“ဓမ္မတာလာတဲ့အခါကြရင် တနေ့ကို ရေ လေး၊ ငါး ခါလောက်ချိုးနေရတဲ့ ပုံစံမျိုးဖြစ်နေတာပေါ့”
“ဓမ္မတာလာတဲ့အခါကြရင် တနေ့ကို ရေ လေး၊ ငါး ခါလောက်ချိုးနေရတဲ့ ပုံစံမျိုးဖြစ်နေတာပေါ့”
လတစ်လရဲ့ ဓမ္မတာလာချိန်တွေဟာ အမျိုးသမီးတစ်ယောက်အတွက် အခက်အခဲ အပင်ပန်းဆုံး အချိန်တွေပါ။ အမျိုးသမီးတစ်ယောက်အနေနဲ့ သာမန်အခြေအနေတွေမှာတောင် ဓမ္မတာလာချိန် ကိုယ့်ခန္ဓာကိုယ်ရဲ့ ကိုက်ခဲနာကျင်မှုတွေ၊ စိတ်မလုံခြုံမှုတွေကို ခံစားရလေ့ရှိပါတယ်။
အခုလို တိုက်ပွဲကာလတွေမှာ စစ်ရှောင်ရတဲ့အချိန် ဓမ္မတာလာချိန်နဲ့ ကြုံကြိုက်ရတဲ့ အမျိုးသမီးတွေအတွက်တော့ ပိုလို့တောင် အခက်အခဲတွေ၊ စိတ်မလုံခြုံမှုတွေခံစားရပါတယ်။ ဒီတစ်ပတ်တောင်ပိုင်းသားအသံအစီအစဥ်မှာ တနင်္သာရီတိုင်းထဲက စစ်ရှောင်အမျိုးသမီးတွေရဲ့ အခက်အခဲကို မေးမြန်းဖော်ပြလိုက်ပါတယ်။
(တောင်ပိုင်းသားတို့အသံ)
မစု (သရက်ချောင်းမြို့နယ်၊ တောင်ပျောက်ဒေသခံ စစ်ရှောင်အမျိုးသမီး)
မေး - အခုလိုကာလမှာ အမျိုးသမီးကျန်းမာရေးနဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုအတွက် ဘယ်လိုပူပန်စရာတွေရှိနေလဲ။
ဖြေ - အခုလို စစ်ပွဲကာလတွေမှာဆို ကျမတို့အမျိုးသမီးတွေအတွက်အခက်အခဲအများကြီးကြုံရပြီး စိတ်မလုံခြုံမှုတွေလဲအများကြီးကြုံရပါတယ်ရှင်။ အဲ့အထဲမှာမှ ကျမတို့ အမျိုးသမီးတိုင်း ကြုံတွေ့နေရတဲ့အခက်အခဲကတော့ လစဥ်ဓမ္မတာ လာတဲ့အချိန်မှာကြုံတွေ့ရတဲ့အခက်အခဲတွေပါပဲရှင်။ ပုံမှန်အချိန်တွေကဆိုရင် အခက်အခဲမရှိပေမဲ့ အခုလိုစစ်ပွဲကာတွေမှာဆိုရင်တော့ အခက်အခဲပိုကြုံရပါတယ်။ အဲအထဲမှာမှ ပထမဆုံးအနေနဲ့ကတော့ pad (အမျိုးသမီးလစဥ်သုံး) အခက်အခဲပါရှင်။
မေး - ဒီလိုမျိုးစစ်ရှောင်နေရတဲ့အခြေအနေမှာ လစဥ်ဓမ္မတာလာတာနဲ့ပတ်သက်လို့ မလာခင်နဲ့ လာနေတဲ့အချိန်တွေမှာ စိုးရိမ်တာတွေရှိလား။
