သစ်တစ်ပင်၏ စောင့်ဆိုင်းတတ်မှု
သစ်တစ်ပင်၏ စောင့်ဆိုင်းတတ်မှု
သည်သစ်ပင်ကြီးဆီကို ညနေတိုင်း ရောက်ဖြစ်နေခဲ့သည်။ ဘာကြောင့်မှန်းတော့မသိ၊ တစ်နေရာမှာ ထိုင်ပြီး သစ်ပင်ကြီးကို ငေးကြည့်နေရသည်က တစ်မျိုးတစ်မည်ခံစားမိစေသည်။ တစ်မျိုးတစ်မည်ခံစားမှု။ မည်သို့သောခံစားမှုရယ်မှန်း သူကိုယ်တိုင်လည်း ရှင်းရှင်းလင်းလင်း မသိ။
အခုဆို သူ စာသင်ခန်းတွေကို စွန့်ခွာခဲ့တာ ဆောင်းရာသီ သုံးရာသီ တိုင်ခဲ့ပြီ။ ဆရာမဟူသည့် ဂုဏ်ပုဒ်ကို ခွာချခဲ့ခြင်း။ လက်နက်ဖြင့် အနိုင်ကျင့်ခြင်းကို မခံချင်နိုင်မှုက ရင်ထဲမှာ မည်သို့မျှ အောင့်အီးမြိုသိပ်၍ မရနိုင်တော့သောကြောင့် သူ ဇာတိအိမ်ကို ပြန်လာခဲ့တော့သည်။ ကျောင်းမှာ ကျန်ရစ်ခဲ့သည့် ကလေးတွေအတွက်မူ စိတ်ထဲ မကောင်းလှ။ တိုင်းပြည် အမှောင်ကျသွားချိန်တွင် တတ်နိုင်သလောက် အလင်းပေးရန် စိတ်ကူးကြည့်သေးသော်လည်း သေနတ်ပြောင်းဝကလာသည့် ပညာရေးဆိုသည်က ကလေးများကို အဆိပ်ကျွေးနေသည်ထက် မပိုမှန်း သူ နားလည်မိသည်။ ထိုအလုပ်မျိုးကို သူ မလုပ်နိုင်ပါ။ ဒါသင်၊ ဒါကျက် စနစ်မျိုးတွင် သူ ခွေးသွားစိတ်အဖြစ် မပါဝင်ချင်တော့။
နှစ်ပေါင်းများစွာ နေသားကျလာခဲ့သော ဘဝတစ်ခုကို စွန့်လွှတ်လိုက်ရသည်က လွယ်ကူလှသည်တော့မဟုတ်။ အိပ်ရာဝင်ညများစွာတွင် ဝမ်းနည်းမှုဖြင့် မျက်ရည်စီးကြောင်းများက ခေါင်းအုံးထက်သို့ တသွင်သွင် စီးကျနေခဲ့၏။ အိပ်တစ်ဝက်နိုးတစ်ဝက် ညလယ်အိပ်မက်များတွင် စာသင်ခန်းနှင့် ခုံတန်းကလေးများသည် ဇာတ်ကောင်များအဖြစ် ရှိနေခဲ့သည်။
ပြီးတော့ သူ့ဘဝ ရှေ့ရေး။ ယခုလောလောဆယ်တွင် သူ့မှာ အလုပ်အကိုင်ဟု ပြောစရာဟူ၍ မိသားစု၏ အလုပ်အကိုင်တို့တွင် ဝင်ရောက်ကူညီခြင်းသာ။ မိသားစုဆိုသည်ကလည်း တောင်သူယာလုပ် ဓားမခုတ်။ မြေဖြူခဲအစား တံစဉ်ကို ပြောင်းလဲကိုင်တွယ်ရသည့်အခါ သူ့လက်ဖဝါးတို့ ပေါက်ပြဲကုန်ရသည်။ ခြေထောက်တို့မှာလည်း မြက်ရှရာများဖြင့် ဗရဗွ။ သူသည် လယ်သူမကြီးတစ်ဦး ဖြစ်သွားခဲ့ပြီကော။
