေ့ကြရပါတယ်။ “မွန်နဲ့ ဗမာ ဆိုတာ အတူတူပဲပေါ့” ဆိုတဲ့စကားလို၊ “ထားဝယ်ဆိုတာ တိုင်းရင်းသားတစ်မျိုးလား၊ ဗမာနဲ့ မတူဘူးလား” ဆိုတဲ့ တအံ့တဩ မေးသံတွေကို ကြားနေရတာက သိပ်အဆင်မပြေလှပါဘူး။ ထားဝယ်တိုင်းရင်းသားတွေရဲ့ မှတ်ပုံတင်ထဲမှာ ခေတ်အဆက်ဆက် “လူမျိုး=ဗမာ” လို့ ထည့်ရေးခံထားရတာဟာလည်း အထင်အရှားဆုံးသက်သေပါပဲ။

မှတ်မိပါသေးတယ်။ ၂၀၁၈ ခုနှစ်တုန်းကပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ မွန်လူမျိုးတွေ မော်လမြိုင်တက္ကသိုလ်မှာ တွေ့ဆုံဆွေးနွေးစဉ်ကပါ။ မွန်အမျိုးသမီးတစ်ဦးက မွန်လူမျိုး ဖြစ်တည်မှုအတွက် အရေးကြီးတဲ့ မေးခွန်းတစ်ခုကို ဒေါ်စုနဲ့ ဆွေးနွေးပါတယ်။

မွန်လူမျိုးတွေဟာ သူတို့ရဲ့ အမည်ရှေ့မှာ အမျိုးသားဆိုရင် “နိုင်”၊ “မင်း”၊ အမျိုးသမီးဆိုရင် “မိ” လို့ ရေးသား ခေါ်ဆိုကြပါတယ်။ ဒါပေမယ့် မှတ်ပုံတင်တို့၊ အိမ်ထောင်စုစာရင်းတို့ လုပ်တဲ့အခါ အဲဒီ “နိုင်” “မင်း” “မိ” ဆိုတဲ့ အမည်ရှေ့မှာ “ဦး” “ဒေါ်” တွေထပ်ထည့်တာ၊ ဒါမှမဟုတ် “နိုင်” “မင်း” “မိ” တွေကို ဖြုတ်ပြီး “ဦး” “ဒေါ်” “မောင်” “မ” တွေနဲ့ ထည့်သွင်းရေးသားတာ ခံရပါတယ်။ ဒါကို ပြင်ဆင်ချင်ပေမယ့် ဌာနဆိုင်ရာတွေက မပြင်ဆင်ပေးဘူးလို့ ဆွေးနွေးတင်ပြပါတယ်။

ဒီလို လူမျိုးစုတွေ မနှစ်သက်တဲ့ ဌာနဆိုင်ရာတွေရဲ့ လုပ်ရပ်ကို ဘယ်လိုနည်းလမ်းနဲ့ ပြုပြင်နိုင်မလဲ။ ပြုပြင်ဖို့ ဘာအခက်အခဲတွေ ရှိတယ်။ လူမျိုးစုတွေ ရယူချင်တဲ့ အဲဒီအခွင့်အရေးအတွက် အကောင်းဆုံး ဘယ်လိုလုပ်ဆောင်ကြရင် ကောင်းမလဲလို့ ဒေါ်စုဘက်က အပြုသဘောဆောင် ပြန်လည်ဆွေးနွေးလိမ့်မယ်လို့ မျှော်လင့်ထားပေမယ့် တုန့်ပြန်မှုက ထင်ထားသလို မဟုတ်ခဲ့ဘူး။

ဒေါ်စုက ခပ်ပြုံးပြုံးနဲ့ အမည်ရှေ့မှာ “ဦး” “ဒေါ်” တပ်တယ်ဆိုတာ မြန်မာတို့ရဲ့ တစ်ဦးအပေါ်တစ်ဦး လေးစားဂါရဝထားတဲ့အနေနဲ့ ခေါ်ကြတာမို့ ဒါကို ဆတ်ဆတ်ထိမခံ မဖြစ်သင့်ဘူး ဆိုတဲ့သဘောမျိုးပဲ ပြန်ပြောပါတယ်။

တစ်ဖက် လူမျိုးစုရဲ့ ခံစားချက်နဲ့ အခွင့်အရေးကို အလေးအနက်ထား တုန့်ပြန်ရမယ့်အစား ဒီလို ခပ်ပေါ့ပေါ့ ပြန်ဖြေလိုက်တာက ဗမာမဟုတ်တဲ့ လူမျိုးစုတွေကို ဗမာမှုပြုပြီး အားလုံးအတူတူပဲလို့ ရောထွေးလုံးချလိုက်တာမျိုးနဲ့ ရေရှည် ခိုင်မြဲတည်တံ့တဲ့ ယုံကြည်မှုရဖို့ ဘယ်လို တည်ဆောက်နိုင်မှာပါလဲ။

