“မပြန်ပါဘူးဗျာ။ ဒါက အခန့်မသင့်ရင် အစိုးရအချင်းချင်း လက်သိပ်ထိုးတာတောင် ဖြစ်နိုင်တယ်”

“မပြန်ပါဘူးဗျာ။ ဒါက အခန့်မသင့်ရင် အစိုးရအချင်းချင်း လက်သိပ်ထိုးတာတောင် ဖြစ်နိုင်တယ်”

အတာသင်္ကြန်ကာလရောက်တိုင်း တနင်္သာရီတိုင်းသူ၊ တိုင်းသားတွေဟာ နိုင်ငံရပ်ခြားကနေ မွေးရပ်မြေကို ပြန်ကြစမြဲပါ။ ဒီနှစ်သင်္ကြန်ကာလမှာလည်း ထိုင်းအစိုးရက မြန်မာနိုင်ငံသားတွေ အပါအဝင် အိမ်နီးချင်းနိုင်ငံတွေက ရွှေ့ပြောင်းအလုပ်သမားတွေကို ခွင့်ရှည်နဲ့ ပြန်ခွင့်ပေးမယ်လို့ ကြေညာထားပါတယ်။

သို့ပေမယ့်လည်း စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲ တွေအပြင်းအထန် ဖြစ်ပွားနေတဲ့ ဒေသတွေထဲမှာ တနင်္သာရီတိုင်းကမြို့နယ်အတော်များများ လည်းပါဝင်နေပါတယ်။ ဒါ့အပြင် စစ်တပ်က အဓမ္မစစ်သား စုဆောင်းနေတာတွေလည်း ရှိနေပါသေးတယ်။ ခုလိုအခြေအနေမှာ ထိုင်းရောက် တောင်ပိုင်းသားတွေအနေနဲ့ သင်္ကြန်ကာလ ဘယ်လိုအစီစဉ်တွေ ဆောင်ရွက်ကြမလဲဆိုတာကို အခုတပတ် “တောင်ပိုင်းသားတို့အသံ”အစီအစဉ်ကနေ မေးမြန်းတင်ဆက်လိုက်ပါတယ်။

(တောင်ပိုင်းသားတို့အသံ)

• ထိုင်းရောက် လောင်းလုံးဒေသခံအမျိုးသားတစ်ဦး

မေး - ဒီနှစ်သင်္ကြန်ကို နေရပ်ပြန်ဖို့ စီစဉ်ထားလား။

ဖြေ - စစ်တပ်ကို ရွံလို့မပြန်ဘူး။

မေး - ကိုယ့်ဇာတိ နေရပ်မှာရော တိုက်ပွဲ ဖြစ်နေလား။

ဖြေ - တိုက်ပွဲတွေခဏခဏဖြစ်တယ်။ အိမ်မှာကျန်ခဲ့တဲ့ အစ်မတောင်နေတိုင်းနီးပါးပြေးနေရတာ။ စစ်ခွေးတွေက နီးတဲ့လူဖမ်းတယ်။ ပြီးရင် အကြောင်းပြချက်လည်းမရှိဘူး။

မေး - တိုက်ပွဲတွေဖြစ်နေတာအပြင် အဓမ္မစစ်သားစုဆောင်းနေတာရှိတော့ အိမ်ပြန်ဖို့ အစီစဉ် ဘယ်လိုရှိလဲ။

ဖြေ - အခြေအနေတွေ ငြိမ်သွားမှပြန်ဖြစ်မယ်။ ဆယ်စုနှစ်လောက်ကြာချင်လည်း ကြာသွားနိုင်တယ်။

မေး - နေရပ်မပြန်ဖြစ်တာ ဘယ်လောက်ကြာပြီလဲ။

ဖြေ - လေးနှစ်ရှိပြီ။

မေး - ‌ထိုင်းအစိုးရကပေးတဲ့ သင်္ကြန်ခွင့်ရက်ရှည်ပေးမယ်လို့ သိရတယ်။အဲ့ ဒီကာလရောပြန်နိုင်မယ်ထင်လား။ အဲဒီခွင့်ရက်ယူပြီး အိမ်ပြန်ဖို့ရှိလား။ ဘယ်လိုလုပ်ဖို့စီစဉ်ထားလဲ။