ဖြေ - ရုတ်တရက်စစ်ရှောင်လာရတဲ့အချိန်တွေမှာဆို ကျမတို့က ဘာပစ္စည်းမှ များများစားစား ယူမသွားနိုင်ပါဘူး။ အဲလိုအချိန်မျိုးမှာမှ ဓမ္မတာဖြစ်လာတဲ့အချိန်တွေနဲ့ တိုက်ဆိုင်သွားရင် မိန်းကလေးတစ်ယောက်အနေနဲ့ များစွာဒုက္ခရောက်ရပါတယ်ရှင်။ ကျမတို့ကနယ်ဖက်ကဆိုတော့ တောထဲတောင်ထဲပဲ စစ်ရှောင်ရတယ်လေ။ အဲလိုဆိုရင် pad (အမျိုးသမီးလစဥ်သုံး) ကလည်းမပါလာ၊ ဝယ်ဖို့ကလည်းမဖြစ်နိုင်နဲ့ လူတွေကလည်းကိုယ့်မိသားစုပဲ ရှိတာမဟုတ်တော့ ရှက်ရကြောက်ရနဲ့ပေါ့။ နောက်ပြီး pad (အမျိုးသမီးလစဥ်သုံး) မရှိတော့ အဝတ်အစားနဲ့ခန္ဓာကိုယ်မှာ စွန်းသွားပြီးအဆင်ပြေသလိုဘဲ့ ထိုင်နေရတာပေါ့။ အခုကနွေရာသီရောက်လာပြီလေ။ ရေမရှိတော့ တစ်ကိုယ်ရေသန့်ရှင်းရေးလည်းမလုပ်နိုင်ဘူး။ အချိန်ကြာလာရင် ခန္ဓာအတွက် ကျန်းမာရေး ထိခိုက်မှာလည်း စိုးရိမ်နေရပါတယ်ရှင်။ ပြီးတော့ မြန်မာအမျိုးသမီးတွေက အရှက်အကြောက်လည်း ကြီးကြတယ်လေ။ pad (အမျိုးသမီးလစဥ်သုံး) မရှိတော့ ကိုယ်ဓမ္မတာဖြစ်နေတာ တစ်ခြားသူတွေမြင်တော့ ရှက်စိတ်တွေနဲ့နေနေရတာပေါ့။ ကျမတို့နယ်ဘက်ကသူတွေက တစ်ချို့ဆို အယူသီးသလို ဓမ္မတာဖြစ်တဲ့သွေးနဲ့ထိမိရင် ဘုန်းနိမ့်မယ်တို့၊ ကံနိမ့်မယ်တို့ ပြောတဲ့သူတွေလည်းရှိသေးတာကို။ နောက်ပြီးတစ်ချို့လူတွေက ကိုယ့်ကို ရွံရှာတဲ့မျက်လုံးတွေနဲ့ ကြည့်တာလည်း ခံရသေးတာ။ ကျမတို့အနေနဲ့ကျတော့ စိတ်ပိုင်းဆိုင်ရာလုံခြုံမှုလည်း မရှိတော့ဘူးပေါ့ ရှင်။
မေး - ကိုယ့်ရပ်ရွာ၊ ကိုယ်စစ်ရှောင်နေရတဲ့ နေရာတွေမှာ လစဥ်သုံးပစ္စည်းဝယ်ဖို့လွယ်လား။ ဘယ်လိုအခက်အခဲတွေရှိလဲ။
ဖြေ - လစဥ်သုံးပစ္စည်းဝယ်ဖို့ကလည်း မလွယ်ကူပါဘူး။ ဝယ်ဖို့ပိုက်ဆံရှိရင်တောင်မှ ဝယ်ဖို့ဆိုင်မရှိတဲ့ အခက်အခဲကတော့ အများဆုံးပေါ့။ အခုခေတ်က ဘာမဆိုဈေးများတော့ မတတ်နိုင်တဲ့သူတွေလည်း ရှိပါတယ်။ အဲ့လိုဆိုသူများဆီက ချေးငှားပြီး ဝယ်ရတာပေါ့။ အခြေအနေအေးနေရင် အလုပ်လုပ်လို့ရနေတော့ အဆင်ပြေနေပေမဲ့ စစ်ရှောင်နေရတဲ့အချိန်ဆို အလုပ်လည်းမရှိတော့ မလွယ်ကူဘူး။
