လက်ကောက်ဝတ်ကျိုးခြင်းနဲ့ ဆောင်ရန်ရှောင်ရန်
လက်ကောက်ဝတ်ကျိုးခြင်းနဲ့ ဆောင်ရန်ရှောင်ရန်
မိုးများတဲ့ကာလဖြစ်တဲ့ မိုးတွင်းကာလမှာ အများစုချော်လဲတတ်ကြပါတယ်။ အဲဒီလိုချော်လဲတဲ့အခါ လူကို ထိမသွားဖို့ လက်ထောက်တတ်ကြပြီး လက်ကောက်ဝတ်အပေါ်ဖိအား သက်ရောက်မှု လက်ကောက်ဝတ်နာတာ လက်ကောက်ဝတ်ကျိုးတာတွေဖြစ်တတ်တယ်။ လက်ကောက်ဝတ်ကျိုးတာဟာ အလွန်အဖြစ်များတတ်ပါတယ်။
■ လက်ကောက်ဝတ်ရိုးကျိုးတယ်ဆိုတာက
လက်ကောက်ဝတ်ရိုးကျိုးတယ်ဆိုတာ လက်ကောက်ဝတ်ထဲက အရိုးအများအပြား အက်ကွဲတာဖြစ်ပါတယ်
■ လက်ကောက်ဝတ်ရိုးကျိုးခြင်းလက္ခဏာတွေ
- ပြင်းထန်သောနာကျင်မှုတွေခံစားရခြင်း
- အချိန်ခဏလေးထဲမှာ ရောင်ရမ်းလာခြင်း
- အထိမခံနိုင်ခြင်း၊ အကိုင်မခံနိုင်ခြင်း
- ကျိုးတဲ့ဧရိယာမှာ ပုံပျက်နေခြင်း
- အချို့လူတွေမှာ ထိခိုက်ဒဏ်ရာတွေပါတွေ့ရခြင်း
- လက်ကောက်ဝတ်ဆစ်လုံးဝမလှုပ်နိုင်တော့ခြင်း
မိုးတွင်းကာလမဟုတ်ပေမယ့်လည်း လက်ကောက်ဝတ်ရိုးကျိုးနိုင်ခြေများတဲ့အားကစားသမားတွေလည်း ရှိပါတယ်။ စကိတ်စီးသူ၊ နပန်းသမား၊ ဘောလုံးကစားသမား စတဲ့ အားကစားသမားတွေမှာ လက်ကောက်ဝတ်ကျိုးတာကို မကြာခဏခံစားရနိုင်ပါတယ်။
တကယ်လို့ ဆေးရုံ၊ဆေးခန်းကို အလွယ်တကူမသွားနိုင်ဘူးဆိုရင် လုပ်ဆောင်သင့်တဲ့ အချက်အလက်တွေကို မျှဝေပေးသွားပါမယ်။
- ပထမဦးစွာ အရိုးကျိုးတဲ့နေရာကို အတင်းဖိတာ၊ နှိပ်နှယ်တာမျိုး မပြုလုပ်ဖို့လိုပါတယ်။
- အရိုးကျိုးတဲ့လက်ကို ငြိမ်ငြိမ်ထားပေးတာက အရိုးဆက်မှုဖြစ်စဉ်ကိုမြန်စေမှာဖြစ်ပါတယ်။ အဲဒါကြောင့် အရိုးကျိုးတဲ့လက်ကို ငြိမ်ငြိမ်ထားဖို့လိုပါတယ်။
- ကျိုးသွားတဲ့လက်ကို ငြိမ်သက်စေဖို့ကြပ်စည်ထားပေးဖို့ပြင်ရပါမယ်။
- ကြပ်မစည်းခင် အရိုးကျိုးတဲ့နေရာကိုလုံအောင် ပတ်တီးစနဲ့လုံအောင်စည်းပေးပါ
- အဲဒီလိုစည်းတဲ့နေရာမှာ အရိုးကျိုးတဲ့လက်ကိုအဖြောင့်မတ်ဆုံးဖြစ်အောင်ထားပေးဖို့သတိပြုရပါမယ်။
- ပတ်တီးစစည်းပြီးတာနဲ့ ဘေးကနေ ဝါဂွမ်းတွေခံပေးပါ။ ဝါဂွမ်းတွေခံပြီးတာနဲ့တပြိုင်နက် ကြပ်ချောင်းအဖြစ် ဝါးချောင်းလေးနဲ့ပြုလုပ်ပြီး အပေါ်ကခံကာစည်းပေးပါ။
- ကြပ်စည်းတဲ့နေရာမှာ အလွန်အမင်းတင်းနေတာမျိုးလည်း မဖြစ်အောင်လည်းဂရုပြုပေးရပါမယ်။