ဖြေ - ဘယ်လိုအခွင့်အရေးတွေပေးပေးမပြန်ဘူး။ အစိုးရဆိုရင် ဘယ်နိုင်ငံရဲ့ အစိုးရကိုမှအယုံအကြည်မရှိဘူး။ အစိုးရအချင်းချင်း ဘယ်လိုကတိကဝတ်တွေ ရှိထားတယ်ဆိုတာ ကျနော်တို့မှမသိရတာဗျာ။

မေး - မပြန်ဖြစ်ရင်တော့ သင်္ကြန်ကာလ ဘယ်လိုဖြတ်သန်းမယ်စဉ်းစားလဲ။

ဖြေ - ထိုင်းသင်္ကြန်မှာပဲ Street Photoတွေလိုက်ရိုက်ရင်း ဖြတ်သန်းဖြစ်မှာပါ။

မေး - ရွာမှာရှိတုန်းကဆိုရင် သင်္ကြန်မှာ ဘာတွေလုပ်လဲ။

ဖြေ - ရွာက ကလေးတွေအတွက် ရေပုံးတွေ ရေပက်ခံမဏ္ဍပ်တွေဆောက်ပေး၊ ပြင်ပေးပြီး ပျော်ကြတာပေါ့ဗျာ။ ကိုယ်တိုင်လည်တဲ့နှစ်တွေလည်းရှိသလို ရွာမှာ မုန့်တွေလည်းလုပ်စားပြီးပျော်တဲ့နှစ်တွေလည်းရှိပါတယ်။ အခုပြန်တွေးကြည့်ရင် အဲဒီအခိုက်အတန့်တွေက တကယ့်အနှစ်တွေဗျာ။

• ပုလောဒေသခံ LGBT တစ်ဦး

မေး - ဒီနှစ်သင်္ကြန်ကို နေရပ်ပြန်ဖို့ စီစဉ်ထားလား။

ဖြေ - နေရပ်ပြန်ဖို့ အတွေးထဲကိုမရှိဘူး။ ဒီဘက်ထွက်လာတဲ့လမ်းစရိတ်အကြွေးတောင်မကြေသေးဘူးလေ။

မေး - ကိုယ့်ဇာတိ နေရပ်မှာရော တိုက်ပွဲ ဖြစ်နေလား။

ဖြေ - တိုက်ပွဲလည်းဖြစ်တယ်။ မိုင်းတွေလည်းပေါက်တယ်။ လူတွေလည်း ဒဏ်ရာရတယ်။ အများကြီးပဲ။ လူတွေလည်း အိမ်မှာမနေကြရဘူး။

မေး - တိုက်ပွဲတွေ ဖြစ်နေတာအပြင် အဓမ္မစစ်သားစုဆောင်းနေတာရှိတော့ အိမ်ပြန်ဖို့ အစီစဉ် ဘယ်လိုလဲ ။

ဖြေ - အိမ်ပြန်ဖို့ အစီအစဉ်မရှိပါဘူး။ ရွာကလူတွေကိုတောင် ဒီဘက်ခေါ်ထုတ်ချင်တာ လမ်းစရိတ်က မရှိ ဒီဘက်မှာအလုပ်ကလည်း အာမမခံပေးနိုင်တော့ ခေါ်ထုတ်လို့လည်းမရဘူး။

မေး - နေရပ်မပြန်ဖြစ်တာ ဘယ်လောက်ကြာပြီလဲ။

ဖြေ - ထိုင်းကိုထွက်လာတာ မနှစ်ကဆိုတော့ တစ်နှစ်တော့မပြည့်သေးဘူး။ ဒါပေမယ့် စစ်ဖြစ်နေလို့ ကိုယ့်အိမ်ကိုယ်ရွာမှာမနေရဘဲ ပြေးနေတာနဲ့ဆို အိမ်မပြန်ဖြစ်တာ သုံးနှစ်လောက်တော့ရှိပြီ။

