ဥယျာဉ်မှူးရဲ့ ဆုတောင်းစကား

ဥယျာဉ်မှူးရဲ့ ဆုတောင်းစကား

ဆောင်းမပီတဲ့ဆောင်းမှာ

လေပြေလေးက ပျင်းရိပျင်းတွဲ ဝှေ့ရမ်းနှုတ်ဆက်

တိတ်ဆိတ်ခြင်း ဝတ်ရုံလွှာကို ဣန္ဒြေရရလွှမ်းခြုံထားတဲ့ ‘ည’

အာကာပြင်ထက်က သဘာဝမီးအိမ်ကြီး အလင်းနဲ့

မပီဝိုးတဝါး မြင်ကွင်းကြားမှာ

ဝိညာဉ်တို့ရဲ့ ရှိုက်သံသဲ့သဲ့ကို ကြားမိသလိုလို

ဒီနေရာဟာ ပန်းဥယျာဉ်မဟုတ်တဲ့ စစ်တလင်းပြင်

ကျည်ဆံမိုးတွေ ရွာချတဲ့နေရာ

သွေးစက်တွေ ပြန့်ကျဲတဲ့နေရာ

အသက်ဘဝတွေ ဆုံးရှုံးရတဲ့နေရာ

ဒီနေရာမှာ ပန်းပွင့်တစ်ခက်တလေများ ဝေဆာလာနိုင်ဦးမလား။

ဥယျာဉ်မှူးရဲ့ မေတ္တာလက်နဲ့ဆို

မျှော်လင့်ခြင်းရောင်ခြည်တွေ ထာဝရတောက်ပနေမှာ

တရားမျှတမှုက အောင်နိုင်ပြီးတဲ့အခါ

ဆောင်းဟာ ဆောင်းပီသလာဖို့

မြူတွေရစ်ဆိုင်း အအေးဓါတ်တွေသိုင်းခြုံနေဖို့

သစ်ပင်တစ်ပင် ပန်းတစ်ခင်းတော့ စိုက်ပျိုးပေးပါ။

အခုတော့ ဥယျာဉ်မှူးခမျာ

မိစ္ဆာတွေကို အမြစ်ဖြတ်ဖို့ရာ

မျိုးစေ့မျိုးဆံအစား

လက်နက်ကျည်ဆံနဲ့ မိတ်ဖွဲ့နေရ

ဥယျာဉ်မှူးရဲ့ တိုးတိုးသက်သာ ဆုတောင်းစကားကို

လမင်းကြီးက ကောင်းချီးပေးလိမ့်မယ်

ဒီစစ်တလင်းပြင်မှာ

ငြိမ်းချမ်းခြင်း ပန်းတစ်ခင်းကို

စိုက်ပျိုးခွင့်ရသူ ဖြစ်ပါရစေ။ ။

ငြိမ်းပန်

The Tanintharyi Times