“အဓိက ကျနော်တို့က ဆရာဝန်တွေ၊ အထူးကုဆရာဝန်တွေ လိုတယ်”
“အဓိက ကျနော်တို့က ဆရာဝန်တွေ၊ အထူးကုဆရာဝန်တွေ လိုတယ်”
KNU နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ နယ်မြေစိုးမိုးနိုင်မှုတိုးလာတဲ့ တနင်္သာရီတိုင်းမှာ ဒေသခံတွေနဲ့ တော်လှန်ရေးရဲဘော်တွေအတွက် ဆေးဝါးကုသမှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှုဟာလည်း စိန်ခေါ်မှုတစ်ခုအဖြစ်ရှိနေပါတယ်။ လက်ရှိမှာတော့ NUG ရဲ့ ကျန်းမာရေးဝန်ကြီးဌာနက တနင်္သာရီတိုင်းအတွက် အထူးကုဆရာဝန်တွေ၊ သားဖွားဆရာမတွေအပါအဝင် ဝန်ထမ်းနေရာ ခုနစ်ခုအတွက် တာဝန်ထမ်းဆောင်ဖို့ လျှောက်လွှာခေါ်ယူနေပါတယ်။
တနင်္သာရီတိုင်းအတွင်းက တော်လှန်ရေးတပ်စိုးမိုးနယ်မြေတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေ တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေခေါ်ယူနေတဲ့ အခြေအနေတွေကို တနင်္သာရီတိုင်းကျန်းမာရေး တာဝန်ခံလည်းဖြစ် ရွေးကောက်ပွဲအနိုင်ရ ကျွန်းစုမြို့နယ် လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဒေါက်တာထူးနေအောင်ကို ဒီတစ်ပတ် တောင်ပိုင်းသားတို့အသံ အစီအစဥ်က ဆက်သွယ်မေးမြန်းထားပါတယ်။
(တောင်ပိုင်းသားတို့အသံ)
ဒေါက်တာထူးနေအောင် (အမျိုးသားညီညွတ်ရေးအစိုးရ ၊တနင်္သာရီတိုင်းကျန်းမာရေးတာဝန်ခံ)
မေး – NUG ကျန်းမာရေးဝန်ကြီးဌာနက ဆရာဝန်နဲ့ သူနာပြုအပါအဝင် ကျန်းမာရေးဝန်ထမ်း ဘယ်နှယောက်လောက်ကို ခေါ်ယူတာပါလဲ။ ဘယ်လိုဝန်ထမ်းနေရာတွေအတွက် အဓိက ခေါ်ယူထားတာပါလဲ။
ဖြေ – ကျနော်တို့ကတော့ အရေအတွက်ကို ကန့်သတ်ထားခြင်းမရှိဘူးပေါ့လေ။ အရင်ကလည်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ခေါ်တဲ့အချိန်ကလည်း တနင်္သာရီတိုင်းကို လာရောက်လျှောက်ထားသူနည်းတာပေါ့။ ဒါကြောင့် လောလောဆယ်မှာတော့ ဘယ်နှယောက်ဆိုပြီး ကန့်သတ်ထားတာမရှိဘူး။ လာလျှောက်ထားတဲ့အခါကျရင်လည်း အင်တာဗျူးအစီအစဥ်ရှိတာပေါ့။ ဒီအပေါ်မှာ အခြေအနေကြည့်ပြီးတော့ လုပ်ဖို့ရှိတာပေါ့။ ခေါ်ယူတဲ့ဝန်ထမ်းနေရာတွေကတော့ ကြေညာထားတဲ့အတိုင်းပဲ ခေါ်ယူထားတာပေါ့နော်။
မေး – အာဏာသိမ်းပြီး လေးနှစ်ကျော်အကြာမှာ အခုလို ဝန်ထမ်းနေရာအတိအကျနဲ့ ခေါ်ယူဖြစ်တဲ့အခြေအနေကိုလည်း ပြောပြပေးပါဦး။