မေး - ထိုင်းအစိုးရကပေးတဲ့ သင်္ကြန်ခွင့်ရက်ရှည်ပေးမယ်လို့ သိရတယ်။အဲ့ ဒီကာလရောပြန်နိုင်မယ်ထင်လား။ အဲဒီခွင့်ရက်ယူပြီး အိမ်ပြန်ဖို့ရှိလား။ ဘယ်လိုလုပ်ဖို့စီစဉ်ထားလဲ။

ဖြေ - ဒီမှာပဲ(ထိုင်းမှာပဲ)အလုပ်လုပ်ဖြစ်မှာပါ။ အလုပ်ကလည်း အခုမှစဝင်တုန်းဆိုတော့လေ။ အကြွေးလည်းဆပ်ရအုံးမှာလေ။

မေး - မပြန်ဖြစ်ရင်တော့ သင်္ကြန်ကာလ ဘယ်လိုဖြတ်သန်းမယ်စဉ်းစားလဲ။

ဖြေ - မူကထပ်အိုးတွေဆေးရင်းနဲ့ပဲဖြတ်သန်းဖြစ်မယ်။ ဒီဆိုင်မှာအလုပ်ဝင်တာက တစ်လလောက်ပဲရှိသေးတာဆိုတော့ ခွင့်ရက်ယူလို့မဖြစ်ဘူး။

• ထိုင်းရောက် ကော့သောင်းဒေသခံ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦး

မေး - နှစ်သင်္ကြန်ကို နေရပ်ပြန်ဖို့ စီစဉ်ထားလား။

ဖြေ - မပြန်ပါဘူး။ မနေချင်လို့ပဲ ဒီဘက်ထွက်လာတာလေ။

မေး - ကိုယ့်ဇာတိ နေရပ်မှာရော တိုက်ပွဲ ဖြစ်နေလား။

ဖြေ - ခမောက်ကြီးဘက် ရှမ်းကိုးရွာဘက်ကလွဲလို့ ကျန်တဲ့နေရာတွေမှာ မရှိပါဘူး။ အဖမ်းအဆီး၊ အလုအယက်တွေကတော့ နေရာတိုင်းမှာရှိတယ်။ ဖမ်းဆီးတာတော့ တော်တော်များတယ်။ မြင်မြင်ရာဆွဲခံရ စစ်ကားပေါ်ဆွဲခေါ်ခံရတာတွေအများကြီးဖြစ်တယ်။ ကျနော်က ထောင်ထွက်ဆိုတော့ ဒီကောင်တွေနဲ့မတွေ့အောင်ရှောင်ပြီးနေရတယ်။ ထိပ်တိုက်တိုးဖို့က မလွယ်တော့ဘူး။

မေး - တိုက်ပွဲတွေ ဖြစ်နေတာအပြင် အဓမ္မစစ်သားစုဆောင်းနေတာရှိတော့ အိမ်ပြန်ဖို့ အစီစဉ် ဘယ်လိုလဲ ။

ဖြေ - ဒီကိစ္စကြောင့်အဓိကပဲပေါ့ဗျာ။ အရင်ကဆို တိုက်ပွဲမရှိဘူးဆိုပြီး သွားလာလို့ရသေးတယ်။ အခုက စစ်မှုထမ်းဥပဒေထွက်ပြီးနောက်တော့ ဘယ်လိုမှနေလို့မရတော့ဘူးလေ။

မေး - နေရပ်မပြန်ဖြစ်တာ ဘယ်လောက်ကြာပြီလဲ။

‌ဖြေ - ပင်လယ်မှာနေတာက နှစ်နှစ်။ အခုထိုင်းကိုထွက်လာတာက တစ်နှစ်တော့မပြည်သေးဘူး။ ခြုံပြောရင်တော့ အိမ်မပြန်ဖြစ်တာ သုံးနှစ်ရှိပြီပေါ့ဗျာ။

မေး - ထိုင်းအစိုးရကပေးတဲ့ သင်္ကြန်ခွင့်ရက်ရှည်ပေးမယ်လို့ သိရတယ်။အဲ့ ဒီကာလရောပြန်နိုင်မယ်ထင်လား။ အဲဒီခွင့်ရက်ယူပြီး အိမ်ပြန်ဖို့ရှိလား။ ဘယ်လိုလုပ်ဖို့စီစဉ်ထားလဲ။

