သွေးချင်းချင်းနီသော်လည်း ဦးမညွှတ်စတမ်း

သွေးချင်းချင်းနီသော်လည်း ဦးမညွှတ်စတမ်း

အင်အားကြီးသူတို့ရဲ့ မတရား အနိုင်ကျင့် စော်ကားတာကို ထပ်ခါတလဲလဲ ရင်ဆိုင်ကြုံတွေ့လာရတဲ့အခါ အင်အားနည်းသူတွေဘက်ကလည်း စုပေါင်းပြန်လှန်တိုက်ခိုက်တာကို တော်လှန်ရေးလို့ အကြမ်းဖျင်းသတ်မှတ်လို့ ရတယ်တဲ့။

တော်လှန်ရေးမှာ ပါဝင်နေတဲ့ မိတ်ဆွေတစ်ယောက်ရဲ့ ပြောစကား။

ငွေကြေး၊ အာဏာ၊ လူအင်အား၊ လက်နက်ကိရိယာတွေ ပေါများပြည့်လျှံနေတဲ့ အင်အားစုတစ်ခုကို တော်လှန်တိုက်ခိုက်ရတာက လွယ်တဲ့ကိစ္စမဟုတ်ဘူးဆိုတာ လူတိုင်းသိပါတယ်။ ဒါပေမယ့် မလွယ်ဘူးဆိုပြီး သူတို့ကျူးလွန်တဲ့ မတရားမှုအောက်မှာ ဆက်ပြီးခေါင်းငုံ့ခံနေမယ်၊ ပတ်ရှောင်ပြီး ထွက်ပြေးနေမယ်ဆိုရင် ဒီမတရားမှုဟာ ဘယ်တော့မှ ချုပ်ငြိမ်းသွားမှာ မဟုတ်ပါဘူး။

ကိုယ်နေထိုင်ရှင်သန်တဲ့ လူ့အဖွဲ့အစည်းမှာ တရားမျှတမှုရှိတဲ့ ရပ်ဝန်းတစ်ခု၊ လုံခြုံအေးချမ်းတဲ့ ရပ်ဝန်းတစ်ခု ဖြစ်စေချင်တယ်ဆိုရင် မတရားမှု ကျူးလွန်သူဘက်က အင်အားဘယ်လောက်ပဲကြီးကြီး တွန်းလှန်ဖြိုလှဲပစ်ဖို့ အစွမ်းကုန် ကြိုးစားကြရမှာပါပဲ။

နွေဦးတော်လှန်ရေးမှာ အသက်ပေးသွားတဲ့ ကိုဖြိုးဇေယျာသော်ရဲ့ဇနီး ‘မသဇင်ညွန့်အောင်’ က အင်တာဗျူးတစ်ခုမှာ အခုလိုပြောပါတယ်။ “မတရားမှုတွေ ရှိနေသရွေ့ တော်လှန်ရေးဟာ အမြဲတမ်း ဆက်ရှိနေမှာပဲ” တဲ့။

မှန်ပါတယ်။ အာဏာလက်ဝယ်ရှိသူ၊ အင်အားကြီးသူဘက်က မတရားမှုတွေ ကျူးလွန်နေသေးသရွေ့ အင်အားနည်းသူတွေဘက်ကလည်း တရားမျှတမှုအတွက် ဆက်ပြီး တိုက်ပွဲဝင်နေကြရဦးမှာပါပဲ။

တိုက်ပွဲဝင်နေကြတဲ့ တော်လှန်ပြည်သူတို့အတွက် ငွေကြေး၊ လက်နက်ကိရိယာ စတာတွေအပြင် တခြားလိုအပ်ချက်တွေလည်း များစွာ ရှိနေဦးမှာပါ။ ဒါပေမယ့် မတရားမှုကို တွန်းလှန်ချင်တဲ့ စိတ်ဓါတ်နဲ့ စုစည်းညီညွတ်ကြတဲ့ အင်အားကတော့ တော်လှန်ရေးစတင်ကတည်းက အကြမ်းဖက်တွေ အရှုံးပေးထားရပြီးသား ဖြစ်ပါတယ်။

တရားမျှတမှုရဖို့အတွက် ဘာတွေပဲ ပေးဆပ်ရ ပေးဆပ်ရ အဆုံးထိ တိုက်ပွဲဝင်သွားမယ်ဆိုတဲ့ ပြည်သူတို့ရဲ့ စိတ်ဓါတ်ခွန်အားဟာ အခုချိန်ထိ ပြင်းပြင်းရှရှ ခိုင်မြဲနေဆဲပါ။

