အမေရိကန် ပညာရေးဌာနကို ဖျက်သိမ်းဖို့ အမိန့် ထရမ့်လက်မှတ်ထိုး

အမေရိကန် ပညာရေးဌာနကို ဖျက်သိမ်းဖို့ အမိန့် ထရမ့်လက်မှတ်ထိုး

သမ္မတ ဒေါ်နယ်ထရမ့်ဟာ သူ့ရဲ့ ရွေးကောက်ပွဲ ကတိကဝတ်မှာပါတဲ့အတိုင်း အမေရိကန်ပြည်ထောင်စု ရဲ့ ပညာရေးဝန်ကြီးဌာနကို ဖျက်သိမ်းဖို့ အမိန့်ကို မနေ့က လက်မှတ်ရေးထိုးလိုက်ပါတယ်။

အမေရိကန် ပညာရေးစနစ်ဟာ လစ်ဘရယ်အယူအဆတွေလွမ်းမိုးနေတာကြောင့် ပြည်နယ်တွေ လက်ထဲပြန်ထည့်ရမယ်လို့ လက်မှတ်ရေးထိုးမှုအပြီးမှာ ထရမ့် ကပြောဆိုခဲ့ပါတယ်။

“ကျွန်တော်က ပညာရေးစနစ်ကို ရိုးရိုးရှင်းရှင်းဖြစ်စေချင်ပြီး ပြည်နယ်တွေရဲ့ လက်ထဲပြန်ထည့်မှာပါ” လို့ပြောဆိုခဲ့ပါတယ်။

ဖက်ဒရယ်အစိုးရက အမေရိကန်ပညာရေးစနစ်အတွက် ဘက်ဂျက်အများအပြားအသုံးပြုနေရပြီး ထိရောက်မှု မရှိဘူးလို့လည်းထရမ့်ကမကြာခဏဝေဖန်ပြောဆိုနေပါတယ်။

ထရမ့် အစိုးရဟာ ဒီလက်မှတ်ရေးထိုးမှု မတိုင်ကတည်းက အမေရိကန်ပညာရေးဝန်ကြီးဌာန လက်အောက်က ဝန်ထမ်းထက်ဝက်နီးပါးကို အလုပ်ကနေထုတ်ပယ်ထားတာဖြစ်ပါတယ်။

အမေရိကန်ပညာရေး ဝန်ကြီးဌာန ကထောက်ပံ့ပေးထားတဲ့ အခြေခံပညာကျောင်းတွေနဲ့ ကောလိပ်တွေမှာ လစ်ဘရယ်အယူဝါဒထွန်းကားရေး ၊ လိင်စိတ်ခံယူမှု ကွဲပြားသူ L.G.B.T.Q. တွေ အတွက်ထည့်သွင်းစဉ်းစားတဲ့ မူဝါဒတွေကို သင်ကြားနေတာဟာ ငွေကြေးဖြုန်းတီးသလိုဖြစ်နေတယ်လို့ ထရမ့် နဲ့ ရီပတ်ဘလီကန်တွေဟာ မကြာခဏဝေဖန်ပြောဆိုနေကြပါတယ်။

ထရမ့် လက်မှတ်ရေးထိုးတဲ့ အဖမ်းအနားကို တက္ကဆပ် နဲ့ ဖလော်ရီဒါ ပြည်နယ်တွေ က ရီပတ်ဘလီကန်အုပ်ချုပ်ရေးမှူးတွေတက်ရောက်ခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စု ရဲ့ ပြည်သူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုအဖွဲ့ NAACP ကတော့ ထရမ့် လက်မှတ်ထိုးခဲ့တဲ့ အမိန့်ဟာအခြေခံဥပဒေနဲ့ မညီဘူးလို့ ဝေဖန်ခဲ့ပါတယ်။

ထရမ့် နဲ့ သူရဲ့ လုပ်ဖော်ကိုင်ဖက် ဘီလီယံနာ အီလွန်မက်တို့ ဟာ ကွန်ဂရက် လွှတ်တော်ရဲ့ ခွင့်ပြုချက်မရှိဘဲ အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) အပါအဝင် အကူအညီပေးရေး အဖွဲ့တွေ နဲ့ အစိုးရအထောက်အပံ့ နဲ့လည်ပတ်တဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကိုရပ်ဆိုင်းပစ်ခဲ့ပြီးနောက် အစိုးရ ဌာန တစ်ခုကိုပါ ပိတ်ပစ်ဖို့ ကြိုးပမ်းလာတာဖြစ်ပါတယ်။

ကွန်ဂရက်လွှတ်တော်မှာ ပညာရေးဝန်ကြီးဌာန ကဖျက်သိမ်းဖို့ အတွက် မဲရလဒ် ၆၀ ရာခိုင်နှုန်း ကျော်လိုအပ် တာဖြစ်ပြီး လက်ရှိမှာ အောက်လွှတ်တော် နဲ့ အထက်လွှတ်တော် နှစ်ရပ်ပေါင်း ကွန်ဂရက်လွှတ်မှာ ထရမ့်ပါတီ ရီပတ်ဘလီကန် က ၅၃ ရာခိုင်နှုန်းရှိတာ ဖြစ်ပါတယ်။

ဒါဟာ ပညာရေး ဝန်ကြီးဌာန ကိုဖျက်သိမ်းဖို့ အတွက် ဒီမိုကရက်ပါတီအမတ် ခုနစ်ရာခိုင်နှုန်းရဲ့ မဲရဖို့လိုအပ်နေတာဖြစ်ပြီး ဒီကိစ္စဟာ လုံးဝမဖြစ်နိုင်ဘူးလို့ ဒီမိုကရက်အမတ်တွေက ပြောဆိုထားပါတယ်။

“ကွန်ဂရက်လွှတ်တော် ရဲ့ အခန်းကဏ္ဍမပါမဝင်ဘဲ ပညာရေးဌာနကို မဖျက်သိမ်းနိုင်ဘူးဆိုတာ ဒေါ်နယ်ထရမ့် ကောင်းကောင်းသိပါတယ်။ ဒီကိစ္စဟာဖြစ်လာမှာမဟုတ်ပါဘူး” လို့ ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် ပက်တီ မော်ရေး ကပြောပါတယ်။

ကိုးကား - ရိုက်တာ

(ယခုဘာသာပြန်သတင်းကို The Tanintharyi Times နဲ့ Connect Burma သတင်းခန်းတို့ပူးပေါင်းတင်ဆက်ပါတယ်)

The Tanintharyi Times