သူ့နည်းတူပါပဲ။ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေလည်း သည်ကာလတွေအတွင်း ခြောက်သွေ့၊ နွမ်းလျ၊ မှေးမှိန် သွားခဲ့ကြသည်။ တချို့က မြို့ပြကို ထွက်သွားကြ၊ ကြုံရာအလုပ်လုပ်ရင်း ရပ်တည်ဖို့ ရုန်းကန်ကြ။ တချို့က နယ်စပ်ကို ကျော်ပြီး ရေကြည်ရာ၊ မြက်နုရာတွေဆီ ရောက်သွားကြ။ ဘဝ၏ အမှတ်ရဖွယ်နေ့ရက်များက ဟိုးအတိတ်ထဲတွင် ဝိုးတဝါး။
မြောက်ပြန်လေက တသုန်သုန်တိုက်ခတ်လျက် ရှိနေသည်။ သစ်ရွက်တွေက တစ်ရွက်ပြီး တစ်ရွက် တဖွဲဖွဲလွင့်ကြွေလို့ နေ၏။ သည်မြင်ကွင်းကို မြင်ရသည်မှာ သူ့စိတ်ကို ပို၍ ညှိုးနွမ်းသွားစေ၏။
တစ်နေ့တုန်းက တပည့်ဟောင်း ကလေးတစ်ယောက်က ဖုန်းဆက်လာသည်။ ဆရာမ နေကောင်းလားတဲ့။ ပြီးတော့ သူတို့ရွာကောင်းကင်မှာ လေယာဉ်ပျံတွေ နေ့စဉ်လိုလို ဝဲပျံနေသည့် အကြောင်းများကို ပြောသည်။
ခေါင်းလောင်းသံတလွင်လွင်ဖြင့် သာယာပျော်မြူးရမည့် ကလေးတို့အနေနှင့် အမြောက်ဆန်ဗုံးဆန်တွေကြားမှာ ခြောက်ခြားနေရခြင်းကလည်း သူ့စိတ်ကို ထိထိခိုက်ခိုက် ဖြစ်ရသည်။ တပည့်ကလေးကို ဘုရားတရားမမေ့ဖို့၊ အမြဲတမ်း စိတ်ကောင်းထားဖို့၊ အကောင်းမြင်ဖို့၊ အချိန်ရရင် ရသလို စာအုပ်တွေဖတ်ဖို့ သူ မှာဖြစ်သည်။ အကောင်းမြင်တတ်သူအတွက် တစ်နေ့တွင် အကောင်းတွေ ဖြစ်လာမည်ဟု သူ ယုံကြည်ပါသည်။ ဆိုးရွားကြမ်းကြုတ်မှုတွေ ပတ်ဝန်းကျင်မှာ ရှိနေပေမဲ့ ကိုယ့်စိတ်ကလေးကို ကောင်းသည့်အရာများအပေါ်တွင် တင်ထားလိုက်နိုင်လျှင် မျှော်လင့်ချက်တို့၌လည်း အလင်းရောင်တို့ ဝင်းပလာတတ်သည်ဟု သူထင်သည်။
လကုန်ရက်မျိုးတွေမှာ လုပ်ဖော်ကိုင်ဖက်တွေ၊ တခြားကျောင်းတွေက ဆရာ၊ ဆရာမတွေနှင့် တစ်စုတဝေး ဆုံတွေ့ရတတ်သည့်အဖြစ်တို့ကို သူ သတိရမိနေတတ်သည်။ မြို့နယ်ရုံးကို လစာထုတ်ဖို့ သွားကြ၊ ပြီးတဲ့အခါ စားကြ၊ သောက်ကြ။ ယခုတော့ စပါးပင်ကလေးတွေသာ သူ့ရဲ့ အဖော်အဖြစ် ရှိနေတော့၏။ စပါးနှံကလေးတွေက သူ၏ ကျောင်းသားကလေးများပေါ့။ သူ အရိပ်တကြည့်ကြည့်နှင့်ပင်။ စပါးနှံကလေးတွေသာ လူစကားကို နားလည်မည်ဆိုလျှင် ဘဝတွင် ဘယ်လို ရှင်သန်နေထိုင်ဖို့ လိုအပ်သည်ဆိုသည်တို့ကို သူ ပြောပြချင်ပါ၏။ သူတို့ငယ်ငယ်တုန်းက သင်ခဲ့ရသည့် ဥပမာလိုပါပဲ။ ထိုးထိုးထောင်ထောင် ရှိနေသော စပါးနှံတွေဆိုသည်က အဆံမရှိ၊ အနှစ်မဲ့သည်။ အဆံရှိပြီး အနှစ်ပြည့်သည့် စပါးနှံတို့ကမူ ခို့ခို့ရို့ရို့ဖြင့် ငိုက်ကျနေတတ်ကြောင်းတွေပေါ့။ ဘဝဆိုသည်ကလည်း သည်လိုပဲ မဟုတ်လား။
တချိန်တည်းမှာပင် ဝမ်းနည်းမှုက သူ့ကိုယ်တွင်းကို ဝင်၍ လာပြန်သည်။ သူ့ဘဝ၏ အရေးပါအရောက်မှုအကြောင်း တွေးမိလိုက်သောကြောင့် ဖြစ်၏။ သည်လယ်ယာအလုပ်တွေထဲမှာ သူ နစ်မြုပ်သွားရတော့မှာလား။ သည်ဟာတွေက သူမရှိလည်း အစ်ကိုတွေ၊ မောင်တွေ၊ အစ်မကြီးတွေ လုပ်ကြပါလိမ့်မည်။ သူ့ကို မလိုအပ်လှ။ သည်အလုပ်များတွင် ကျွမ်းကျင်လိမ္မာသည်မဟုတ်။ သူက လူပိုတစ်ယောက်လို ဖြစ်၍နေသည်။
သူရခဲ့သော လစာသည် မများသော်လည်း တင်းတိမ်ရောင့်ရဲတတ်သူ သူ့တစ်ကိုယ်ရေစာအတွက် လောက်ငခဲ့ပါသည်။ ယင်းသည်ပင် သူ့ကိုယ်ပိုင်ဝင်ငွေဖြစ်သောကြောင့်လည်း ကျေနပ်ရပါသည်။ တတ်စွမ်းသမျှသော ပညာဖြင့် တတ်နိုင်သမျှ ထွန်းလင်းပေးခြင်းအတွက် ပြန်လည်ရရှိသည့် အဖိုးအခထက် ကလေးများ၏ အသိအမှတ်ပြုခံခြင်းကို ပို၍ပီတိဖြစ်မိသည်။
သူသည် ကလေးများ၏ အနာဂတ်အတွက် လမ်းများ ရှာဖွေပေးသူ။ ဟုတ်သည်။ သူသည် လမ်းများကို ရှာဖွေပေးသူသာ။
ကလေးတို့၏ ဘဝကို ထုဆစ်ပုံဖော်ပေးသူအဖြစ် သူ မလိုလားပါ။ ကလေးများကို ရွှံတုံးအဖြစ် အချို့သောသူများက ရှုမြင်တတ်ကြသည်။ ထိုရှုမြင်ချက်ဖြင့်ပင် ထိုသူတို့လိုချင်သော ပုံစံများအဖြစ် ထုဆစ်တတ်ကြသည်။ ထိုမျှလောက်တော့ သူ အတ္တမကြီးပါ။ မကြီးသင့်ဟုလည်း ထင်ပါသည်။ ကလေးတို့တွင်လည်း ကိုယ့်အတ္တနှင့်ကိုယ် ရှိနေကြမည်မဟုတ်လား။ သူတို့ဆန္ဒအလျောက်သာ ကြီးထားလာစေချင်သည်။ သူတို့သွားချင်သော လမ်းများအတိုင်းသာ လျှောက်ကြပါစေ။ သည်အတွက် မည်သည့်နေရာတွင် မည်သည့်လမ်းရှိကြောင်း လမ်းရှာပေးသူသာ သူ ဖြစ်ချင်ပါသည်။
