အိန္ဒိယ ဆရာဝန် အမျိုးသမီး မုဒိမ်းကျင့် ၊ သတ်ဖြတ်ခံရမှုကို တရားရုံးချုပ်က ယနေ့ ကြားနာမယ်

အိန္ဒိယ ဆရာဝန် အမျိုးသမီး မုဒိမ်းကျင့် ၊ သတ်ဖြတ်ခံရမှုကို တရားရုံးချုပ်က ယနေ့ ကြားနာမယ်

Ref: Al Jazeera, NDTV

အိန္ဒိယမှာ အသက် ၃၁ နှစ်အရွယ် ဘွဲ့လွန်ဆေးကျောင်းသူတစ်ဦးကို သြဂုတ်လ ၉ ရက်နေ့ မနက်ပိုင်းက ကာလကတ္တားမြို့ရဲ့ အစိုးရဆေးရုံတစ်ခုမှာ မုဒိမ်းကျင့်-သတ်ဖြတ်ခဲ့တဲ့ အမှုကို အိန္ဒိယတရားရုံးချုပ်က ဒီနေ့မှာ ကြားနာမယ်လို့ သိရပါတယ်။

နိုင်ငံတစ်ဝှမ်းကို ထိတ်လန့်တုန်လှုပ်စေခဲ့တဲ့ အဆိုပါ ရာဇဝတ်မှုကို တရားရုံးချုပ်မှာ တရားသူကြီးချူပ် DY Chandrachud ဦးဆောင်တဲ့ တရားသူကြီး သုံးဦးက အင်္ဂါနေ့မှဦ ကြားနာသွားမယ်လို့ သိရပါတယ်။

လက်ရှိမှာ ပြီးခဲ့တဲ့ အပတ်က အဆိုပါ အမှုကို ကာလကတ္တား အထက်တရားရုံးက ကြားနာခဲ့ပြီး အမှုကို ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (Central Bureau of Investigation- CBI) ကို လွှဲပြောင်းဖို့ အမိန့်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ရဲဌာနရဲ့ အမှုကို ကိုင်တွယ်ပုံက သံသယဝင်ဖွယ်ဖြစ်တာကြောင့် မိဘတွေနဲ့ အသိမိတ်ဆွေတွေက ဒီဆုံးဖြတ်ချက်ကို အယူခံတင်ပြီး တရားရုံးချုပ်ကို ထပ်တင်ခဲ့ပါတယ်။

အခင်းဖြစ်ပွားကြောင်း သိရှိချိန်မှာ မိဘတွေကို သေဆုံးသူရဲ့ ရုပ်အလောင်းကို ကြည့်ခွင့်ပေးဖို့ အချိန်ဆွဲမှုတွေ၊ မှတ်တမ်းတင်ရာမှာ တိကျမှု မရှိခြင်းနဲ့ စေတနာ့ဝန်ထမ်း တစ်ဦးကို ချက်ချင်း ဖမ်းဆီးပြီး မှုဖွင့် အရေးယူမှုတွေ လျင်လျင်မြန်မြန်လုပ်ဆောင်ခဲ့တာဟာ သံသယဖြစ်ဖွယ် အပြုအမူတွေလို့ NDTV သတင်းမှာ ဖော်ပြထားပါတယ်။

တစ်ဖက်မှာလည်း ဆရာဝန်တွေရဲ့ ဆေးမှတ်တမ်းအရ ကျူးလွန်သူတရားခံဟာ တစ်ဦးထက်ပိုရှိနေတဲ့ အထောက်အထားတွေ တွေ့ထားသလို ကာလကတ္တားရဲ့တပ်ဖွဲ့ငြင်းဆန်ထားပေမဲ့ ရုပ်အလောင်းကို အလောတကြီး မီးသင်္ဂြိုလ်ခဲ့တဲ့ မသင်္ကာစရာကစ္စရပ်တွေ ရှိနေတာ ဖြစ်ပါတယ်။

သြဂုတ်လ ၉ ရက်နေ့ နံနက်ပိုင်းက RG Kar ဆေးဘက်ဆိုင်ရာကောလိပ်နဲ့ ဆေးရုံ (RG Kar Medical College and Hospital) ) မှာ ဖြစ်ပွားတဲ့ ကြောက်ဖက်ဖွယ် ရာဇဝတ်မှုဟာ အိန္ဒိယနိုင်ငံက အမျိုးသမီးတွေ ရင်ဆိုင်နေရဆဲ မလုံခြုံမှုတွေကို မီးမောင်းထိုးပြနေပါတယ်။