ဖြေ - မပြန်ပါဘူးဗျာ။ ဒါက အခန့်မသင့်ရင် အစိုးရအချင်းချင်း လက်သိပ်ထိုးတာတောင် ဖြစ်နိုင်တယ်။ ဒီဘက်ကလွှတ်ပေးလိုက်ပြီး ဟိုဘက်က ပိတ်ဖမ်းလိုက်ရင် ကိုယ့်ဒုက္ခကိုယ်ရှာသလိုဖြစ်မှာဗျ။ ကော့သောင်းကလူတွေက ထိုင်းနေရပ်ပြန်တွေ စစ်သားစုဆောင်းခံရတာ မြင်နေကြားနေရတော့ မိဘတွေကလည်း အိမ်ပြန်မလာခိုင်းဘူးဗျာ။

မေး - မပြန်ဖြစ်ရင်တော့ သင်္ကြန်ကာလ ဘယ်လိုဖြတ်သန်းမယ်စဉ်းစားလဲ။

ဖြေ - သင်္ကြန်အခန်းမှာပဲ နေဖြစ်မယ်ဗျာ။ အပြင်သွားဖို့ကလည်း Name List စာရွက်ပဲကျသေးတာ။ အထောက်အထားမပြည့်စုံတော့ ပျော်ဖို့လည်း စိတ်မရှိပါဘူးဗျာ။

မေး - ကိုယ့်ဒေသမှာဆိုရင် သင်္ကြန်ကာလ ဘာတွေလုပ်ဖြစ်လဲ။

ဖြေ - မိဘတွေနဲ့ တရားစခန်းမှာ ဆွမ်းအလှူတွေလုပ်ဖြစ်တဲ့အခါလည်းလုပ်၊ လည်တဲ့အချိန်လည်း လည်တာပေါ့ဗျာ။ သင်္ကြန်ကာလတွေဆို အိမ်မှာရှိတဲ့ရက်ရယ်လို့ အတော်ရှားပါတယ်။

• ထိုင်းရောက် ရေဖြူဒေသခံ PDF ရဲဘော်ဟောင်း

မေး - ဒီနှစ်သင်္ကြန်ကို နေရပ်ပြန်ဖို့ စီစဉ်ထားလား။

ဖြေ - ပြန်ချင်တောင် ပြန်လို့မရတော့ဘူးဗျ။ ကျနော်က တော်လှန်ရေးတပ်ဖွဲ့ထဲက ထွက်လာတာဆိုတော့ ပြန်လည်း ရွာမှာနေလို့ မရဘူး။ ရွာမှာက ဒလန်တွေရှိတယ်။

မေး - ကိုယ့်ဇာတိ နေရပ်မှာရော တိုက်ပွဲ ဖြစ်နေလား။

ဖြေ - အမြဲမဟုတ်ပေမယ့် တခါတလေတော့ ထဖြစ်တာပဲ။ စစ်တပ်က စစ်ကြောင်းဝင်တဲ့အချိန်မျိုးတွေဆို ဖြစ်တယ်။

မေး - တိုက်ပွဲတွေ ဖြစ်နေတာအပြင် အဓမ္မစစ်သားစုဆောင်းနေတာရှိတော့ အိမ်ပြန်ဖို့ အစီစဉ် ဘယ်လိုလဲ။

ဖြေ - စစ်ကိုစိတ်ကုန်ပြီးထွက်လာတာဆိုတော့ အိမ်ပြန်ဖို့အစီအစဉ် မရှိပါဘူး။

မေး - နေရပ်မပြန်ဖြစ်တာ ဘယ်လောက်ကြာပြီလဲ။

ဖြေ - နှစ်နှစ်ကျော်ပါပြီ။

မေး - ထိုင်းအစိုးရကပေးတဲ့ သင်္ကြန်ခွင့်ရက်ရှည်ပေးမယ်လို့ သိရတယ်။အဲ့ ဒီကာလရောပြန်နိုင်မယ်ထင်လား။ အဲဒီခွင့်ရက်ယူပြီး အိမ်ပြန်ဖို့ရှိလား။ ဘယ်လိုလုပ်ဖို့စီစဉ်ထားလဲ။

