“ တစ်ပတ်တာ မြန်မာ ”

“ တစ်ပတ်တာ မြန်မာ ”

နိုင်ငံတဝှမ်းမှာ မတ်လ ၂၂ ရက်ကနေ ၂၈ ရက်အထိ တစ်ပတ်တာအတွင်း ဖြစ်ပေါ်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားဖြစ်စဉ် ၁၀ ခုကို ကောက်နှုတ်ပြီး တနင်္သာရီတိုင်းမ်စာဖတ်သူတွေအတွက် တင်ပြလိုက်ပါတယ်။

၁။ ငလျင်ကြောင့် သေဆုံးသူ တစ်ထောင်ကျော် ရှိလာ

မနေ့က လှုပ်ခတ်ခဲ့တဲ့ အားပြင်း ငလျင်ကြောင့် ဒီကနေ့ နေ့လယ် ၃ နာရီအထိ သေဆုံးသူစုစုပေါင်း ၁,၀၇၆ ဦးရှိတယ်လို့ ကောက်ယူစုဆောင်းထား စာရင်းတွေကို အခြေခံပြီး DVB က သတင်းဖော်ပြပါတယ်။ စစ်ကောင်စီဥက္ကဌကတော့ မနေ့က ညအချိန်မှာ ထုတ်ပြောထားတာက ၁၄၄ ယောက်သေဆုံးကာ ၇၃၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ သေဆုံးသူတွေက နေပြည်တော်ကောင်စီနယ်မြေမှာဆိုရင် ၉၆ ဦး၊ စစ်ကိုင်းမြို့မှာ ၁၈ဦး၊ ကျောက်ဆည်မှာ ၃၀ဦးဖြစ်ပြီး ဒဏ်ရာရသူတွေကတော့ နေပြည်တော် ကောင်စီနယ်မြေမှာ ၁၃၂ ‌ဦး၊ စစ်ကိုင်းမြို့မှာ ၃၀၀ ဦးနဲ့ ကျောက်ဆည်မြို့မှာ စိစစ်စဲအားလုံးပေါင်း ၇၃၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ ငလျင်ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နေဆဲဖြစ်လို့ သေဆုံးသူနဲ့ ဒဏ်ရာရသူအရေအတွက် ဒီထက် တပ်တိုးလာနိုင်တယ်လို့တော့ ဆက်ပြောထားပါတယ်။ စစ်ကောင်စီဥက္ကဌထုတ်ပြောချက်ထဲမှာ ငလျင်ထိခိုက်မှုပြင်းပြင်းထန်ထန်ခံစားရတဲ့ မန္တလေးမြို့ရဲ့ ထိခိုက် သေဆုံးတာနဲ့ ဒဏ်ရာရတဲ့ အခြေအနေမပါပါဘူး။ နေပြည်တော်အပါအဝင် တိုင်းနဲ့ ပြည်နယ် ၆ ခုကို စစ်ကောင်စီက အရေးပေါ်အခြေအနေကြေညာထားပါတယ်။

၂။ ရခိုင်ရှိဆုံးရှုံးမြို့နယ်တွေက လဝကရုံးတွေကို ရန်ကုန်မှာဖွင့်လှစ်ထား

အာရက္ခတပ်တော် (AA) ထံ လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ ရခိုင်ရှိ မြို့နယ်တွေက စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန (လဝက) ရုံးတွေကို ရန်ကုန်မှာ ရွှေ့ပြောင်းဖွင့်လှစ်ထားတယ်လို့ DVB သတင်းက ဖော်ပြပါတယ်။ လဝကရုံးတွေကို ရန်ကုန်တိုင်းထဲက ဗဟန်းမြို့နဲ့ သာကေတမြို့တို့မှာ ဖွင့်လှစ်ထားတာဖြစ်ပြီး နိုင်ငံသား စိစစ်ရေးကတ်ပြားအပါအဝင် အိမ်ထောင်စုစာရင်းနဲ့ သက်ဆိုင်တဲ့ စာရွက်၊ စာတမ်းတွေကို ပြုလုပ်ပေးနေတယ်လို့ ဆိုပါတယ်။ ရမ်းဗြဲကျွန်းအတွက် သာကေတက (လဝက) ရုံးထဲမှာ တွဲဖက်ဖွင့်ထားပြီး ကျန်တဲ့ ရခိုင်က မြို့နယ်အလိုက် ရုံးတွေကိုတော့ ဗဟန်းမြို့ အမှတ် (၃)လမ်းက ဓမ္မာရုံမှာ စုပေါင်းပြီး ဖွင့်ပေးထားတယ်လို့ ရန်ကုန်ရောက် ရခိုင်တိုင်းရင်းသားအမျိုးသမီးတစ်ဦးက DVBကို ပြောထားပါတယ်။ တစ်နှစ်ကျော်အတွင်းမှာ အမ်းအခြေစိုက် (နပခ) တိုင်းစစ်ဌာနချုပ်အပါအဝင် ရခိုင်က မြို့နယ် ၁၄ ခုကို AA က သိမ်းပိုက်ထားပါတယ်။

