မွန်ပြည်နယ်ကထွက်တဲ့ ရော်ဘာ မှောင်ခိုဈေးကွက်ကိုသာ အဓိက အားကိုးနေရ
မွန်ပြည်နယ်ကထွက်တဲ့ ရော်ဘာ မှောင်ခိုဈေးကွက်ကိုသာ အဓိက အားကိုးနေရ
မွန်ပြည်နယ်အတွင်းက ထွက်ရှိတဲ့ ရော်ဘာတွေကို စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံကိုသာ အဓိကရောင်းချနေရပြီး မှောင်ခိုစျေးကွက်ကိုသာ အားကိုးနေရတယ်လို့ ရော်ဘာလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။
“လက်ရှိရော်ဘာရောင်းတဲ့အခါ အရင်လို မဟုတ်တော့ဘူး။ အစိုးရကလဲ သွင်းကုန်၊ ပို့ကုန်ကန့်သက်ချက်တွေက များလာတယ်။ နိုင်ငံခြားတင်ပို့မှုအတွက် အစိုးရစွမ်းဆောင်ရည်က နည်းတယ်။ ပြီးတော့ လမ်းကြောင်းအခြေအနေတွေကြောင့် တရုတ်ဘက်ကို တင်ပို့မှုက အရင်ကလောက် အလုပ်မဖြစ်ဘူး။ အဲ့တော့ မွန်နဲ့ အနီးဆုံးဖြစ်တဲ့ ထိုင်းကသာ အားကိုးနေရတယ် လုပ်ငန်းရှင်တွေက” လို့ အမည်မဖော်လိုသူ ရာဘာလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။
ပြည်တွင်းက ထွက်ရှိတဲ့ ရော်ဘာတွေကို ထိုင်းနိုင်ငံကို ဘုရာသုံးဆူမြို့ကနေ တရားမဝင် ကုန်သွယ်မှုလမ်းအတိုင်း တင်ပို့ ရောင်းချနေရတဲ့အတွက် လုပ်ငန်းရှင်တွေအနေနဲ့ ရသင့်တဲ့အမြတ်မျိုး မရရှိဘူးလို့ ဆိုပါတယ်။
“ဘုရားသုံးဆူဘက်နေ ထိုင်းကို တရားမဝင်တင်ပို့တာပေါ့။ ထိုင်းနိုင်ငံလည်း တခြားနိုင်ငံကြီးတွေကို တစ်နှစ်တန်ဘယ်လောက် တင်သွင်းမယ်ဆိုပြီးတော့ စာချုပ်ချုပ်ထားမယ်။ ပြီးရင်သူ့နိုင့်က ထွက်နှုန်းထက် လိုအပ်လာပြီး တန်ချိန်မပြည့်တော့ရင် မြန်မာဘက်ကို အဝယ်လိုက်လာတယ်။ သူတို့ လိုအပ်ချက်ပြည့်သွားရင် အဝယ်ရပ်လိုက်တယ်။ ကိုယ်တွေနိုင်ငံဘက်ကတော့ အနာကြီးပဲ” လို့ ရာဘာလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
အခုအခါမှာတော့ မိုးတွင်းကာလ ကျော်လွန်လာပြီဖြစ်တာကြောင့် အောက်တိုဘာလကစလို့ ရော်ဘာထုတ်လုပ်မှု ပြန်လည်စတင်နေပြီး ထိုင်းနိုင်ငံက ဝယ်လိုအားအခြေအနေကို မသိရှိသေးတာကြောင့် ထုတ်လုပ်မှုကုန်ကျစရိတ်အတွက် စိုးရိမ်မှုတွေရှိနေတယ်လို့ ဆိုပါတယ်။
“ရော်ဘာလုပ်ငန်းက ငွေချက်ချင်းပြန်မပေါ်လာဘူး၊ ငွေအရမ်းမြုပ်တယ်၊ အချိန်တွေအရမ်းပေးကြရတယ်။ အားလုံးပြီးစီးတော့မှ ရာဘာရောင်းရမှ ငွေပြန်ရတာ။ အဲ့တော့ ပြည်ပဝယ်လိုအားမရှိရင် ထုတ်လုပ်မှုကုန်စရိတ်တွေအတွက် လုပ်ငန်းရှင်တွေက ကြာကြာမတောက်ခံနိုင်ကြဘူး” လို့ ရေးမြို့နယ်က ရာဘာလုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။
လက်ရှိ နိုဝင်ဘာ ပထမပတ်အတွင်း RSS 1 တစ်ပေါင် ၁၇၅၀ ကျပ်၊ RSS 3 တစ်ပေါင် ၁၆၅၀ ကျပ်၊ နေလှန်းပြား (အလွတ်) တစ်ပေါင် ၁၆၇၀ ကျပ်အထိ ပေါက်ဈေးရှိတယ်လို့ သိရပါတယ်။
ရော်ဘာထွက်ရှိတဲ့ ရာသီအစဖြစ်တဲ့ အောက်တိုဘာလမှာတော့ RSS 1 တစ်ပေါင် ၁၈၀၀ ကျပ်၊ RSS 3 တစ်ပေါင် ၁၇၀၀ ကျပ်၊ နေလှန်းပြား(အလွတ်) ၁၇၂၀ ကျပ်အထိ ဈေးမြင့်တက်ခဲ့တာ ဖြစ်ပါတယ်။
မွန်ပြည်နယ်အတွင်းရော်ဘာစိုက်ဧက ၅ သိန်းကျော်ရှိကာ တစ်နှစ်ကို ရာဘာပေါင် တစ်သိန်းအထိ ထွက်ရှိတာဖြစ်ပြီး ရေးမြို့နယ်၊ သံဖြူဇရပ်မြို့နယ်တို့က အထွက်နှုန်းပိုများတယ်လို့ သိရပါတယ်။
Connect Burma
The Tanintharyi Times