ဖျတ်ခနဲပင် သူ့ကိုယ်သူ သတိရမိပြန်သည်။ ယခုမူ သူကိုယ်တိုင်က လမ်းပျောက်၍နေ၏။
နေလုံးသည် အနောက်ဘက်တောတန်းထဲသို့ ငိုက်ဆင်း၍ တိုးဝင်နေလေပြီ။ လေက ပို၍ အေးစိမ့်စိမ့်ဖြစ်လာ၏။ သူ ပြန်သင့်ပြီ။ သစ်ပင်ကြီးကမူ ငြိမ်သက်စွာ မတ်တပ်ရပ်လျက်ပင် ရှိနေ၏။ သည်ရက်များအတွင်း အရွက်တို့ တဖြုတ်ဖြုတ်ကြွေနေခဲ့ရာ သစ်ပင်ကြီးခမျာ ရိုးတံပြိုင်းပြိုင်း ဖြစ်၍နေသည်ကို သူ သတိပြုမိသည်။ သည်လိုနှင့် တစ်နွေရောက်ပြန်ဦးတော့မည်။
သူ ထိုင်ရာမှ ထသည်။ ထိုခဏ၌ “ဆရာမ” ဟု ခေါ်သံကို သူ ကြားလိုက်ရသည်။ မည်သူပါလိမ့်။ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်မိသော်လည်း တစ်စုံတစ်ယောက်ကိုမှ မတွေ့ရ။ စိတ်ထင်ယောင်မှားခြင်းပေလော။
“ကျနော် ခဏလောက် စကားပြောပါစေ”
နောက်ထပ်စကားသံ။ သူ့ခြေလှမ်းတို့ တုံ့သွားပြန်သည်။
သိလိုက်ပြီ။ သစ်ပင်ကြီးဆီက စကားသံ။ သူ စိုက်ကြည့်နေမိသည်။ လေကြောင့် ရိုးတံတို့က တလှုပ်လှုပ်။ သူ့ကို လက်ဝှေ့ရမ်းနေသယောင်ပင်။
“စောင့်ဆိုင်းတတ်ခြင်း၊ ပြီးတော့ စိတ်ရှည်မှု”
ဘာကိုဆိုလိုသနည်း။ မည်သည်ကိုစောင့်ခိုင်းနေပါလိမ့်။ သူ အံ့ဩမှင်သက်လျက် စကားသံကို နားစွံ့နေမိသည်။ ဘယ့်အတွက်ကြောင့် သစ်ပင်က စကားပြောနေသနည်း။
“ကျနော်ဟာ မကြာခင်မှာပဲ အရွက်တွေ အကုန်ကြွေသွားတော့မှာပါ။ အရိပ်ပေးနိုင်တော့မှာ မဟုတ်ဘူး။ အသီးအပွင့်တွေလည်း မဝေနိုင်တော့ပါဘူး။ သစ်ပင်တစ်ပင်အတွက် ဒါဟာ စိတ်အထိခိုက်ရဆုံး အချိန်ပါပဲ။ ထင်းအဖြစ် ခုတ်ပြီး မီးဆိုက်လိုက်ရုံကလွဲပြီး အသုံးမကျတော့သလိုမျိုး ခံစားရစေပါတယ်။ ဒါပေမဲ့ ကျနော် သိနေပါတယ်။ တစ်နေ့မှာ မိုးဦးကျလာမယ်၊ အရွက်အညွန့်တွေ ပြန်ထွက်လာမယ်၊ အပွင့်တွေ ပွင့်မယ်၊ အသီးတွေလည်း သီးလာမယ်။ အဲသလိုမျိုး အခက်အလက်၊ အသီးအပွင့်တွေ ဝေလာဦးမှာပါပဲ။ တစ်ခုပါပဲ၊ မိုးရာသီရောက်တဲ့အထိတော့ စောင့်ရတာပေါ့”