- ကြပ်စည်းတဲ့နေရာမှာ လက်ချောင်းလေးတွေလှုပ်ရှားလို့ရသလားသိရအောင် လက်ချောင်းလေးတွေလှုပ်ရှား ခိုင်းကြည့်ရပါမယ်။
- မတင်းလွန်းမကြပ်လွန်းအောင်စည်းထားရပါမယ်။ အနည်းဆုံးတော့ တစ်လတိတိစည်းပေးဖို့လိုပါတယ်။
- ကြပ်စည်းထားတဲ့အတောအတွင်း လက်ချောင်းလေးတွေမှာတင်းလာတာမျိုးဖြစ်တတ်ပါတယ်။
- တကယ်လို့ လက်ချောင်းလေးတွေက တင်းရုံမက ညိုမဲလာရင် စည်းထားတဲ့ကြပ်ကို ဖယ်ပြီး စစ်ဆေး ပေးဖို့လိုပါတယ်။
အရိုးကျိုးချိန်မှာလုပ်လေ့ရှိတဲ့ ကြပ်စည်းတာ၊ ကျောက်ပတ်တီးစည်းတာတွေကအရိုးဆက်မှုမှန်ကန်စေဖို့ ဖြစ်ပါတယ်။တကယ်လို့ ကြပ်မစည်းဘူး၊ ကျောက်ပတ်တီးမစည်းဘူးဆိုရင်ဘာတွေဖြစ်လာမလဲဆိုကာ မေးတတ်ကြပါတယ်။
အရိုးကျိုးရင် ယေဘုယျအားဖြင့် (၄၅)ရက်အတွင်း ဆက်လေ့ရှိပါတယ် ။ ဒါပေမယ့် အရိုးဆက်မှုနောက်ကျခြင်း၊ စောခြင်းကတော့ အသက်အရွယ်ပေါ် ၊ စားသောက်တဲ့အစားအသောက်တွေပေါ် မူတည်ပါတယ်။ ကြပ်စည်းခြင်း၊ကျောက်ပတ်တီးစည်းခြင်းတွေကြောင့် အရိုးဆက်မှုမြန်စေ၊ တည့်မတ်စေမှာဖြစ်ပါတယ်။
ကြပ်စည်းထားလျက်နဲ့ အလွန်အမင်းနာလာရင် အကိုက်အခဲပျောက်ဆေးကို မှီဝဲနိုင်ပါတယ်။
■ ကြပ်စည်းတာရက်ပြည့်သွားရင် လုပ်ဆောင်ရမယ့်အရာတွေ
- လက်ကောက်ဝတ်တောင့်တင်းမှုလျော့ကျဖို့နဲ့လက်ချောင်းကလေးတွေ ပုံမှန်ဖြစ်စေဖို့ လက်ချောင်းကလေးတွေကို အသုံးပြုပြီး ကွေ့ဆန့်လုပ်ပေးရပါမယ်။
- ဆေးလိပ်သောက်တတ်သူဆိုရင် ဆေးလိပ်ဖြတ်သင့်ပါတယ်။
- ကယ်လ်စီယမ်နဲ့ဗီတာမင်ဒီပါသော အစားအစာတွေကို ရွေးချယ်စားပေးရပါမယ်။
- ဖိနပ်စီးတဲ့အခါ မချော်တဲ့ဖိနပ်ကိုရွေးချယ်စီးပေးသင့်ပါတယ်။
- ချော်လဲနိုင်တဲ့နေရာတွေမှာ လက်ရန်း၊ လက်ကိုင်တွေ တပ်ဆင်ထားသင့်ပါတယ်။
- တကယ်လို့ လက်ကောက်ဝတ်ကျိုးတာက အလွန်အမင်းဆိုးဆိုးဝါးဝါးဖြစ်နေရင်တော့ အေပါ်မှာ ပြောပြခဲ့တဲ့ နည်းတွေနဲ့ မရတော့ဘဲ ပလိပ်ပြား ဒါမှမဟုတ် သံချောင်း ဒါမှမဟုတ် စတီးချောင်းထည့်ဖို့လိုအပ်တဲ့အနေအထားဖြစ်နေပြီ ဆိုတာသိထားရပါမယ်။
PKN
(ဆောင်းပါးရှင် PKN ဟာ တိုင်းရင်းဆေးတက္ကသိုလ်က ( B.M.T.M) ဘွဲ့ရ တိုင်းရင်းဆေးဆရာတစ်ဦးဖြစ်ပါတယ်။)
The Tanintharyi Times