ဖြေ - ပေးတဲ့သူကလည်းပေးပေါ့။ ကျနော်ကတော့ မယုံပါဘူး။ ကျနော်တို့အလုပ်ခွင်မှာ ဒီကိစ္စတွေပြောနေတာလည်းမရှိပါဘူး။ သင်္ကြန်မှာအလုပ်ရှိရင်တော့ အလုပ်ဆင်းမှာပါ။ အကောင်းဆုံးကတော့ နိုင်ငံရေးအခြေနေအရအဝင်အထွက်မလုပ်ကြတာ အကောင်းဆုံးဖြစ်မှာပါ။

မေး - မပြန်ဖြစ်ရင်တော့ သင်္ကြန်ကာလ ဘယ်လိုဖြတ်သန်းမယ်စဉ်းစားလဲ။

ဖြေ - အလုပ်မပိတ်ရင် အလုပ်ဆက်လုပ်မယ်။ ပျော်ချင်ပါးချင်စိတ်လည်းမရှိပါဘူး။ အလုပ်မရှိရင်တော့လည်း ဖုန်းလေးသုံး မိသားစုကိုအချိန်ပေး ဒီလိုပဲ ပုံမှန်အတိုင်းနေဖြစ်မှာပါ။ မနှစ်ကတော့ အခန်းမှာပဲနေဖြစ်တယ်။

မေး - မြန်မာပြည်က သင်္ကြန် အချိန်ကိုလွမ်းလား ဟိုမှာသင်္ကြန်ကျတာနဲ့ ဒီမှာ သင်္ကြန်နေရတာ ဘာကွာလဲ။

ဖြေ - ကွာတာပေါ့။ ဒီဘက်မှာက သင်္ကြန်ကိုသင်္ကြန်လို့မခံစားရဘူး။ ပြီးတော့ အရမ်းရင်နာတယ်။ ထိုင်းတွေက သင်္ကြန်ကိုအကြောင်းပြပြီး ငွေရှာကြတာ။ သင်္ကြန်ဆိုတာ ထိုင်းမှာပဲရှိတဲ့ဇာတ်မျိုးသွင်းနေတော့ ရင်နာတာအမှန်ပဲဗျ။ အလွမ်းဆုံးကတော့ ပိတောက်နံ့သင်းသင်းလေးပဲဗျ။

• ထိုင်းရောက် သရက်ချောင်းဒေသခံအမျိုးသားတစ်ဦး

မေး - ဒီနှစ်သင်္ကြန်ကို နေရပ်ပြန်ဖို့ စီစဉ်ထားလား။

ဖြေ - နေရပ်ပြန်ဖို့အစီအစဉ်မရှိဘူး။‌

မေး - ကိုယ့်ဇာတိ နေရပ်မှာရော တိုက်ပွဲဖြစ်နေလား။

ဖြေ - ဖြစ်တာပေါ့။ ဟိုးတလောကတောင် လေယာဉ်နဲ့ဗုံးကြဲသွားသေးတယ်။

မေး - တိုက်ပွဲတွေ ဖြစ်နေတာအပြင် အဓမ္မစစ်သားစုဆောင်းနေတာရှိတော့ အိမ်ပြန်ဖို့ အစီစဉ် ဘယ်လိုလဲ။

ဖြေ - ရွာမှာနေလို့မရတော့လို့ ဒီဘက်ထွက်လာတာဆိုတော့ ဒီအရေးအခင်းကြီး မပြီးမချင်းအိမ်ပြန်ဖို့ မတွေးထားဘူး။ အသက်တွေကြီးလာပြီး အိုနာကျိုးကန်းဖြစ်သွားရင်တော့ တမျိုးပေါ့လေ။