၃။ အရွယ်ရောက်ပြီးသူတိုင်း စစ်မှုထမ်းဖို့ အာရက္ခတပ်တော် ခေါ်ယူ

ရခိုင်က မြို့နယ် ၁၄ ခုနဲ့ ပလက်ဝမြို့နယ်ကို ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော် (AA) က အရွယ်ရောက်ပြီး သူတိုင်း စစ်မှုထမ်းရမယ့်ကိစ္စကို စတင်လုပ်ဆောင်လာပြီး ရပ်ရွာတွေမှာ အစည်းအဝေးခေါ်ယူ ရှင်းပြပြီး စာရင်းကောက်ယူတာတွေ ရှိနေတယ်လို့ DMG က သတင်းဖော်ပြပါတယ်။ စစ်ကောင်စီ ကင်းစင်သွားတဲ့ နယ်မြေတွေမှာ ULA/AA က အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေစိုးမိုးရေး၊ စီးပွားရေး၊ ပညာရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း စတဲ့ကဏ္ဍပေါင်းစုံကို တာဝန်ယူ လုပ်ကိုင်နေတဲ့အတွက် ကဏ္ဍအသီးသီးမှာ တာဝန်ယူလုပ်ကိုင်မယ့်သူတွေ၊ ထိန်းချုပ်နယ်မြေတွေကို ကာကွယ်စောင့်ရှောက်ရေးနဲ့ နယ်စပ်လုံခြုံရေးအတွက် လူစွမ်းအားအရင်းအမြစ်တွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။ စစ်မှုထမ်းခေါ်ယူတာနဲ့ ပတ်သက်လို့ ULA/AA က လတ်တလောမှာ အသေးစိတ်ကို တရားဝင် ထုတ်ပြန်ကြေညာတာမျိုး မရှိသေးပါဘူး။ DMG ရဲ့ ဖော်ပြချက်အရတော့ စစ်မှုထမ်းအကျုံးဝင်သူတွေဟာ အမျိုးသားဆိုရင် အသက် ၁၈ ကနေ အသက် ၄၅ နှစ်အထိ၊ အမျိုးသမီးဆိုရင် အသက် ၁၈ ကနေ အသက် ၃၅ နှစ်အတွင်းဖြစ်ပါတယ်။

၄။ စစ်မှုထမ်းအမှတ်စဉ် ၁၂ အတွက် မန္တလေးမှာ မဲနှိုက်ရွေးချယ်

မန္တလေးမြို့က မဟာအောင်မြေမြို့နယ်မှာ စစ်မှုထမ်း အပတ်စဉ် ၁၂ တက်ရောက်ရမယ့်သူ နံပါတ်စဉ် မဲနှိုက်တာကို ပုံစံအသစ်နဲ့ အခုလ ၂၄ ရက်မှာ စစ်ကောင်စီက ပြုလုပ်ခဲ့ပါတယ်။ စစ်မှုထမ်းဖို့ အသက်ပြည့်သူအားလုံး ကင်းလွတ်ခွင့်မရှိဘဲ မိသားစုဝင် ဒါမှမဟုတ် ကာယကံရှင်ကိုယ်တိုင် လာရောက်မဲနှိုက်ရတာပါ။ မဲနှိုက်တာက စစ်မှုထမ်းအပတ်စဉ် ၁၂ တခုတည်းအတွက် မဟုတ်ဘဲ ကိုယ်ကျရာ နံပါတ်စဉ်အလိုက် အကုန်လုံးစစ်မှုထမ်းရမှာ ဖြစ်ပါတယ်။ မဟာအောင်မြေမြို့နယ်ထဲမှာတော့ စစ်မှုထမ်းအတွက် မြို့နယ်လုံးကျွတ် မဲနှိုက်ပြီးစီးခဲ့ပြီဖြစ်ပါတယ်။