ဖြေ – တကယ်ဆိုရင်တော့ ကျန်းမာရေးဝန်ကြီးဌာန MOH ကနေတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ခေါ်ယူခဲ့တာက သုံးလေးကြိမ်လောက်ရှိမယ်ထင်တယ်။ ကျနော် အတိအကျမမှတ်မိလို့ပေါ့နော်။ အဲဒီမှာဆိုရင် တနင်္သာရီတိုင်းကို လာရောက်လျှောက်ထားတဲ့သူ ရှိပေမဲ့ အရေအတွက်တော်တော်နည်းတယ်ပြောရမှာပေါ့။ အဲဒီထဲက မြေပြင်မှာ ထမ်းဆောင်နေတာရှိပါတယ်။ ဒါပေမဲ့ လိုအပ်ချက်လည်းရှိနေတော့ တနင်္သာရီတိုင်းအတွက် သီးသန့်ခေါ်ယူတဲ့အစီအစဥ်ဖြစ်တာပါ။ ကျနော်တို့မတိုင်ခင် ချင်းပြည်နယ်နဲ့ ကရင်နီအတွက်လည်း ခေါ်တဲ့အစီအစဥ်လုပ်လိုက်ပါသေးတယ်။ အခုက ထပ်မံပြီး ကျန်းမာရေးဝန်ထမ်းကိုဖြည့်တင်းနိုင်ဖို့ ရည်ရွယ်ချက်ပေါ့နော်။ ကျန်းမာရေးဝန်ထမ်းတွေလုံလုံလောက်ရှိမှလည်း ပြည်စုံတဲ့၊ ထိရောက်တဲ့ကုသမှုတွေလုပ်နိုင်မှာဖြစ်လို့ ပြန်လည်ပြီးတော့ အခုလိုသီးသန့်ခေါ်ယူတာပေါ့။
မေး – တနင်္သာရီတိုင်းအတွင်းက ပြည်သူ့အုပ်ချုပ်ရေးအသက်ဝင်နေတဲ့ နေရာတွေနဲ့ တော်လှန်ရေးတပ်ဘက်က စိုးမိုးထားတဲ့နေရာတွေမှာ ဒေသခံတွေအပေါ် ကျန်းမာရေးစောင့်ရှောက်ပေးနိုင်မှုက အခုလက်ရှိမှာ ဘယ်လိုအခြေအနေရှိနေပါသလဲ။
ဖြေ – အဲဒီနေရာတွေမှာ ဒေသခံတွေအပေါ်မှာ ကျန်းမာရေးစောင့်ရှောက်နိုင်မှုအခြေအနေကတော့ ဝန်ထမ်းအင်အား လုံလောက်မှုရှိတယ်လို့ ပြောလို့မရဘူးပေါ့နော်။ ဆိုလိုတာက မြေပြင် ဆေးခန်းတို့ ဆေးရုံတို့ရှိတဲ့နေရာရဲ့ ဝန်းကျင်ပေါ့နော် လူဦးရေကိုလွှမ်းခြုံနိုင်တဲ့ကျေးရွာတွေမှာတော့ ကျန်းမာရေးစောင့်ရှောက်မှုပေးတာကိုလုပ်နိုင်တာပေါ့။ ဒါပေမဲ့လည်း ကျနော်တို့မှာက ဆရာဝန်အင်အားအရမ်းနည်းတယ်လို့ ပြောရမှာပေါ့။ ဆိုလိုတာကတော့ ကျန်းမာရေးကတော့ စိုးမိုးနယ်မြေ၊ ထိန်းချုပ်နယ်မြေအတွင်းမှာ အလုံးစုံ စိုးမိုးနိုင်လားဆိုရင် မရှိဘူးလို့ပဲ အမှန်တိုင်းဝန်ခံရမယ့်အခြေအနေပေါ့။ ဒါပေမဲ့ အစွမ်းကုန်ဖြန့်ကျက်ပြီး လွှမ်းခြုံနိုင်ဖို့ ကြိုးစားနေတာပေါ့။ စစ်ရှောင်ကူညီရေးအဖွဲ့တွေလည်း စစ်ရှောင်စခန်းတွေမှာ သူတို့လက်လှမ်းမှီသလောက် ကျန်းမာရေးစောင့်ရှောက်မှုပေးတာကို တွေ့ရတာပေါ့။ ကျန်းမာရေးဝန်ဆောင်မှုတွေပြည့်မှီနိုင်အောင်တော့ ရှိတဲ့ဝန်ထမ်းအင်အားနဲ့ပဲ ကြိုးစားပြီး ဆောင်ရွက်ပေးနေပါတယ်။