ပန်းတိုင်ရောက်ဖို့ဆိုရင် တခြားပြင်ပ လိုအပ်ချက်တွေထက် စိတ်ဓါတ်အင်အားက အဓိကကျပါတယ်။ ပြင်ပအရာတွေ ဘယ်လို ပြည့်စုံနေနေ စိတ်ဓါတ်တစ်ခု ယိမ်းယိုင်သွားတာနဲ့ ကျရှုံးမှုကို တံခါးဖွင့် ကြိုဆိုလိုက်တာနဲ့ အတူတူပါပဲ။ ဒီစိတ်ဓါတ်ခွန်အားနဲ့ပဲ ကြုံလာတဲ့ အခက်အခဲတွေကို ကြံ့ကြံ့ခံ ဖြတ်သန်းရင်း တော်လှန်ခရီးဟာ ရှေ့ဆက်နေတယ်ဆိုရင် မှားမယ် မထင်ပါဘူး။

သတင်းဆိုးတွေ အများကြီးကြားထဲကပဲ စိတ်ခွန်အား ဖြစ်စေတဲ့ မြင်ကွင်းတစ်ခုကို ဒီရက်ပိုင်းမှာ ထပ်တလဲလဲ ပြန်မြင်ယောင်နေမိတယ်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့တုန်းက ယူကရိန်းသမ္မတ ‘ဇယ်လန်စကီး’ နဲ့ အမေရိကန် သမ္မတ ‘ဒေါ်နယ်ထရမ့်’ တို့ရဲ့ မပြေမလည် ဖြစ်ခဲ့တဲ့ တွေ့ဆုံမှုကို လူတိုင်းမေ့နိုင်ဦးမယ် မထင်ပါဘူး။ ‘ထရမ့်’ တို့ဘက်က ကိုယ့်ဆီရောက်လာတဲ့ ဧည့်သည်ကို အထင်သေး အမြင်သေးနဲ့ အုံလိုက်ကျင်းလိုက် ဝိုင်းဖဲ့ကြတာ မြင်မကောင်း ရှူမကောင်း။

တော်ရုံလူဆိုရင် အပေါ်စီးက အနိုင်ကျင့် စကားလုံးတွေနဲ့တင် စိတ်ဓါတ်တွေ တစ်စစီကျိုးပဲ့သွားနိုင်လောက်တယ်။ ကိုယ်အကူအညီ ယူထားတဲ့ တိုင်းပြည်က အကြီးအကဲတွေရဲ့ ချိုးနှိမ်ပျက်ရယ်ပြု စကားတွေ၊ ခြိမ်းခြောက် ဟိန်းဟောက်စကားတွေကို ‘ဇယ်လန်စကီး’ ဘယ်လို ရင်ဆိုင်တုန့်ပြန်လိုက်တယ်ဆိုတာ အားလုံးတွေ့လိုက်မှာပါ။

အင်အားကြီးသူဘက်က အနိုင်ကျင့်စော်ကားမှုနဲ့ ရင်ဆိုင်ကြုံတွေ့ရတဲ့အခါ ခိုင်မာတည်ကြည်တဲ့ စိတ်ဓါတ်အင်အား ရှိဖို့က အရေးအကြီးဆုံးပါ။ ‘ဇယ်လန်စကီး’ ရဲ့ တန်ပြန်ကြည့်လိုက်တဲ့ အကြည့်ထဲမှာ သူ့ရဲ့ ခိုင်မာပြတ်သားတဲ့ စိတ်ဓါတ်ကို ထင်ဟပ်စေပါတယ်။ အဲဒီမျက်ဝန်းက ထွက်တဲ့ အရောင်အဝါတွေဟာ ယူကရိန်း ပြည်သူတို့ရဲ့ ပဲ့တင်သံတွေလည်း ဖြစ်ပါတယ်။

ဒီလို စိတ်ဓါတ်သတ္တိကြောင့်လည်း ‘ပူတင်’ က ယူကရိန်းကို သုံးရက်နဲ့ အပိုင်သိမ်းနိုင်မယ်လို့ ကြွေးကြော်ခဲ့ပေမယ့် အခုသုံးနှစ်ကျော်တဲ့အထိ ကြံ့ကြံ့ခံ ရပ်တည်နေဆဲ မဟုတ်ပါလား။

