ဂျူလိုင် ခြေရာ
ဂျူလိုင် ခြေရာ
သွားပေဦးတော့ ဂျူလိုင်
အချိန်ကာလဟာ အမှတ်အသားတစ်ခုမျှသာဆို
ဒီအနာရွတ်က တစ်သက်စာပါပဲ။
‘သူရဲကောင်း’ တဲ့
‘အာဇာနည်’ တဲ့
ထာဝရတည်တံ့နေမယ့် စိတ်ဝိဉာဏ်တွေဟာ
ဂျူလိုင်မှာ ပေါက်ဖွားရှင်သန်တယ်။
ငရဲခွေးကြီးကို ရဲရဲအန်တုလို့
နောင်မျိုးဆက်တွေ ရွှေထီးဆောင်းရမယ်ဆို
ဒီခန္ဓာ မြေကြီးဖြစ်ရလည်း
ဒီခရီးလမ်းကို ဆက်လျှောက်ကြမယ်တဲ့။
ဂျူလိုင်ရဲ့ နှုတ်ဆက်သံဟာ
လွမ်းချင်းထက် ပိုလေးနက်ရပါတယ်။
ဂျူလိုင်မိုးဟာ
မိခင်တို့ရဲ့ သောကမျက်ရည်တွေ
ဇနီးသည်တို့ရဲ့ ငိုကြွေးရှိုက်မြည်သံတွေ
ပြည်သူတို့ရဲ့ ဝမ်းနည်းပူဆွေးမှုတွေနဲ့
ငွေ့ရည်ဖွဲ့ ရွာသွန်းနေလေသလား
၂၁ ရာစုမှာလည်း ‘အာဇာနည်’ တွေ များနေဆဲပါ ဂျူလိုင်။
သွားပေဦးတော့ ဂျူလိုင်
နိုင်ငံ့အရေးမှာ စတေးဝံ့သူတို့ရဲ့ အသက်နဲ့ခန္ဓာတွေ
ဂျူလိုင် ရထားပေါ်မှာ စီးနင်းလိုက်ပါရတာ
ဒီတစ်ခါ နောက်ဆုံး ဖြစ်ပါစေတော့။ ။
ငြိမ်းပန်
The Tanintharyi Times