မေး – တိုင်းအတွင်းမှာ ကျန်းမာရေးနဲ့ပတ်သက်ပြီး ဘယ်လိုအခက်အခဲတွေကို အဓိကကြုံနေရပါသလဲ။ ဘာတွေအဓိကလိုအပ်နေတာပါလဲ။
ဖြေ – အဓိကကြုံတွေ့နေရတဲ့အခက်အခဲကတော့ ခုနကပြောတဲ့ ကျန်းမာရေးဝန်ထမ်းပဲပေါ့။ ဒါကအာဏာသိမ်းစကတည်းကကို ကျနော်တို့မှာ အခက်အခဲရှိပါတယ်။ ဆေးဝါးကတော့ နည်းလမ်းပေါင်းစုံနဲ့ ဒီလိုပဲနယ်စပ်ဘက်တွေက သယ်တာတွေလုပ်ရတာပေါ့။ ကျန်းမာရေးဝန်ထမ်းတွေ လုံလောက်မှုမရှိတော့ စိုးမိုးနယ်မြေကပြည်သူတွေ၊ စစ်ရှောင်တွေ၊ ပြီးတော့ ရဲဘော်တွေပေါ့နော်။ နွေဦးတော်လှန်ရေးမှာပါဝင်နေတဲ့ ရဲဘော်တွေတစ်စုံတစ်ရာထိခိုက်မှုရှိလာရင်လည်း ကျနော်တို့က ကုသမှုတွေလုပ်ဖို့ အထူးကုဆရာဝန်တွေ၊ ဆရာဝန်တွေ လိုအပ်တာပေါ့။ အခုကတော့ ဆရာဝန်မရှိတော့ တဖက်နိုင်ငံကိုနယ်စပ်ဖြတ်ပြီး ကုသမှုလုပ်ငန်းလုပ်ရင်တော့ လမ်းကြောင်းအခက်အခဲကိုကြုံတွေ့ရတာပေါ့။
မေး – အခုလကုန်အထိဆိုတော့ လျှောက်ဖို့အတွက် သတ်မှတ်ချိန်က သိပ်မကျန်တော့ဘူးပေါ့နော်။ ပြီးတော့ ဆရာကိုယ်တိုင်ကလည်း လူမှုကွန်ရက်မှာ လာလျှောက်တဲ့သူ အရမ်းနည်းနေသေးတယ်လို့ တင်ထားတာတွေ့ပါတယ်။ ဘာကြောင့် လျှောက်တဲ့သူနည်းနေတယ်လို့ သုံးသပ်ပါလဲ။
ဖြေ – ဘာကြောင့်နည်းတယ်ဆိုတာကို သုံးသပ်ရရင်တော့ တော်တော်များများက ဘယ်လိုဖြစ်လဲဆိုတော့ ရေရှိတဲ့နေရာမှာ မိုးလိုက်ရွာသလိုဖြစ်နေတာပေါ့လေ။ တနင်္သာရီတိုင်းရဲ့ စစ်ရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာအခက်အခဲတွေရှိတာပေါ့။ ကျနော်တို့ တိုင်းမှာက ဆယ်လီလို့ပဲပြောရမလား၊ အဲလိုလူသိများတဲ့သူတွေ လူမှုကွန်ယက်မှာသိပ်မရှိတော့ တိုင်းထဲကအခြေအနေတွေကို ဆိုရှယ်မီဒီယာပေါ်မှာ သိပ်ပြီး မသိကြဘူးပေါ့။ ဒီအချက်လည်း ပါမယ်ထင်တယ်။ ဒီတော်လှန်ရေးကာလမှာ တခြားပြည်နယ်တွေတိုင်းတွေနဲ့ စာရင်ကျနော်တို့က လူသိနည်းတဲ့တိုင်းလို ဖြစ်နေတာပေါ့။ ဒီလိုအခြေအနေတွေကြောင့် လျှောက်ထားသူနည်းတယ်လို့ ကျနော်ကတော့ထင်ပါတယ်ဗျ။
မေး – လက်ရှိမှာ ဝန်ထမ်းအရေအတွက် ဘယ်လောက်ရာခိုင်နှုန်းလောက် ရပြီလို့ပြောလို့ ရမလဲ။ ရည်ရွယ်ထားပေမဲ့ လာမလျှာက်ရသေးတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ဘယ်လိုတိုက်တွန်းစကားပြောချင်ပါသလဲ။