‘ဇယ်လန်စကီး’ က ရဲရဲရင့်ရင့် ချက်ကျကျ ပြန်လည်တုံ့ပြန် ပြောဆိုနေတာကို ကြည့်ပြီး ဆရာ ‘ဗန်းမော်တင်အောင်’ ရဲ့ ပြောစကားတစ်ခွန်းကို အလိုလို ရွတ်ဆိုသွားမိတယ်။ “ကိုဌေးမြိုင်ရေ.. ရန်သူက သေစေချင်တဲ့အခါ မသေအောင် နေပေးရတာလည်း တိုက်ပွဲတစ်ခုဗျ”။

စိတ်ဓါတ်ခွန်အား တစ်ခုတည်းနဲ့ ကိစ္စမပြီးနိုင်ဘူး ဆိုပေမယ့် စိတ်ဓါတ်လဲပြိုသွားခဲ့ရင် ပန်းတိုင်ဆီ သွားရမယ့်ခရီးဟာ အင်အားချိနဲ့ ယိမ်းယိုင်သွားဖို့ ရာခိုင်နှုန်း များပါတယ်။

မြန်မာ့နွေဦးတော်လှန်ရေး စတင်ခဲ့တဲ ၂၀၂၁ ခုနှစ် အချိန်ကို ပြန်ပြောင်းစဉ်းစားကြည့်ပါ။ တစ်ပြည်လုံးရဲ့ သယံဇာတကို လက်ဝါးကြီးအုပ်ထား၊ ခွနင်းထားတဲ့ အကြမ်းဖက်စစ်တပ်ဟာ လူသူလက်နက်၊ အာဏာ၊ ငွေကြေး စတဲ့ အဖက်ဖက်က ပြည့်စုံလွန်းမက ပြည့်စုံတဲ့ အနေအထားမှာ ရှိနေတာပါ။

စနစ်တကျ ဖွဲ့စည်းထားသလို အာဏာရှင်စိတ်ကြိုက် ပုံသွင်းခံထားရတဲ့သူတွေ စုပုံနေတဲ့ အဖွဲ့အစည်းတစ်ခုကို ပြိုလဲသွားအောင် ဘယ်လိုမှ တိုက်နိုင်မှာ မဟုတ်ဘူးလို့ ထင်ကြေးပေးကြသူတွေက ခပ်များများ မဟုတ်လား။

ပြည်သူတွေဘက်က လက်နက်ကိုင် တော်လှန်ဖို့ ဆုံးဖြတ်လိုက်တာကိုပဲ မြင်းမိုရ်တောင်ကို ဇီးစေ့နဲ့ပစ်နေတာ၊ နံရံကို ခေါင်းနဲ့တိုက်နေတာ ဆိုတဲ့ ပြစ်တင်ဝေဖန်သံတွေ၊ စိတ်ဓါတ်ကျစေတဲ့ စကားသံတွေ နေရာပေါင်းစုံကနေ ကြားခဲ့ရတဲ့ အချိန်ပါပဲ။

အဲဒီ အဖျက်စကားသံတွေကို လစ်လျူရှုပြီး တော်လှန်ခရီးကို ရဲရဲရင့်ရင့် ရှေ့ဆက်ခဲ့ကြလို့သာ အခုဆိုရင် နွေဦးတော်လှန်ရေးဟာ မိုင်တိုင်ဘယ်လောက်အထိ ခရီးပေါက်လာတယ်ဆိုတာ အားလုံးမျက်မြင်ပဲ ဖြစ်ပါတယ်။

ဘယ်လောက်ထူထဲတဲ့ နံရံဖြစ်နေပါစေ။ ညီညွတ်တဲ့အင်အားနဲ့ ဇွဲရှိရှိ တိုက်ပါများရင် တစ်ချိန်ချိန်မှာတော့ အက်ကွဲကြောင်း ထင်လာရမှာပါပဲ။ ဇွဲစိတ်မလျှော့လိုက်ဖို့ပဲ လိုပါတယ်။ အက်ကွဲကြောင်း ထင်လာရာကနေ ယိုင်နဲ့ပဲ့ကြွေလာမယ်။ နောက်ဆုံးမှာတော့ အားလုံးရဲ့ရည်မှန်းချက်ပန်းတိုင်ဖြစ်တဲ့ နံရံကြီးတစ်စစီ ပြိုလဲပျက်စီးတဲ့နေ့ဆီ ရောက်လာမှာ မလွဲပါဘူး။