မေး - လစဥ်သုံးပစ္စည်းတွေကို ဘယ်လိုဝယ်ယူနေရလဲ။ အခက်အခဲတွေကိုရော ဘယ်လိုဖြေရှင်းနေလဲ။
ဖြေ - ကျမတို့ရွာတွေက တောဖက်ဆိုတော့ မြို့ပေါ်တက်ပြီး ဝယ်ရတယ်လေ။ အစစ်အဆေးလည်းများတော့ ဝယ်ဖို့ကခက်ခဲပါတယ်။ တစ်ထုပ်ကို ၃၀၀၀လောက်ပေးပြီးဝယ်ရတာ ဝယ်ဖို့ရှိနေတာကိုကကံကောင်းလှပြီလေ။ တစ်ခါတစ်လေဆို တစ်ခြားရွာတွေဖက် လိုက်ရှာဝယ်ရတဲ့အချိန်တွေလည်းရှိပါတယ်။
မေး - တခြားသော အမျိုးသမီးတကိုယ်ရေသုံးပစ္စည်းတွေနဲ့ တကိုယ်ရေကျန်းမာရေးအတွက် ဆေးဝါးတွေရရှိမှုအခြေအနေကရော ဘယ်လိုရှိနေလဲ။
ဖြေ - တကိုယ်ရေသုံးပစ္စည်းတွေကတော့ မရရှိပါဘူး။ ဆေးဝါးတွေကတော့ ကူညီပေးတဲ့ အဖွဲ့အစည်းတွေရှိတော့ ရရှိပါတယ်။ ဒါပေမဲ့ လုံလောက်မှုတော့မရှိဘူးပေါ့။ စစ်ရှောင်အရေအတွက်များတော့ လုံလုံလောက်လောက်မရနိုင်ဘူးလေ။
မေး - ကိုယ့်ပတ်ဝန်းကျင်က သမီးမိန်းကလေးတွေမှာရော လစဥ်ဓမ္မတာလာတဲ့ကိစ္စနဲ့ ပတ်သက်လို့ သူတို့တွေ ဘယ်လိုစိတ်အခြေအနေရှိကြလဲ။
ဖြေ - ရှက်ရွံမှုနဲ့ စိတ်မလုံခြုံမှုကတော့ အဓိကအများဆုံးပေါ့။ နောက်ပြီး ဓမ္မတာဖြစ်စဥ်က အခုအခြေအနေနဲ့ဆိုရင်တော့ သူတို့အတွက်ဖိအားတစ်ခုလိုကိုဖြစ်နေတာ။ စစ်ပွဲတွေက အချိန်မရွေး နေ့ရက်မရွေးဖြစ်လာနိုင်တော့ ကိုယ်ဘယ်အချိန်ထပြေးရမယ်မှန်းလည်းမသိတော့ ဓမ္မတာဖြစ်ရင်လည်း ခန္ဓာကိုယ်က အိပ်ပြီးနေချင်တာ မဟုတ်ရင်သက်သောင့်သက်သာပဲနေချင်တာလေ။ စစ်ရှောင်နေရတော့ ကိုယ်အဆင်ပြေသလိုမနေရဘူးပေါ့။ အဲလိုအချိန်ဆို သူတို့အတွက်ကတော့ ကူညီရာရှာမရတဲ့ စိတ်ဖိအားတွေရှိတာပေါ့။
မေး - တခြားပြောချင်တာရှိပါသလား။
