အရိုးကျိုးခြင်းနဲ့ သတိပြုစရာတွေ
အရိုးကျိုးခြင်းနဲ့ သတိပြုစရာတွေ
အရိုးကျိုးတယ်ဆိုတာ ဖိအား ဒါမှမဟုတ် သက်ရောက်မှုအားပြင်းလို့ အရိုးရဲ့အလုံးစုံ (သို့)တစ်စိတ် တစ်ပိုင်းကျိုးသွားတာဖြစ်ပါတယ်။
အရိုးကျိုးတာက အသက်အရွယ်မရွေးဖြစ်ပွားနိုင်ပါတယ်။
အရိုးကျိုးခြင်းအမျိုးအစားနှစ်မျိုးရှိပြီး အဲဒီနှစ်မျိုးကတော့ အပွင့်ကျိုးခြင်းနဲ့အပိတ်ကျိုးခြင်းဖြစ်ပါတယ်။
အပွင့်ကျိုးတယ်ဆိုတာ အရိုးကျိုးလို့ အရေပြားပေါက်ထွက်လာပြီး အရိုးငေါထွက်နေတာကို ခေါ်ပါတယ်။
အပိတ်ကျိုးဆိုသည်မှာ အရေပြားကိုဖောက်ထွက်တာမျိုးမရှိဘဲ အရေပြားအထဲမှာပဲ ရိုးရိုးကျိုးနေတာ၊ ကြေမွှပြီးကျိုးနေတာ၊ သစ်စိမ်းရိုးကျိုးတာ ဆိုပြီး အမျိုးမျိုးခွဲခြားနိုင်ပါတယ်။
■ အပွင့်ကျိုးခြင်းလက္ခဏာတွေ
- အရေပြားပေါက်ပြဲပြီးသွေးထွက်နေမယ်။
- အရိုးကျိုးရာအစိတ်အပိုင်းမှာအထိမခံနိုင်အောင်ခံစားရမယ်။
- အရေပြားကိုဖောက်ပြီး အရိုးမှာငေါထွက်နေမယ်။
- ရောင်ရမ်းနေမယ်
- လှုပ်ရှားလျှင်ပိုမိုနာကျင်မယ်။
- မခံနိုင်တဲ့အဆုံး သတိမေ့မျောတဲ့အထိခံစားရနိုင်ပါတယ်။
■ အပိတ်ကျိုးခြင်းလက္ခဏာတွေ
- အရိုးကျိုးရာ အရေပြားတဝိုက်မှာ နာကျင်နေမယ်၊ နီနေမယ်။
- လုံးဝမလှုပ်ရှားနိုင်ဘဲဖြစ်နေမယ်။
- အရိုးမှာပုံမှန်မဟုတ်တော့ဘဲ ပုံစံပြောင်းလဲနေမယ်။
■ အရိုးကျိုးလူနာကို ဆေးရုံဆေးခန်းမသွားမီ ဘယ်လိုပြုစုစောင့်ရှောက်မလဲ
ပထမဦးဆုံး အရိုးကျိုးတယ်ဆိုတာသိနိုင်တဲ့အချက်ကိုပြောပြပါမယ်။ ထိခိုက်ဒဏ်ရာရတဲ့နေရာမှာ အရောင်ပြောင်းလာတာ၊ ပြင်းပြင်းထန်ထန်နာတာ၊ ရောင်ရမ်းလာတာ စတဲ့ လက္ခဏာတွေကြည့်ဖို့လို့ပါတယ်။
အချို့အခြေအနေတွေမှာ အထက်ဖော်ပြပါအတိုင်း အရိုးကငေါထွက်နေတာတွေကိုကြည့်ရင် အရိုးကျိုးသွား တယ်ဆိုတာသိနိုင်ပါတယ်
- အရိုးကျိုးသွားပြီဆိုတာသေချာရင် လူနာကို အသက်ရှုသေးလားဆိုတာ အရင်ကြည့်ရပါမယ်။
- အသက်မရှုတော့ဘူးဆိုရင် အရေးပေါ်အသက်ကယ်နည်းကိုသုံးရပါမယ်။
- လူနာကအသက်ရှုနေသေးတယ်ဆိုရင် အရိုးကျိုးလူနာကို ငြိမ်ငြိမ်နေဖို့သတိပေးရပါမယ်။
- တကယ်လို့ ပွင့်ကျိုးကျိုးနေရင် သွေးထွက်တဲ့နေရာကို ပိုးသတ်ထားတဲ့ပတ်တီး(သို့)ဝါဂွမ်းနဲ့ သွေးတိတ်အောင်သုတ်ပေးရပါမယ်။
- ပွင့်ကျိုးသမားတွေမှာ သွေးလန့်တာမျိုး ဖြစ်တတ်လို့ လူနာရဲ့ခေါင်းပိုင်းကို ကိုယ်ပိုင်းထက်အနည်းငယ်နှိမ့် ထားပြီးခြေထောက်ပိုင်းကို အနည်းငယ်မြှင့်ထားပေးဖို့လိုအပ်ပါမယ်။