၅။ မုံရွာမှာ ဖမ်းဆီးခံရသူ ၅၀ ကျော်ကို အကြမ်းဖက်ဥပဒေနဲ့ ထောင် ၅ နှစ်ချ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ တစ်နှစ်ကျော်ကြာ မတရားဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ ပြည်သူ အယောက် ၅၀ ကျော်ကို အခုလ ၂၆ ရက်မှာ စစ်ကောင်စီက အကြမ်းဖက်ဥပဒေနဲ့ ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်တယ်လို့ DVB က သတင်းဖော်ပြပါတယ်။ သက္ကယ်ကျင်းရွာကနေ ဖမ်းထားတဲ့သူတွေကို အကြမ်းဖက်ပုဒ်မ ၅၂(က) နဲ့ ထောင် ၅ နှစ်စီ ချလိုက်တာလို့ နိုင်ကျဥ်းထောင်ဝင်စာကူညီပေးပို့သူတစ်ဦးက ပြောထားပါတယ်။ စစ်ကောင်စီ တပ်ဟာ သက္ကယ်ကျင်းကျေးရွာကို ပြီးခဲ့တဲ့နှစ် မတ် ၁၄ ရက်က ဝင်ရောက်စီးနင်းပြီး ကျေးရွာသား ၆၀ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။ အဖမ်းခံရသူတွေထဲက အနည်းအကျဥ်းသာ ပြန်လွတ်လာပြီး ကျန်တဲ့သူတွေကို မုံရွာအမှတ်- ၁ ရဲစခန်း အချုပ်မှာ ဖမ်းထားကာ တနှစ်ကျော်ကြာမှ မုံရွာမြို့နယ်တရားရုံးက အမိန့်ချခဲ့တာပဲ ဖြစ်ပါတယ်။

၆။ မန္တလေးက ရွှေလုပ်ငန်းရှင် ၇ ဦးကို ဖမ်းဆီးတရားစွဲထား

မန္တလေးမြို့က ရွှေလုပ်ငန်းရှင် ၇ ဦးကို ရွှေလုပ်ငန်းရှင်အသင်းက သတ်မှတ်ထားတဲ့ ရည်ညွှန်းစျေးထက် အရောင်းအဝယ်ပြုလုပ်ခဲ့တယ်ဆိုပြီး အရေးကြီးကုန်စည်ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ နဲ့ အရေးယူဖို့ စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ Voice Of Myanmar က သတင်းဖော်ပြပါတယ်။ အမှတ် ၃ နယ်မြေရဲစခန်း တာဝန်ကျ ဝန်ထမ်းတဦးကလည်း အရေးကြီးကုန်စည်ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၅၊ ရာဇသတ်ကြီး ပုဒ်မ ၁၀၉နဲ့ တရားခံ လေးယောက် ချုပ်ထားတယ်လို့ အတည်ပြုထားပါတယ်။ အရေးကြီးကုန်စည်ဝန်ဆောင်မှု ဥပဒေပုဒ်မ ၅ နဲ့အရေးယူခံရရင် ထောင်ဒဏ် အနည်းဆုံး ၆ လကနေ ၃ နှစ်အထိ ချမှတ်ခံရနိုင်ပါတယ်။

၇။ နေပြည်တော်မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်

စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ (NSPNC) က ဦးဆောင်ပြီး နေပြည်တော်မှာ အခုလ ၂၄ ရက်ကနေ ၂၆ ရက်အထိ သုံးရက်တာ ငြိမ်းချမ်း‌ရေးဆွေး‌နွေးပွဲတစ်ခု ကျင်းပခဲ့ပါတယ်။ ဒီပွဲကို စစ်ကောင်စီနဲ့ အဆင်ပြေနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြတာ တွေ့ရပါတယ်။ NSPNC ဥက္ကဋ္ဌ စစ်ကောင်စီ ဗိုလ်ချုပ်ကြီး ရာပြည့်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ်မှာ ပိုမိုအာရုံစိုက် ပါဝင်လာစေဖို့၊ လူထုအကြား အသိမြင်တိုးမြှင့်လာစေဖို့၊ နိုင်ငံအတွင်း ပဋိပက္ခတွေ အမြန်ဆုံး လျှော့ချဖို့ ရည်ရွယ်ပြီး ပြုလုပ်ရတာလို့ အဖွင့်မိန့်ခွန်းမှာ ထည့်ပြောခဲ့ပါတယ်။