ဖြေ - ဒီလိုအမျိုးသမီးတွေဖြစ်လေ့ရှိတဲ့ လစဥ် ဓမ္မတာ ဖြစ်စဥ်တွေက ရွံရှာစရာလည်းမဟုတ်သလို ကဲ့ရဲ့စရာလည်းမဟုတ်ပါဘူး။ အခုလိုစစ်ပွဲကာလတွေမှာ ပိုပြီးတစ်ယောက်နဲ့တစ်ယောက် ကူညီပေးပြီး ဖေးမပေးစေချင်ပါတယ်။ နောက်ပြီး တတ်နိုင်တဲ့အဖွဲ့အစည်းတွေက ကူညီပေးလှူပေးတဲ့ အခါမှာဆို ဆန်၊ ဆီ၊ ဆား၊ ဆေးဝါးတွေအပြင် အမျိုးသမီးတွေရဲ့တစ်ကိုယ်ရေပစ္စည်းအပြင် pad (အမျိုးသမီးလစဥ်သုံး) တွေကိုလည်း ထည့်သွင်းလှူဒါန်းပေးစေချင်ပါတယ်ရှင်။
မစန္ဒာ (ရွာလုံးကျွတ်စစ်ရှောင်နေရတဲ့ သိန်ခွန်းရွာခံ အသက် ၃၈ နှစ် အရွယ် အမျိုးသမီး)
မေး - အခုလိုကာလမှာ အမျိုးသမီးကျန်းမာရေးနဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုအတွက် ဘယ်လိုပူပန်စရာတွေရှိနေလဲ။
ဖြေ - ကျမတို့မှာ အဝတ်တထည်ကိုယ်တစ်ခုနဲ့ စစ်ရှောင်လာရတာ သုံးလကျော်ပါပြီ။ ဘာမှလည်းမပါလာဘူး။ စားဖို့သောက်ဖို့တောင် အနိုင်နိုင်ဆိုတော့ ဓမ္မတာလာရင် သုံးဖို့အတွက် လစဥ်သုံးပစ္စည်းဝယ်ဖို့ကို ပိုက်ဆံမရှိပါဘူး။ ကျမတို့ စစ်ရှောင်အမျိုးသမီးအများစု လစဥ်ဓမ္မတာကို ဒီတိုင်းပဲ အဆင်ပြေသလို ကျော်ဖြတ်နေရတာပါ။ အမျိုးသမီးကျန်းမာရေးနဲ့ တကိုယ်ရေ သန့်ရှင်းမှုအတွက်ကတော့ တော်တော်လေးကိုစိုးရိမ်ရတဲ့အခြေအနေပါ။
မေး - ဒီလိုမျိုးစစ်ရှောင်နေရတဲ့အခြေအနေမှာ လစဥ်ဓမ္မတာလာတာနဲ့ပတ်သက်လို့ မလာခင်နဲ့ လာနေတဲ့အချိန်တွေမှာ စိုးရိမ်တာတွေရှိလား။
ဖြေ - စိတ်လုံခြုံမှုအခြေအနေကတော့ စိတ်ဆင်းရဲနေရတာပေါ့ရှင်။ အခုလို စစ်ရှောင်နေရတဲ့အခြေအနေမှာ နေရစားရတာလည်း အခက်အခဲရှိတယ်။ ဒီတော့ လစဥ် ဓမ္မတာလာတဲ့ကိစ္စကိုလည်း ကိုယ့်ဘာသာပဲ တစ်လတစ်လ တွေးပူနေရတာပေါ့။ အမြဲစိတ်ဆင်းရဲနေရတာပေါ့။
မေး - ကိုယ့်ရပ်ရွာ၊ ကိုယ်စစ်ရှောင်နေရတဲ့ နေရာတွေမှာ လစဥ်သုံးပစ္စည်းဝယ်ဖို့လွယ်လား။ ဘယ်လိုအခက်အခဲတွေရှိလဲ။
ဖြေ - ဝယ်ရလည်း မလွယ်ဘူး။ ကျမတို့က ဥယျာဥ်ခြံတွေထဲစစ်ရှောင်နေတာဆိုတော့ ရွာတွေဆီ ပြန်သွားဝယ်ရမှာ။ ပိုက်ဆံရှိရင်တော့ ရှာဝယ်လို့ရတာပေါ့။ ဒါပေမဲ့ ဝယ်လို့ကလည်းမနိုင်ဘူး။ ဈေးအရမ်းကြီးတယ်။ လစဥ်သုံးပစ္စည်းဆိုတာကို မသုံးနိုင်တဲ့ အခြေအနေရောက်နေပါတယ်။