- သွေးထွက်တာတိတ်သွားပြီဆိုရင် ကျိုးတဲ့အရိုးကိုရွေ့မသွားအောင် သတိထားနိုင်ဖို့ ကြပ်စည်းပေးရပါ မယ်။ ကြပ်စည်းတဲ့နေရာမှာ အနာသက်သာစေဖို့ ဦးစားပေးလုပ်ဆောင်ပေးရပါမယ်။ အရေပြားနဲ့ကြားမှာ အဝတ်ထူထူကို ခံပြီးစည်းပေးရပါမယ်။
- အလွယ်တကူကြပ်စည်းတာ မလုပ်နိုင်ဘူးဆိုရင် လူနာကိုငြိမ်ငြိမ်နေဖို့ပြောပြီး ရောင်းရမ်းတာသက်သာစေဖို့ ရေခဲ ဒါမှမဟုတ် အေးခဲနေတဲ့ အရာတစ်ခုနဲ့ ကပ်ပေးရပါမယ်။ အဲ့လို ကပ်တဲ့နေရာမှာ ဒါရိုက်ကပ်တာမျိုးမလုပ်ဘဲ အဝတ်သန့်တစ်ခုထဲထည့်ပြီးကပ်ပေးရပါမယ်။
အခုပြောပြခဲ့တဲ့ အချက်တွေက ဆေးရုံ၊ဆေးခန်းမသွားမီ မိမိတို့အိမ်မှာပြုစုနည်းတွေဖြစ်ပါတယ်။ ဒါပေမယ့် ပွင့်ကျိုးတာမျိုး အရေပြားပေါက်ထွက်လူနာများအတွက်ကတော့ နီးစပ်ရာဆေးရုံ၊ ဆေးခန်းကိုသွားဖို့သင့်ပါတယ်။
■ အရိုးကျိုးလူနာတွေမှာ ရှောင်ကြဉ်ရမယ့် အရေးကြီးအချက်တွေ
- ရောဂါတစ်ခုသက်သာစေဖို့ဆောင်ရန်ရှိသလို ရှောင်ရန်ဆိုတာလည်းရှိပါတယ်
- အရိုးကျိုးနေတဲ့ လူနာကိုမလိုအပ်ဘဲ ခဏခဏ မပြောင်းရွှေ့သင့်ပါဘူး။
- ပတ်တီးစည်းခြင်း၊ ကြပ်စည်းခြင်းတွေမှာ သွေးလျှောက်လေလျှောက်တာကို ပိတ်ဆို့စေနိုင် တဲ့တင်းတင်းကြပ်ကြပ်စည်းတာမျိုး ရှောင်ကြဉ်ဖို့လိုပါတယ်။
- ငေါထွက်နေသော အရိုးတွေကို ကိုယ့်ဘာသာကိုယ် အတွင်းထဲသို့တွန်းထည့်တာမျိုး မလုပ်ရပါဘူး။
- အထူးသဖြင့် ပွင့်ကျိုးမှာ အနာကပိုးဝင်နိုင်တဲ့အတွက် မသန့်ရှင်းတဲ့ဂွမ်း၊ ပတ်တီး၊ လက်ကို အသုံးမပြုသင့်ပါဘူး
- လည်ပင်းနဲ့ကျောရိုးတန်းမကြီးကျိုးတဲ့ လူနာတွေကို ပွေ့ချီကာသယ်ယူတာမျိုး မပြုလုပ်သင့်ပါဘူး။
■ အရိုးကျိုးအက်တာ အမြန်သက်သာစေဖို့ဘာတွေလုပ်ဆောင်ရမလဲ
- သာမန်အရိုးကျိုးအက်မှုက (၆)ပတ်ကနေ (၈)ပတ်အထိ ကြာနိုင်ပါတယ်။
- ပြင်းထန်တဲ့ အရိုးကျိုးမှုကတော့ (၃)လကနေ (၆)လအထိကြာနိုင်ပါတယ်။
- အရိုးကျိုးအက်မှုအမြန်သက်သာစေဖို့ကတော့ ငြိမ်ငြိမ်နေတာပဲဖြစ်ပါတယ်။
- သက်ဆိုင်ရာဆရာဝန်ညွှန်ကြားထားတဲ့အတိုင်းပဲ ကျောက်ပတ်တီးဖြေသင့်ပါတယ်။
- အများစုက ကိုယ့်သဘောနဲ့ကိုယ် ကျောက်ပတ်တီးဖြေလေ့ရှိကြပါတယ်။
- ခွဲစိတ်ထားတယ်ဆိုရင် သက်ဆိုင်ရာဆရာညွှန်ကြားထားတဲ့အတိုင်း လိုက်နာလုပ်ဆောင်တာက အမြန်သက်သာစေမှာဖြစ်ပါတယ်။
- အရိုးအဆစ်နဂိုအတိုင်း ပြန်ဖြစ်ဖို့ပြန်လည်တည်ဆောက်နေချိန်မှာ ဒဏ်ရာရထားတဲ့ခြေထောက် ကို အတင်းဖိတာ၊ ဝန်ပိစေတာတွေမပြုလုပ်ဖို့လည်းလိုပါတယ်။
PKN
(ဆောင်းပါးရှင် PKN ဟာ တိုင်းရင်းဆေးတက္ကသိုလ်က ( B.M.T.M) ဘွဲ့ရ တိုင်းရင်းဆေးဆရာတစ်ဦးဖြစ်ပါတယ်။)
The Tanintharyi Times