ဖြေ – လက်ရှိမှာ ဘယ်လောက်ရာခိုင်နှုန်းလောက်ရနေပြီဆိုတာကိုတော့ ကျနော်မဖြေပါရစေနဲ့ပေါ့နော်။ တိုက်တွန်းရရင်တော့ လူမှုကွန်ရက်မှာ ကျနော်ရေးနေတာပဲပေါ့လေ။ အဓိက ကျနော်တို့က ဆရာဝန်တွေ၊ အထူးကုဆရာဝန်တွေလိုတယ်၊ တခြားနေရာတွေအတွက်လည်းလိုတယ်။ ဘာကြောင့်လိုလဲဆိုတော့ ခုနကပြောတဲ့ ကျနော်တို့ရဲဘော်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကရဲဘော်တွေ၊ ပြီးတော့ ပြည်သူတွေ၊ စစ်ဘေးရှောင်တွေအတွက်ကို ထိရောက်တဲ့ကုသမှုတွေလိုအပ်တာပေါ့။ ဒါကြောင့် ကျန်းမာရေးကဏ္ဍမှာလာပြီးတော့ အကူအညီပေးစေချင်တာပေါ့။
မေး – ခေါ်ယူထားတဲ့ ကျန်းမာရေးဝန်ထမ်းအသစ်တွေ ရောက်လာမယ်ဆိုရင် တိုင်းအတွင်းက ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေ ဘယ်လိုဖြစ်လာနိင်တယ်လို့ မျှော်မှန်းထားပါသလဲ။
ဖြေ – ဒီအပေါ်မှာ အတိအကျပြောရတာတော့ ခက်တာပေါ့။ ခေါ်ယူထားတဲ့ ကျန်းမာရေးဝန်ထမ်းတွေက ဘယ်လိုနေရာတွေအတွက် လာရောက်လျှောက်ထားလဲဆိုတာနဲ့ မြေပြင်ကိုဘယ်လောက်သွားပြီး တာဝန်ထမ်းဆောင်နိုင်လဲ ဆိုတာတွေ အပေါ်မှာမူတည်သေးတာပေါ့။ ကျနော်တို့မျှော်မှန်းထားတဲ့ အရေအတွက်ရမယ်ဆိုရင်တော့ အရင်အခြေအနေထက်တော့ တိုးတက်သွားမယ်လို့တော့ ပြောလို့ရတာပေါ့။ လက်ရှိမှာလည်း လိုအပ်ချက်ရှိနေတယ်ဆိုပေမဲ့ မြေပြင်မှာ ကျန်းမာရေးဝန်ထမ်းတွေက သူတို့တက်နိုင်သလောက် ကုသမှုလုပ်ငန်းတွေလုပ်နေကြတာပဲပေါ့။
မေး – လက်ရှိတိုင်းအတွင်းက စခန်းသိမ်းတိုက်ပွဲဆင်တာတွေ နယ်မြေစိုးမိုးတာတွေကို KNUနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေက ပူးပေါင်းလုပ်ဆောင်နေတာကို အဓိကတွေ့ရတယ်ပေါ့နော်။ ကျန်းမာရေးစောင့်ရှောက်မှုအပိုင်းမှာရော NUG နဲ့ KNU ပူးပေါင်းဆောင်ရွက်နေတာတွေရှိပါသလား။
ဖြေ – ကျန်းမာရေးစောင့်ရှောက်မှုအပိုင်းမှာ ကျနော်တို့တိုင်းကျန်းမာဖက်နဲ့ KNU တပ်မဟာ ၄ တို့ အပေါ်ပိုင်းမှာတော့ တွေ့ဆုံဆွေးနွေးပြီးလုပ်နေတာတော့ မရှိဘူးပေါ့နော်။ ကျနော်တို့ရဲ့ ချိတ်ဆက်မှုအားနည်းတဲ့အပိုင်းလည်းပါမှာပေါ့။ ကျန်းမာရေးဖက်ကတော့ ကုသမှုဆိုင်ရာလုပ်တဲ့နေရာ ဘာမှတော့ ခွဲခြားတာတော့မရှိဘူးပေါ့နော်။ ပြည်သူတွေ စစ်ရှောင်တွေလည်းကုတယ်၊ PDF၊ ပကဖ၊ Local အကုန်ကုတယ်။ တိုင်းရင်းသားလက်နက်ကိုင်ရဲဘော်တွေ လာရင်လည်း ကုသမှုလုပ်ငန်းတွေလုပ်ပါတယ်။ ပြီးတော့ တချို့မြို့နယ်တွေ KNU နယ်မြေဖက်မှာလည်း ပေါင်းစပ်ညှိနှိုင်းပြီး သွားနေတဲ့ဟာတွေရှိတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် တိုင်းရင်းသားနယ်မြေတွေမှာလည်း ကျန်းမာရေးလုပ်ငန်းဆောင်ရွက်ရင် သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ညှိနှိုင်းပြီး မှလုပ်ကိုင်နေတဲ့အခြေအနေပါပဲ။