မေး - ဒါဆို အခက်အခဲတွေကို ဘယ်လိုဖြေရှင်းနေလဲ။
ဖြေ - တစ်ထုပ်ကို သုံး၊ လေးထောင် လောက်ရှိတယ်။ ရွာတွေထိသွားဝယ်ရင်ရတယ်။ အဓိကက ပိုက်ဆံမရှိလို့ ကျမတို့ စစ်ရှောင်အမျိုးသမီးအများစု မဝယ်နိုင်ကြပါဘူး။ လစဥ်သုံးပစ္စည်းမသုံးနိုင်တော့ ဓမ္မတာလာတဲ့အခါကြရင် တနေ့ကို ရေ လေး၊ ငါး ခါလောက်ချိုးနေရတဲ့ ပုံစံမျိုးဖြစ်နေတာပေါ့။ အဝတ်အစားကလည်း သိပ်မရှိတော့ တော်တော်လေးကို ခက်ခဲပါတယ်။
မေး - တခြားသော အမျိုးသမီးတကိုယ်ရေသုံးပစ္စည်းတွေနဲ့ တကိုယ်ရေကျန်းမာရေးအတွက် ဆေးဝါးတွေရရှိမှုအခြေအနေကရော ဘယ်လိုရှိနေလဲ။
ဖြေ - ဓမ္မတာလာတဲ့အချိန်ဆို ခါးတွေနာမယ်။ ဗိုက်တွေအောင့်မယ်။ ခေါင်းတွေမူးမယ်။ ဒီလိုအခြေအနေမှာ ဆေးဝါးလည်း မဝယ်သောက်နိုင်ဘူး။ မဝယ်သောက်နိုင်တဲ့ ဘဝကိုရောက်နေတော့ ဒီတိုင်းပဲနေနေရတာပါ။ ထောက်ပံ့ပေးတာက ကျန်းမာရေးမှူးတွေ တခါတလေလာရင် ဆေးဝါးထောက်ပံ့ပေးတာရှိပေမဲ့ အရေးပေါ် ဆေးဝါးတွေပါ။ အမျိုးသမီးတွေအတွက် ၊ တကိုယ်ရေကျန်းမာရေးအတွက် ဆေးဝါးက ရှားတယ်။
မေး - ကိုယ့်ပတ်ဝန်းကျင်က သမီးမိန်းကလေးတွေမှာရော လစဥ်ဓမ္မတာလာတဲ့ကိစ္စနဲ့ ပတ်သက်လို့ သူတို့တွေ ဘယ်လိုစိတ်အခြေအနေရှိကြလဲ။
ဖြေ - သူတို့မှာလည်း ဆယ်ကျော်သက်ရွယ်လေးတွေဆိုတော့ ဓမ္မတာလာတဲ့အချိန်ဆို ကျမတို့ထက် ပိုခက်ခဲပါတယ်။ သူတို့ နေရခက်ကြတာပေါ့။ ငယ်တဲ့အရွယ်တွေဆိုတော့ ဓမ္မတာကလည်း အများကြီးလာချိန်မှာ လစဥ်သုံးကလည်း မသုံးနိုင်တော့ အများကြီးစွန်းပေပြီး သူတို့တော်တော်လေးကို ရှက်ကြောက်ရတာပေ့ါ။ တချို့ဆို ထိုင်ရ၊ ထရခက်။ သွားရ၊ လာရခက်နဲ့ တနေကုန် တဲထဲ လှဲနေကြရတာမျိုးလည်းရှိတယ်။
မေး - တခြားပြောချင်တာရှိပါသလား။