မေး - ဘာလို့ ရွာမှာနေလို့မရတော့တာလဲ။

ဖြေ - ဒလန်တွေက ထောက်ပို့ဆိုပြီး စစ်ကောင်စီဆီစာရင်းပေးလိုက်တဲ့သတင်းရတယ်လေ။ ပြီးတော့ အိမ်နားမှာက စစ်တပ်ဂိတ်လည်းရှိတော့ အခြေအနေတွေမအေးဘူး။ လုပ်စားကိုင်စားလို့လည်း အဆင်မပြေတော့ဘူးလေ။

မေး - နေရပ်မပြန်ဖြစ်တာ ဘယ်လောက်ကြာပြီလဲ။

ဖြေ - အခုဆို အိမ်ကထွက်လာတာနှစ်နှစ်စွန်းစွန်းရှိပြီ။

မေး - ထိုင်းအစိုးရကပေးတဲ့ သင်္ကြန်ခွင့်ရက်ရှည်ပေးမယ်လို့ သိရတယ်။အဲ့ ဒီကာလရောပြန်နိုင်မယ်ထင်လား။ အဲဒီခွင့်ရက်ယူပြီး အိမ်ပြန်ဖို့ရှိလား။ ဘယ်လိုလုပ်ဖို့စီစဉ်ထားလဲ။

ဖြေ - ခွင့်ရက်ဆိုတာ ကျနော်တို့လိုလူတွေအတွက် အရေးပါတဲကိစ္စမဟုတ်ပါဘူးဗျာ။ အကြွေးတွေလည်း ပိနေတော့ ပြန်ဖို့စိတ် ပျော်ဖို့စိတ်ဆိုတာ တစိုးတစဉ်းမျှမရှိပါဘူး။ ကျနော်တို့လိုချင်တာ ခွင့်ရက်မဟုတ်ဘဲ လုပ်အားခတိုးပေးတာနဲ့ လူကို လူလိုဆက်ဆံပေးဖို့ပါပဲ။ တခြားအများကြီးမလိုပါဘူး။ ခွင့်ရက်ရတာက ကျနော်တို့ပန်းရံလုပ်သမားတွေကြားမှာ မကြားရဘူးဗျ။

မေး - မပြန်ဖြစ်ရင်တော့ သင်္ကြန်ကာလ ဘယ်လိုဖြတ်သန်းမယ်စဉ်းစားလဲ။

ဖြေ - ဒီနှစ်က စတုဒိသာတွေလိုက်စားမှာ သင်္ကြန်လိုက်လည်မယ်တော့တွေးထားတယ်။ မနှစ်ကဆို ဘာအထောက်အထားမှမရှိလို့ ဘယ်မှမသွားရဲဘူး။ ဒီနှစ်တော့ လိုက်လည်ဖို့ တွေးထားတယ်။

မေး - မြန်မာပြည်က သင်္ကြန် အချိန်ကိုလွမ်းလား ဟိုမှာသင်္ကြန်ကျတာနဲ့ ဒီမှာ သင်္ကြန်နေရတာ ဘာကွာလဲ။

ဖြေ - လွမ်းတာပေါ့ဗျာ။ အထက်တန်းကျောင်းရှေ့က မဏ္ဍပ်ကြီးကိုလည်းလွမ်းတယ် အိမ်ရှေ့က ပိတောက်ပင်ကိုလည်း လွမ်းတယ်။ ဘာသားရေးပွဲတွေလည်း လွမ်းတယ် ဒေသစားစရာတွေလည်း လွမ်းပါတယ်။ ဒီကသင်္ကြန်နဲ့ ကျနော်တို့ရွာကသင်္ကြန် ဘာမှမဆိုင်ဘူး။ ဘယ်လိုမဆိုင်လဲဆိုတာကိုတော့ ပြောပြဖို့ခက်တယ်ဗျ။

• ထိုင်းရောက် မြိတ်မြို့ခံအမျိုးသားတစ်ဦး

မေး - ဒီနှစ်သင်္ကြန်ကို နေရပ်ပြန်ဖို့ စီစဉ်ထားလား။

ဖြေ -သင်္ကြန်ပြန်ဖို့ အစီစဉ်မရှိသလို ပြန်ဖို့လည်းအင်အားမရှိသေးပါဘူး။ ပြန်ချင်ရင်တောင်မှပေါ့။