မေး – ဆရာတို့အနေနဲ့ တိုင်းအတွင်းက ကျန်းမာရေးကဏ္ဍနဲ့ပတ်သက်ပြီး ရေရှည်မှာ ဘယ်လောက်အထိမျှော်မှန်းထားတာရှိပါသလဲ။
ဖြေ – ဒီမေးခွန်းကတော့ ဖြေရတာနက်နဲတဲ့အပိုင်းလို့ပြောရမှာပေါ့။ အခုကတော့ တော်လှန်ရေးကာလ ကြားကာလလို့ပြောရမှာပေါ့နော်။ နောက်မှာတော့ အသွင်ကူးပြောင်းရေးနဲ့ အနာဂတ်ကာလဆိုတဲ့ဟာလာမှာပေါ့။ အခုသွားနေတဲ့ဟာကလည်း ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဆိုပြီး သွားနေတဲ့အခြေအနေပေါ့။ ဘာပဲပြောပြော အခုကတော့ ကြားကာလအခြေအနေပဲရှိသေးတယ်။ တနင်္သာရီတိုင်းမှာ ကြားကာလအစီအမံနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာလည်း ပေါ်မလာသေးဘူးပေါ့။ ဒါကလည်း တော်လှန်ရေးမှာဆက်စပ်ပတ်သက်နေတဲ့ အစုအဖွဲ့အသီးသီး၊ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ လွှတ်တော်ဖက်ကတွေနဲ့ ညှိနှိုင်းရမယ့်အပိုင်းတွေလည်း အများကြီးကျန်သေးတာပေါ့။ ဒီကိစ္စက ကျနော်အနေနဲ့ ပြောပြီးတော့ လက်တွေ့ဖြစ်မလာရင်လည်း အပြောသာရှိပြီး လက်တွေ့မကျတဲ့ဟာတွေလည်း ဖြစ်လာမှာစိုးလို့ ပြောရမှာတော့ခက်တာပေါ့။ ကျနော်တို့တနင်္သာတိုင်းမှာ အားလုံးပါဝင်တဲ့ နိုင်ငံရေးအရွေ့ပေါ်မှာမူတည်ပြီး ဝိုင်းဝန်းကြံဆောင်ပြီး ရေးဆွဲအကောင်အထည်ဖော်မယ့် ကျန်မာရေးကဏ္ဍအတွက် အဆင်သင့်ရှိနေတယ်ဆိုတဲ့ပုံစံပဲ ပြောပါရစေ။
မေး – နောက်ဆုံးအနေနဲ့ ထပ်ဖြည့်ပြီး ပြောပြချင်တာရှိရင်လည်း ပြောပြပေးပါဦး။
ဖြေ – အခုလောလောဆယ်ကတော့ ကျန်းမာရေးဝန်ထမ်းလိုအပ်ချက်ကြောင့် ကျန်းမာရေးဝန်ကြီးဌာနကနေ တနင်္သာရီတိုင်းအတွက် သီးသန့်ခေါ်ယူတာကို မီဒီယာတွေကတဆင့်၊ တဆင့်ခံဖြန့်ဝေတာတွေကတဆင့် CDM ကျန်းမာရေးဝန်ထမ်းတွေက သိရှိမယ်ဆိုရင် အခုကြေညာထားတဲ့ ကျန်းမာရေးဝန်ကြီးဌာန MOH ရဲ့ လူ့စွမ်းအားအရင်းအမြစ် တယ်လီဂရမ်မှာ လာရောက်လျှောက်ထားကြဖို့ ကျနော့်အနေနဲ့ တိုက်တွန်းပြီး ဖိတ်ကြားချင်တာပေါ့။
The Tanintharyi Times