ဖြေ - ကျမတို့ရွာက လက်ဗလာနဲ့ထွက်လာရတာလည်း သုံးလလောက်ရှိပြီ။ ကျမတို့ကလည်း လက်လုပ် လက်စားဘဝတွေဆိုတော့ ဒီလောက်ထိအကြာကြီး စစ်ရှောင်နေရချိန်မှာ အခက်အခဲတွေအများကြီးပါ။ စားဝတ်နေရေးလည်းပူရတယ်။ အခုမိုးတွင်းရောက်လာရင် တာလပါတွေ အခင်းတွေလည်း ပိုလိုလာမယ်။ အခုတောင် တာလဖာအမိုးအစုတ်နဲ့ အောက်မှာ ကွမ်းခက် ဖြစ်သလိုနေနေရတာပါ။ အဲ့လိုအခြေနေမှာ မိုးတွင်းရောက်လာရင်တော့ ကျမတို့အမျိုးသမီးတွေ ဓမ္မတာကိစ္စက အခုထက် ပိုခက်ခဲပင်ပန်းဦးမှာပါ။ ကျမတို့အကူအညီတွေလိုအပ်နေပါတယ်။
■ မညို (တနင်္သာရီမြို့နယ်၊ ရမ်းဖိုရွာက အသက် ၄၀ ကျော်အရွယ် စစ်ရှောင်အမျိုးသမီး)
မေး - အခုလိုကာလမှာ အမျိုးသမီးကျန်းမာရေးနဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုအတွက် ဘယ်လိုပူပန်စရာတွေရှိနေလဲ။
ဖြေ - စစ်ကြောင်းတွေက အခန်အခါမရွေးလောလောလတ်လတ် ဗြုန်းစားကြီးဝင်လာတာမျိုးရှိတယ်။ အဲ့လိုအခါတွေဆို ဘာပစ္စည်းမှ ယူလို့မမှီဘဲ ပြေးရတာတွေအမြဲကြုံရတယ်။ အဲ့လိုအချိန်တွေဆို တစ်ကိုယ်ရေသန့်ရှင်းမှုအတွက် ဘာပစ္စည်းမှမပါဘူး။ လစဥ်သုံးတွေလည်းမပါလာဘူး။ ကိုယ်စစ်ရှောင်ရတဲ့နေရာကလည်း ရေမရတဲ့နေရာမျိုးဆိုရင် တော်တော်လေးကို အခက်တွေ့ပါတယ်။
မေး - ဒီလိုမျိုးစစ်ရှောင်နေရတဲ့အခြေအနေမှာ လစဥ်ဓမ္မတာလာတာနဲ့ပတ်သက်လို့ မလာခင်နဲ့ လာနေတဲ့အချိန်တွေမှာ စိုးရိမ်တာတွေရှိလား။
ဖြေ - ရှိတာပေါ့။ ဒီကိစ္စကိုအမြဲစိုးရိမ်နေရတယ်။ နောက်ပိုင်းကြတော့ အရေးပေါ်ပစ္စည်းအိတ်ထဲမှာ အမျိုးသမီးလစဥ်သုံးကို ကြိုပြင်ထားတယ်။ ကြိုဝယ်စုထားတယ်။ ဒါပေမဲ့လည်း စိတ်လုံခြုံမှုကတော့ ဘယ်လိုမှမရှိဘူး။ ဓမ္မတာလာချိန်မှာ ပြေးရလွှားရနဲ့ သန့်ရှင်းရေးလုပ်ဖို့အတွက်လည်း အခက်အခဲရှိတယ်လေ။ အဲ့ဒါကို အမြဲတွေးပူနေတာပေါ့။
မေး - ကိုယ့်ရပ်ရွာ၊ ကိုယ်စစ်ရှောင်နေရတဲ့ နေရာတွေမှာ လစဥ်သုံးပစ္စည်းဝယ်ဖို့လွယ်လား။ ဘယ်လိုအခက်အခဲတွေရှိလဲ။
