လက်နက်ရိက္ခာအပြည့်တင်လာတဲ့ စစ်ကား ၁၀ စီးပါ ယာဉ်တန်း ထားဝယ်အရှေ့တောဒေသကိုဝင်ရောက်
လက်နက်ရိက္ခာအပြည့်တင်လာတဲ့ စစ်ကား ၁၀ စီးပါ ယာဉ်တန်း ထားဝယ်အရှေ့တောဒေသကိုဝင်ရောက်
ထားဝယ်မြို့နယ်၊ အရှေ့တောဒေသကိုလက်နက်၊ ရိက္ခာအပြည့်တင်ဆောင်လာတဲ့ စစ်ကားဆယ်စီးပါ ယာဥ်တန်းနဲ့ စစ်အုပ်စုတပ်တွေ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ငါးရက်ခန့်ကတည်းက ပကာရီရွာရဲစခန်းကိုရောက်နေတဲ့ စစ်အုပ်စုတပ်သားတွေဟာ ဒီနေ့မနက် ၇ နာရီဝန်းကျင်လောက်မှာ ပကာရီရွာရဲစခန်းကနေ ထားဝယ်-ထီးခီးလမ်းမကြီးအတိုင်း မေတ္တာမြို့ဘက်ကို ဦးတည်ဝင်ရောက်နေတာပါ။
ယာဥ်တန်းမှာ စစ်ကားကြီး ခုနစ်စီးနဲ့ ကျောက်တင်ကား သုံးစီးပါပြီး ကားတွေပေါ်မှာ လက်နက်၊ ရိက္ခာတွေအပြည့်တင်လာတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“သုံးစီးမြောက်ကားပေါ်မှာ စက်လက်ဆင်ထားတယ်။ ကားတွေအားလုံး သဲအိတ်တွေ ကျည်ကာတွေကာထားတယ်။ အပြည့်နဲ့ကို ကာဗာလုပ်ထားတာ” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ယာဥ်တန်းရဲ့ အရှေ့မှာတော့ အင်အား ၈၀ ဝန်းကျင်လောက်ရှိတဲ့ ခြေလျင်စစ်ကြောင်းရှိပြီး အများစုဟာ စစ်မှုထမ်းသင်တန်းဆင်းလူငယ်တွေဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။
ခြေလျင်စစ်ကြောင်းနဲ့ ယာဥ်တန်းပေါ်မှာပါလာတဲ့ စစ်သားစုစုပေါင်း အင်အား ၁၅၀ လောက်ရှိတယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။
စစ်ကြောင်းဟာ ကျောက်မဲတောင်ရဲစခန်းနဲ့ မေတ္တာမြို့ဗျူဟာကုန်းဘက်ကို ဦးတည်နေတာကြောင့် အဲဒီနေရာနှစ်ခုကို လက်နက်နဲ့ ရိက္ခာအင်အားဖြည့်ဖို့ ဝင်ရောက်တာဖြစ်နိုင်တယ်လို့ ဒေသခံတွေကခန့်မှန်းကြပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အင်အား ၈၀ လောက်ရှိတဲ့စစ်ကြောင်းတစ်ခု ကျောက်မဲတောင်ရဲစခန်းကို တောလမ်းကနေဝင်ရောက်ပြီး အင်အားဖြည့်ထားပါသေးတယ်။
စစ်ကြောင်းဝင်လာတာကြောင့် ပကာရီ၊ ပခပ်၊ သရက်ငုတ်၊ လိပ်ကြယ်ပြောင်၊ သင်္ကန်းတုန်း၊ ဝကုန်းကျေးရွာတွေက ဒေသခံတွေ နီးစပ်ရာကို တိမ်းရှာင်နေကြပါတယ်။
ထီးခီးနယ်စပ် နယ်စပ်တကြောလုံးကို KNLA နဲ့ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ထားဝယ်မြို့နယ်အရှေ့ဘက်ခြမ်းမှာ မေတ္တာမြို့စစ်တပ်ဗျူဟာကုန်းနဲ့ ကျောက်မဲတောင်ရဲစခန်းတို့သာ စစ်တပ်အထိုင်ချရာနေရာအဖြစ်ကျန်ရှိပါတော့တယ်။
The Tanintharyi Times