အမည်တစ်ခုမျှသာမို့ တခြား စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍတို့လို အရေးမကြီးဘူးလို့ ပြောလို့ မရပါဘူး။ အမည်နာမတွေဟာ လူမျိုးစုတစ်ခုရဲ့ အမှတ်အသား ကိုယ်ပိုင် ဖြစ်တည်မှု စရိုက်လက္ခဏာကို ဖော်ပြနေတဲ့ အရာပါ။ မွန်လူမျိုးစုနည်းတူ တစ်ခြားလူမျိုးစုတွေမှာလည်း သူတို့ရဲ့ အမည်ခေါ်ဆိုမှုနဲ့ ပတ်သက်ပြီး သူတို့ဖြစ်စေချင်တဲ့ပုံစံ၊ သူတို့ခေါ်ဆိုစေချင်တဲ့ ပုံစံဆိုတာ ရှိမှာပါပဲ။

လူမျိုးစုတိုင်းကို တန်းတူညီမျှ အခွင့်အရေး ရရှိစေမယ်ဆိုရင် သူတို့ရဲ့ အမည်ကို သူတို့ခေါ်ဆိုသိမှတ်စေချင်တဲ့ ပုံစံမျိုးနဲ့ ပြောင်းလဲခေါ်ဆို ရေးသားဖို့ လိုအပ်ပါတယ်။ ဒါမှ တန်ဖိုးထား အလေးထားတယ်ဆိုတာ သက်သေပြနိုင်မှာပါ။

စစ်အာဏာရှင် အုပ်စိုးစဉ်ကာလတွေမှာတော့ ဒီထက် ပိုဆိုးပါတယ်။ ဆွေးနွေးခွင့်၊ မေးမြန်းခွင့် ရဖို့ မဆိုထားနဲ့။ တိုင်းရင်းသား အခွင့်အရေးဆိုတာ သူတို့ ဝါဒဖြန့် ရုပ်သံက ထုတ်လွှင့်တဲ့ အဆို၊ အက လောက်နဲ့ပဲ ဇာတ်သိမ်းရရှာတာပါ။

လူမျိုးစုတွေ ပျောက်ကွယ်သွားအောင်၊ သေးသိမ်သွားအောင် ပြုလုပ်တဲ့ နေရာမှာ စာသင်ကျောင်းဟာ အဓိကကျတဲ့ ပစ်မှတ်တစ်ခုပါပဲ။ စစ်ကောင်စီ စာသင်ကျောင်းတွေဟာ သင်ရိုးတစ်ပုံစံတည်း၊ “ဗမာစာသည် ဒို့စာ၊ ဗမာစကားသည် ဒို့စကား” ဖြစ်နေဆဲပါ။

သမိုင်းသင်ခန်းစာမှာ “ဘုရင့်နောင်၊ အလောင်းဘုရား” တို့က ထာဝရ သူရဲကောင်း ဖြစ်နေပြီး၊ လူမျိုးစုတွေ အတော်များများဟာလည်း သူပုန်သူကန် ဖြစ်နေဆဲ။ ကွဲပြားစုံလင်မှုကို အသိအမှတ်ပြုဖို့ နည်းလမ်းတွေ ရှာကြရမယ့်အစား “အာဇာနည် ဗုဒ္ဓဘာသာ အမျိုးသား တိုင်းပြည်” သီချင်းကသာ စာသင်ကျောင်းရဲ့ မူပိုင်တေးသံ ဖြစ်နေတုန်းပါ။

ဒီလို ပြောတာက ဗမာလူမျိုးစုအပေါ် နာကျည်းမုန်းတီးစိတ်နဲ့ မဟုတ်ပါဘူး။ ဗမာပြည်သူတွေကလည်း အာဏာရှင်ရဲ့ ဖိနှိပ်ညှဉ်းပန်းတာကို ခံနေရတဲ့ စနစ်ဆိုးရဲ့ သားကောင်တွေပါပဲ။ တကယ့်တရားခံက လူမျိုးစုတွေရဲ့ အခန်းကဏ္ဍ မှေးမှိန်သွားအောင် ဖျက်စီးနေတဲ့ မိစ္ဆာအာဏာရှင်တွေဆိုတာ ရှင်းရှင်းလင်းလင်း နားလည်ထားကြဖို့ လိုပါတယ်။

သူတို့အာဏာ သက်ဆိုးရှည်ဖို့ သေနတ်မိုးပြီး မတရားရယူထားတဲ့ အရာတွေထဲမှာ လူမျိုးစုနယ်မြေထဲက သဘာဝသယံဇာတွေဟာ အများဆုံးပါ။ ဌာနေလူမျိုးစုတွေဟာ ကိုယ့်ဒေသမှာထွက်တဲ့ သယံဇာတကို ကိုယ်တိုင် စီမံခန့်ခွဲပိုင်ခွင့်၊ ရယူသုံးစွဲပိုင်ခွင့် မရှိရှာပါဘူး။