မိုးရာသီရောက်တဲ့အထိ။ ဘယ်လိုမျိုးလဲ။ မိုးရာသီရောက်လျှင်ကော သူ့အတွက် ဘာထူးမှာလဲ။ လယ်တွေ တစ်ခါ ပြန်စိုက်ဖို့ လုပ်ရဦးမှာပေါ့။
“ကျနော်တို့ သစ်ပင်တွေဆိုတာက အဲဒီသဘောတရားကို ကောင်းကောင်း ကြေညက်ထားကြရပါတယ်။ မဟုတ်ရင် အသက်ရှည်နိုင်မှာမဟုတ်ဘူးမဟုတ်လား။ နွေကာလထဲကို ရောက်သွားတဲ့အခါ ဒါက အဆုံးသတ်မဟုတ်သေးဘူးလို့ ကိုယ်ကိုယ့်ကိုယ် အချိန်တိုင်း ပြန်ပြောနေရတယ်။ ဒါကလွဲပြီးလည်း တခြားမတတ်နိုင်ဘူးကိုး။ မိုးရာသီရှိတဲ့ နေရာတွေဆီကိုလည်း ထွက်ပြေးသွားလို့မှမရတာ။ အခု ဆရာမ ရောက်နေတဲ့အခြေအနေမျိုးပေါ့။ ဒါဟာ ရှင်သန်ခြင်းမှာ ကြုံတွေ့ရ၊ ဖြတ်သန်းရတဲ့ အခိုက်အတန့်တွေပါပဲ။ သစ်ပင်တစ်ပင်နဲ့ လူ့ဘဝအဖြစ်ဟာ ထပ်တူကျနိုင်မှာမဟုတ်ပေမဲ့ သဘောကတော့ မကွာလှပါဘူး။ စောင့်ဆိုင်းတတ်ခြင်းပါပဲ။ အဓိက ကျနော် ပြောချင်တာက အဲဒါပါပဲ။ ပြီးတော့ စိတ်ရှည်မှု။ စောင့်ဆိုင်းခြင်းဆိုတာ စိတ်ရှည်မှုတွေနဲ့ တည်ဆောက်ရတာပါပဲ။ စောင့်ပါ၊ စိတ်ရှည်ပါ”
ညိုမှိုင်းနေသော နောက်ခံထဲတွင် လေကြောင့် သစ်ပင်ကြီး၏ ရိုးတံတို့မှာ လှုပ်ယမ်းနေဆဲပင် ဖြစ်သည်။ သည်လှုပ်ရမ်းမှုကမူ လက်ပြနှုတ်ဆက်နေသယောင်။ သူ ပြန်ချင်လျှင် ပြန်နိုင်ပြီဖြစ်ကြောင်း ပြောနေသကဲ့သို့ပင်။
နေဝင်သွားပြီဖြစ်သော်လည်း သူ့ဦးခေါင်းထက်တွင် အလင်းရောင်တို့ တဖျပ်ဖျပ် ပွင့်ခါနေပါသည်။ “စောင့်ပါ၊ စိတ်ရှည်ပါ” ဟူသည့် အသံတို့က သူ့နားထဲတွင် ပဲ့တင်ထပ်၍ နေ၏။
ပျောက်ဆုံးနေသော အရာများကို သစ်ပင်ကြီးက ရှာဖွေပေးလိုက်သကဲ့သိုပင်။ ကျေးဇူးတင်လိုက်ပါဘိခြင်း။ သစ်ပင်ကြီးကို ခေါင်းညိတ်ဦးညွှတ်ပြလိုက်ပါသည်။ စာသင်ခန်းတွေဆီက ခေါင်းလောင်းသံကို အာရုံပြုကြည့်လိုက်သည်။ ကြည်ကြည်လင်လင်ပင် သူ ကြားနေရပါသည်။
ငြိမ့်လွင့်
The Tanintharyi Times