၈။ ကိုးကန့်တပ်နဲ့ စစ်ကောင်စီ ဆွေးနွေးပွဲ ပြေလည်မှုမရ

တရုတ်အစိုးရရဲ့ ကြားဝင်မှုနဲ့ စစ်ကောင်စီနဲ့ ကိုးကန့်တပ် MNDAAတို့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ အခုလ ၂၂ ရက်ကနေ ၂၄ ရက် အထိ သုံးရက်ကြာ တွေ့ဆုံခဲ့ကြပါတယ်။ ဒီတွေ့ဆုံဆွေးနွေးမှုမှာ ပြေလည်မှု မရခဲ့ဘူးလို့ သတင်းမီဒီယာတွေက ရေးသားထားကြပါတယ်။ တွေ့ဆုံပွဲအတွင်း ကိုးကန့်တပ်သိမ်းပိုက်ထားတဲ့ လားရှိုးကို ပြန်ပေးဖို့အတွက် စစ်ကောင်စီဘက်က တောင်းဆိုခဲ့ပေမဲ့ သဘောတူညီမှုမရခဲ့ဘူးလို့ ကိုးကန့်တပ်နဲ့ နီးစပ်သူတဦးကို ကိုးကားပြီး DVB က ဖော်ပြပါတယ်။ လားရှိုးမြို့ကို MNDAAနဲ့ ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့နှစ် ဇူလိုင် ၂၆ ရက်မှာ သိမ်းပိုက်ထားတာပါ။

၉။ ခလယ်ဒေးတပ်စခန်းကို KNLA သိမ်းပိုက်

မြန်မာ-ထိုင်းနယ်စပ်မှာရှိတဲ့ KNU တပ်မဟာ ၇ နယ်မြေ၊ လှိုင်းဘွဲမြို့နယ်အတွင်းက စစ်ကောင်စီရဲ့ ခလယ်ဒေးတပ်စခန်းကို KNLA ပူးပေါင်းတပ်က အခုလ ၂၅ ရက်​မှာ သိမ်းပိုက်လိုက်ပါတယ်။ အဆိုပါ စခန်းကို အခုလ ၂၁ ရက်က စပြီး ထိုးစစ်ဆင်ခဲ့တာပါ။ စစ်ကောင်စီဘက်ကတော့ လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၁၆ လုံးအထိ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ KNU ဗဟိုကော်မတီဝင် ပဒိုစောသမိန်ထွန်းက DVB ကို ပြောပါတယ်။ စခန်းကို သိမ်းပိုက်နိုင်ချိန်မှာ စစ်ကောင်စီတပ်သားတွေ ထွက်ပြေးသွားခဲ့ပြီး ဆိုင်ကယ် ငါးစီးအပါအဝင် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ပါတယ်။

၁၀။ တောင်းခမ်းအနီး နေရာအချို့ကို TNLA လက်လွှတ်ရ

စစ်ကောင်စီတပ်က နောင်ချိုမြို့ကို ပြန်လည်သိမ်းပိုက်ဖို့အတွက် ဒရုန်း လက်နက်ကြီး၊ လေကြာင်းပစ်ကူ၊ စစ်အင်အားအများအပြားနဲ့ ထိုးစစ်ဆင်လာတာကြောင့် TNLA တပ်စွဲထားတဲ့ တောင်းခန်းက နေရာတချို့ကို လက်လွှတ်ပေးလိုက်ရတယ်လို့ သတင်းဌာနတွေက ဖော်ပြပါတယ်။ တောင်းခမ်းမှာရှိတဲ့ အမြောက်တပ် တွေကို စစ်ကောင်စီတပ်က ပြန်လည်ရယူပြီးနောက် ထပ်မံ လက်လွှတ်လိုက်ရတာပါ။ စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ကြောင့် နောင်ချို၊ တောင်းခမ်း၊ အုမ္မသီးဘက်တွေမှာ တိုက်ပွဲတွေ နေ့စဉ်လိုလို ဖြစ်နေတယ်လို့ သိရပါတယ်။

The Tanintharyi Times