တကယ်တမ်းကျတော့ လူမျိုးစုတွေဟာ သူတို့အခြေချ‌ နေထိုင်ရာ နယ်မြေတဝိုက်ကထွက်တဲ့ သဘာဝသယံဇာတတွေနဲ့ သူတို့ဘဝက တစ်ဆက်တစ်စပ်တည်းလို ပတ်သက်မှု ခိုင်ခိုင်မာမာ ရှိကြသူတွေပါ။ သူတို့ရဲ့ ဘဝနေထိုင်မှုပုံစံဟာလည်း သဘာဝဂေဟစနစ်ကို မပျက်စီးအောင်၊ ရေရှည်တည်တံ့နေ‌အောင် ထိန်းသိမ်းစောင့်ရှောက်ပြီးသား ဖြစ်ပါတယ်။

အာဏာရှင်နဲ့ အပေါင်းပါ ခရိုနီတွေက နိုင်ငံတစ်ဝန်း ထွက်ရှိသမျှ သယံဇာတတွေကို လောဘတကြီးနဲ့ ကိုယ်ကျိုးအတွက် ထုတ်ယူရောင်းချကြတယ်။ သယံဇာတတွေကို ထုတ်ယူတဲ့အခါ အကျိုးအမြတ်ရဖို့ တစ်ခုတည်းကိုပဲကြည့်ပြီး ဌာနေလူမျိုးစုတို့ရဲ့ လူမှုစီးပွားဘဝနဲ့ သဘာဝပတ်ဝန်းကျင်ကို လုံးဝပျက်စီးသွားအောင် ပရမ်းပတာ လုပ်ဆောင်တာ၊ အလွန်အကျွံ ထုတ်ယူတာက အမြဲလိုလို ကြားနေမြင်နေရတဲ့ ကိစ္စတွေပါ။

ဒါ့အပြင် သယံဇာတကြောင့် အတင်းအဓမ္မ နေရာရွှေ့ပြောင်းခံလိုက်ရတာ၊နယ်မြေကနေ မောင်းထုတ်ခံလိုက်ရတာ စတဲ့ အဖြစ်တွေကလည်း ဌာနေလူမျိုးစုတို့ နေထိုင်ရာ ‌ဒေသအတော်များများမှာ ဖြစ်ပွားနေပါတယ်။ ဒီလို လုပ်ရပ်တွေက သယံဇာတ ဂုပ်သွေးစုပ် ခေါင်းပုံဖြတ်မှုတင်မကပါဘူး။ ဌာနေလူမျိုးစုတို့ရဲ့ နေထိုင်ရာနယ်မြေ လျော့ပါးသွားအောင်၊ ပျောက်ပျက်သွားအောင် လုပ်နေတာလည်း ဖြစ်ပါတယ်။

ကွဲပြားစုံလင်မှုဆိုတာ ကြောက်စရာ မဟုတ်ပါဘူး။ ဖွံ့ဖြိုးတိုးတက်ရေးမှာ အမယ်စုံ လူ့အဖွဲ့အစည်းရဲ့ အထောက်အပံ့ဟာ အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် အာဏာလက်ဝါးကြီး အုပ်လိုတဲ့ အာဏာရှင်တွေအတွက်ကတော့ အမျိုးအမယ် စုံလင်တဲ့ ပဒေသာစုံ လူ့အဖွဲ့အစည်းဟာ သူတို့အာဏာထိုင်ခုံကို ကိုင်လှုပ်နေတဲ့အရာလို့ပဲ မြင်ထားကြတယ်။

အာဏာကို တစ်နေရာတည်းမှာ ဗဟိုပြု စုစည်းထားလိုသူတွေ အုပ်စိုးနေသေးသရွေ့ လူမျိုးစုပေါင်းစုံတို့ ရရှိလိုတဲ့ တန်းတူညီမျှခွင့်ဆိုတာ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး။ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ တန်းတူညီမျှမှု မရှိရင် လွတ်လပ်မှု၊ ငြိမ်းချမ်းမှု ဆိုတာလည်း ရှိလာမှာ မဟုတ်ပါဘူး။ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ တန်းတူညီမျှမှု မရှိဘဲ လွတ်လပ်ငြိမ်းချမ်းပါတယ်လို့ ဆိုလာခဲ့ရင် အဲဒါက အတုအယောင်သာ ဖြစ်ပါတယ်။

ဒါ့ကြောင့် တစ်နိုင်ငံလုံးမှာ ရှိတဲ့ လူမျိုးစုတိုင်းအတွက် စစ်မှန်တဲ့ လွတ်လပ်မှု၊ ငြိမ်းချမ်းမှု၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ တန်းတူညီမျှရေး ရှိချင်တယ်ဆိုရင် ကွဲပြားစုံလင်မှုရဲ့ အင်အားကို ယုံကြည်ပြီး အာဏာရှင်စနစ်ဆိုးကို ဖြိုဖျက်နိုင်မှသာ ခရီးပန်းတိုင်ကို ရောက်နိုင်မှာ ဖြစ်ပါတယ်။     ။

ငြိမ်းပန်

The Tanintharyi Times