ဖြေ - ကိုယ့်ရွာမှာကိုယ် ဝယ်ဖို့ကတော့ ခက်တယ်။ ကုန်ကားတွေမှာ ဘိတ်(မြိတ်မြို့) ကနေကြိုမှာထားရတယ်။ ကြိုပြီးစုထားမှရတယ်။ ကိုယ့်လက်ထဲ မရှိတဲ့အချိန်မျိုး ပြေးရရင်တော့ ဒီတိုင်းဖြစ်သလိုပဲနေရတာပေါ့။
မေး - လစဥ်သုံးပစ္စည်းတွေကို ဘယ်လိုဝယ်ယူနေရလဲ။ အခက်အခဲတွေကိုရော ဘယ်လိုဖြေရှင်းနေလဲ။
ဖြေ - ခုဏကပြောသလိုပေါ့ ဒီမှာကဝယ်လို့မရှိဘူး။ မြို့ကနေ ရသ လောက်မှာပြီး ကြိုစုထားရတယ်။ ဈေးနှုန်းကတော့ ငါးခုပါ တစ်ထုပ်ကို ၂၅၀၀ နဲ့ ၃၀၀၀ ဝန်းကျင်မှာရှိတယ်။ အရင်ကထက်စာရင် တော်တော်ကို ဈေးကြီးလာတာ။
မေး - တခြားသော အမျိုးသမီးတကိုယ်ရေသုံးပစ္စည်းတွေနဲ့ တကိုယ်ရေကျန်းမာရေးအတွက် ဆေးဝါးတွေရရှိမှုအခြေအနေကရော ဘယ်လိုရှိနေလဲ။
ဖြေ - နယ်ဘက်၊ ရွာဘက်ဆိုတော့ တကိုယ်ရေသုံးပစ္စည်းနဲ့ အမျိုးသမီးတစ်ကိုယ်ရေကျန်းမာရေးအတွက် ဆေးဝါးတွေဝယ်ဖို့က မရှိဘူး။ အကုန်မြို့ကိုပဲ လှမ်းမှာရတယ်။ တခါတခါမှာရတာကလည်း ခက်ခက်ခဲခဲပါ။ တချို့တွေကြတော့လည်း မဝယ်နိုင်၊ မမှာနိုင်ကြဘူးရှင့်။ ဒီလိုပဲ ရှိတဲ့သူက ပြန်မျှရတယ်။
မေး - ကိုယ့်ပတ်ဝန်းကျင်က သမီးမိန်းကလေးတွေမှာရော လစဥ်ဓမ္မတာလာတဲ့ကိစ္စနဲ့ ပတ်သက်လို့ သူတို့တွေ ဘယ်လိုစိတ်အခြေအနေရှိကြလဲ။
ဖြေ - ကလေးမတွေကြတော့ သူတို့ ကြိုပြီး မပြင်ဆင်ထားမိတာတွေရှိတယ်။ အမျိုးသမီးတက်ိုယ်ရေကျန်းမာရေးလည်း မသိကြသေးတဲ့အရွယ်တွေ။ အဲ့လိုကလေးတွေဆို ကျမတို့ လူကြီးတွေကပဲ မျှပြီးပေးသုံးတာတွေရှိတယ်။ နောက်ဆို ကြိုပြင်ထားဖို့၊ တကိုယ်ရေသန့်ရှင်းရေး အတတ်နိုင်ဆုံးဂရုစိုက်ဖို့ ပြန်ပြီး ပြောပြ၊ ပညာပေးရတာမျိုးတွေရှိတယ်။ မိန်းကလေးငယ်တွေကြတော့ အဲ့လိုစစ်ရှောင်ချိန် ဓမ္မတာဖြစ်လာရင် ကိုယ့်သီးသန့်လည်းမဟုတ် လူတွေကြားထဲမှာဆိုတော့ ရှက်ပြီး ဝမ်းနည်းကြတယ်။ ငိုကြတယ်။ အဲ့ခါကြရင် ကျမတို့ လူကြီးတွေကနေ နှစ်သိမ့်ပေးရတာပေါ့။
The Tanintharyi Times