၂၀၁၂ ခုနှစ်က ဒေလီက ဘတ်စ်ကားတစ်စီးပေါ်မှာ ၂၃ နှစ်အရွယ်ကျောင်းသူတစ်ဦး အုပ်စုဖွဲ့ မုဒိမ်းကျင့်သတ်ဖြတ်ခံရမှု ဖြစ်ပွားပြီးနောက်မှာ အစိုးရ ဥပဒေတွေက ပိုမိုတင်းကျပ်တဲ့ စည်းမျဥ်းတွေ ချမှတ်လာပါတယ်။ ဒါပေမဲ့ မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ ရာဇဝတ်မှုက အစိုးရရဲ့ အကာအကွယ်ပေးမှုတွေ လိုအပ်နေသေးကြောင်း ပြသနေတယ်လို့ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရဲဝန်ထမ်း မိသားစုဝင်တွေအတွက် လိုအပ်ပါက ဆေးရုံကို ကူညီပို့ဆောင်ပေးနိုင်ဖို့ ခန့်အပ်ထားတဲ့ စေတနာ့ဝန်ထမ်း ရဲတစ်ဦးကို အဆိုပါ ရာဇဝတ်မှုအတွက် ကာလကတ္တားရဲ့တပ်ဖွဲ့က ဖမ်းဆီး တရားစွဲဆိုထားတယ်လို့ သိရပါတယ်။ သေဆုံးနေတဲ့ဆရာဝန်အလောင်းကိုရှိရာ အဆောက်အဦးထဲကို သူဝင်ရောက်ခဲ့တဲ့ CCTV မှတ်တမ်းကို အခြေခံပြီး သူ့ကို ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

ဒါပေမဲ့ နိုင်ငံတော်အနေနဲ့ လုံလောက်တဲ့ တရားမျှတမှုနဲ့ ဥပဒေရေးရာ ကာကွယ်ပေးမှုတွေ ပြုလုပ်ပေးရေးအတွက် အငယ်တန်း ဆရာဝန်တွေက စတင် တောင်းဆို ဆန္ဒပြခဲ့ကြပြီး ‌နောက်ပိုင်းမှာ အိန္ဒိယနိုင်ငံတစ်ဝှမ်းက ပြည်သူတွေလည်း ထပ်မံပူးပေါင်း ပါဝင်လာတာကြောင့် ပြီးခဲ့တဲ့ ရက်သတ္တပတ်လုံး အရေး‌ပေါ်လူနာတွေကလွဲရင် မိမိတို့ သက်ဆိုင်ရာ အလုပ်တွေကို ရပ်နားပြီး အစိုးရကို ဆန္ဒပြ သမိတ်မှောက်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် ၂၄ နာရီ ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြတဲ့ အိန္ဒိယဆေးဘက်ဆိုင်ရာအသင်း (Indian Medical Association) ကလည်း တနင်္ဂနွေနေ့ မနက် ၆ နာရီမှာ ဆန္ဒပြပွဲကို ဝန်ကြီးချုပ် Narendra Modi ထံပေးစာတစ်စောင် တင်သွင်း အဆုံးသတ်ခဲ့ပါတယ်။

အဆိုပါ အိတ်ဖွင့်ပေးစာထဲမှာ အိန္ဒိယရဲ့ ဆရာဝန် ၆၀ ရာခိုင်နှုန်းဟာ အမျိူးသမီးတွေ ဖြစ်နေတာကြောင့် ဝန်ကြီးချုပ်အနေနဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေကို လုံခြုံမှု အပြည့်အဝပေးနိုင်တဲ့ စည်းမျဥ်းစည်းကမ်းတွေနဲ့ ကာကွယ်ပေးဖို့ လိုအပ်ကြောင်း တောင်းဆိုခဲ့ကြပါတယ်။

အဆိုပါ တနင်္ဂနွေနေ့က စတင်ပြီး လူငါးဦးနဲ့ ငါးဦးထက်ပိုတဲ့ စုဝေးမှုတွေကို ရဲတပ်ဖွဲ့က တစ်ပတ်ကြာ ပိတ်ပင်တားဆီးခဲ့ပါတယ်။

၂၀၂၃ ခုနှစ်မှာ အိန္ဒိယနိုင်ငံမှာ အမျိုးသမီးတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေဟာ ၂၀၂၂ ခုနှစ်ကထက် ၄ ရာခိုင်နှုန်းတိုးလာတယ်လို့ National Crimes Records Buerau (NCRB) က ယမန်နှစ်က ထုတ်ပြန်ခဲ့ပါတယ်။

(ယခုဘာသာပြန်သတင်းကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်း တို့ပူးပေါင်းတင်ဆက်ပါတယ်)

The Tanintharyi Times