မေး - ကိုယ့်ဇာတိ နေရပ်မှာရော တိုက်ပွဲ ဖြစ်နေလား။

ဖြေ - ရွာတွေဘက်မှာတော့ ကွက်ကြားလေးတော့ဖြစ်တယ်လို့ကြားတယ်။

မြို့ပေါ်တော့ အေးဆေးပါပဲ အရင်တိုင်းပဲ အေးဆေးပြန်ဖြစ်နေတယ်လို့ကြားတယ်။

မေး - တိုက်ပွဲတွေ ဖြစ်နေတာအပြင် အဓမ္မစစ်သားစုဆောင်းနေတာရှိတော့ အိမ်ပြန်ဖို့ အစီစဉ် ဘယ်လိုလဲ ။

ဖြေ - ပြန်ဖို့အစီစဉ်မရှိတော့ အေးဆေးပါပဲ။ ကိုယ့်မိသားစု အစ်ကိုအစ်မတွေ အတွက်တော့ စိုးရိမ်ပူပန်မိတာရှိပါတယ်။

မေး - နေရပ်မပြန်ဖြစ်တာ ဘယ်လောက်ကြာပြီလဲ

ဖြေ - နေရပ်မပြန်ဖြစ်တာ အခုလာမဲ့ သင်္ကြန်ပြီးရင် သုံးနှစ်ရှိပါပြီ။

တော်လှန်ရေး စဖြစ်ကတည်းက နေရပ်မှာမနေတော့ နေရပ်က အမေ့အိမ်မာ မိသားစုံစုံလင်လင် မနေရတာ ၅နှစ်ကျော်ပြီပေါ့ အခုဆိုရင်။

မေး - ထိုင်းအစိုးရကပေးတဲ့ သင်္ကြန်ခွင့်ရက်ရှည်ပေးမယ်လို့ သိရတယ်။အဲ့ ဒီကာလရောပြန်နိုင်မယ်ထင်လား။ အဲဒီခွင့်ရက်ယူပြီး အိမ်ပြန်ဖို့ရှိလား။ ဘယ်လိုလုပ်ဖို့စီစဉ်ထားလဲ။

ဖြေ - ကျနော်တို့လို အလုပ်သမားတွေအတွက်ကျတော့ ထိုင်းအစိုးရက ဘယ်လောက် တရားဝင်ခွင့်ရက်ပေးပေး အလုပ်ရှင်သူဌေးတွေက နားရက်မပေးတော့ သေချာပါတယ် သင်္ကြန်ကို အလုပ်ထဲပဲဖြတ်သန်းရမှာပါ။

မေး - မပြန်ဖြစ်ရင်တော့ သင်္ကြန်ကာလ ဘယ်လိုဖြတ်သန်းမယ်စဉ်းစားလဲ။

ဖြေ - မပြန်ဖြစ်တာသေချာတာပေါ့။ အလုပ်ထဲပဲ ဖြစ်မှာပါ။ ခွင့်ရက်က ရမှာ မဟုတ်တာသေချာပါတယ်။

မေး - ကိုယ့်နေရပ်က သင်္ကြန် အချိန်ကိုလွမ်းလား ဟိုမှာသင်္ကြန်ကျတာနဲ့ ဒီမှာ သင်္ကြန်နေရတာ ဘာကွာလဲ။

ဖြေ - လွမ်းတာပေါ့။ ကိုယ့်မြန်မာပြည်ကိုယ်မိသားစုနဲ့ အတူဖြတ်သန်းခဲ့ရတာတွေရော သူငယ်ချင်းတွေနဲ့ အတူလျောက်လည်ကြတာတွေရော။

သင်္ကြန်သီချင်းသံတွေ ဒီထိုင်းမှာလဲ ခုတလော ကြားရတယ်။ ကြားမိတိုင်း လွမ်းတာပေါ့။ တခါတလေမျက်ရည်ပါကျတယ် လွမ်းလို့ …။ အမိမြေကိုရော အမေ့အိမ်ကိုရော မိသားစုကိုရော သူငယ်ချင်းတွေရော။

The Tanintharyi Times