ဒါပေမယ့် ဒီနံရံကြီးပြိုဖို့အတွက် ပေးဆပ်ရတဲ့ အရင်းအနှီးဟာ ကြီးမားတာတော့ အမှန်ပါပဲ။ နံရံကို ခေါင်းနဲ့တိုက်နေချိန်မှာတော့ သွေးချင်းချင်းနီရတဲ့ အဖြစ်ကို ရှောင်လွှဲလို့ရနိုင်မှာ မဟုတ်ပါဘူး။ နာကျင်ကြေကွဲရတယ်။ ဝမ်းနည်းနာကျည်းရတယ်။ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲရတယ်။ သောကဒုက္ခအဖုံဖုံကို ရင်ဆိုင်ဖြတ်သန်းကြရတယ်။

တော်လှန်ခရီး (၄) နှစ်တာ ကျော်လွန်လာပြီးနောက်မှာ ‘တော်လှန်ရေး ဘယ်တော့အောင်မှာလဲ’ ဆိုတဲ့ မေးခွန်းကို ရပ်ရွာထဲမှာ အမေးများလာပါတယ်။ ဒါကလည်း ပြည်သူတွေရဲ့ မျှော်လင့်ချက်မို့ အပြစ်ပြောလို့မရပါဘူး။ အကြမ်းဖက် စစ်ကောင်စီရဲ့ နှိပ်ကွပ်တဲ့ ဒဏ်တွေနဲ့ စစ်ပွဲတွေကြောင့် စိတ်ပန်းလူပန်း ဖြစ်ရတာကလည်း တစ်နေ့တစ်ခြား ပိုဆိုးလာနေတယ် မဟုတ်လား။

ဒါပေမယ့် ဒေါက်တာတေဇာစန်း ပြောသလိုပါပဲ။ အရင်းအနှီးကြီးသလောက် အကျိုးအမြတ် များမယ့်ပွဲမို့ ရှေ့ဆက်ရမယ့် အရှိန်ကို လျှော့လိုက်လို့တော့ မဖြစ်ပါဘူး။

ပြိုလဲသွားဖို့ မပြောနဲ့၊ အက်ကြောင်းရာလေး ထင်ဖို့တောင် လုပ်ဖို့မလွယ်ဘူးလို့ လူတစ်ချို့ ပြောခဲ့တဲ့ ဖက်ဆစ်နံရံကြီးဟာ တော်လှန်ပြည်သူတို့ရဲ့ အဆက်မပြတ် တွန်းတိုက်မှုကြောင့် အခုဆိုရင် အက်ကွဲပဲ့ကြွေနေပါပြီ။

နောက်ထပ် ဆက်တွန်းတိုက်မယ့် အရှိန်၊ ညီညွတ်မှုအင်အား၊ ဇွဲသတ္တိ‌အပေါ်မှာ မူတည်ပြီး ဖက်ဆစ်နံရံကြီး ပြိုလဲမယ့်နေ့ဟာ ရောက်ကိုရောက်လာရမှာပါ။

“လောကဓံတရား၏ ကြမ်းကြုတ်သော လက်ဆုပ်အတွင်းသို့… ငါ သက်ဆင်း ကျရောက်ငြားလည်း…ငါကား  မတုန်လှုပ် မငိုကြွေး… ကံတရား၏ ရိုက်ပုတ်ခြင်းကြောင့် ငါ၏ ဦးခေါင်းတို့သည် သွေးဖြင့် ချင်းချင်းနီ၏… သို့သော် ညွှတ်ကားမညွှတ်” ဆိုတဲ့ ကဗျာလိုပဲ အားမာန်တင်းပြီး ရှေ့ဆက်ကြရအောင်ပါ။

မတရားမှု ကျူးလွန်သူတွေ ရှိနေသေးသရွေ့ တရားမျှတမှုကို ဆောင်ကျဉ်းလာမယ့် တော်လှန်ရေးဟာလည်း မဖြစ်မနေ လုပ်ဆောင်ရမယ့် တာဝန်တစ်ရပ်အဖြစ် လူ့အဖွဲ့အစည်းမှာ ဆက်ရှိနေရဦးမှာပဲ ဖြစ်ပါတယ်။     ။

ငြိမ်းပန်

The Tanintharyi Times