ဂါဇာ စစ်ပွဲရပ်တန့်ဖို့ ထရမ့် ဟိုတယ်ရှေ့မှာ ဆန္ဒပြသူ ၄၀ကျော်ဖမ်းဆီးခံရ
ဂါဇာ စစ်ပွဲရပ်တန့်ဖို့ ထရမ့် ဟိုတယ်ရှေ့မှာ ဆန္ဒပြသူ ၄၀ကျော်ဖမ်းဆီးခံရ
Trump International ဟိုတယ်အပြင်ဘက်မှာ ဂါဇာ စစ်ပွဲရပ်တန့်ရေးအတွက် ဆန္ဒပြခဲ့ကြတဲ့ IfNotNow အဖွဲ့က တက်ကြွလှုပ်ရှားသူ ၄၀ ကျော်ဖမ်းဆီးခံခဲ့ရတယ်လို့ ဂါးဒီယန်း သတင်းမှာဖော်ပြထားပါတယ်။
အစ္စရေး က ဂါဇာကိုတိုက်ခိုက်နေတာတွေကို ရပ်တန့်ဖို့ အမေရိကန်အစိုးရ အနေနဲ့ အစ္စရေးကိုထောက်ပံ့ တာတွေ ရပ်တန့်ဖို့ ဆန္ဒပြခဲ့တာဖြစ်တယ်လို့ IfNotNow အဖွဲ့က တာဝန်ရှိသူတွေက ပြောပါတယ်။
နယူးယောက်ရဲတပ်ဖွဲ့ ဟာ တနင်္လာညနေ ဆန္ဒပြပွဲမှာ လူ ၄၀ ကျော်ကို ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ လည်းသိရှိရပါတယ်။
IfNotNow အဖွဲ့ဟာ အမေရိကန်ပြည်ထောင်စုဖွားဂျူးလူမျိုးတွေ ပါဝင်ဖွဲ့စည်းထားတာဖြစ်ပြီး အမေရိကန် အစိုးရအနေနဲ့ ဂါဇာ စစ်ပွဲမှာ အစ္စရေးကို ထောက်ပံ့နေတာတွေကို ရပ်တန့်ဖို့ ဖိအားပေးသွားမယ်လို့လည်း ဆိုပါတယ်။
IfNotNow ရဲ့အဖွဲ့ရဲ့ ယာယီအမှုဆောင်ဒါရိုက်တာ Morriah Kaplan က ဆန္ဒပြပွဲမှာ “အစ္စရေးအစိုးရရဲ့ ဂါဇာကို ပိတ်ဆို့ရေးမူဝါဒဟာ လူမျိုးတုံးသတ်ဖြတ်မှုမူဝါဒတစ်ခုဖြစ်ပြီး လူသားချင်းစာနာမှု နဲ့ဆန့်ကျင်နေတာကြောင့် ဆန္ဒပြတာဖြစ်တယ်” လို့ပြောကြားခဲ့ပါတယ်။
ဆန္ဒပြသူတွေကလည်း လူမျိုးတုံး သတ်ဖြတ်မှုရပ်တန့်ဖို့၊ ဂါဇာ ဒေသကို အငတ်ဘေးကျရောက်အောင် ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်နေတာတွေရပ်တန့်ဖို့ စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြပွဲမှာ သမ္မတ ဂျိုးဘိုင်ဒန်လက်ထက်က ပြည်ထဲရေးဝန်ကြီးဌာန မှာတာဝန်ထမ်းဆောင်ခဲ့တဲ့ အထူးအကြံပေးဟောင်း Lily Greenberg Call ပူးပေါင်းပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။ Lily Greenberg Call ဟာ ၂၀၂၄ ခုနှစ်မေလမှာ ဂါဇာစစ်ပွဲကို အမေရိကန် အစိုးရထောက်ခံခဲ့တာကြောင့်နုတ်ထွက်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။
ကိုးကား -ဂါးဒီးယန်း
(ယခုဘာသာပြန်သတင်းကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်းတို့ ပူးပေါင်းတင်ဆက်ပါတယ်)
The Tanintharyi Times
