ဖမ်းဆီးမှုတွေ၊ ပစ်ခတ်တိုက်ခိုက်မှုတွေကြားက လောင်းလုံးမြို့မှာ အာဇာနည်နေ့ အခမ်းအနားပြုလုပ်

ဖမ်းဆီးမှုတွေ၊ ပစ်ခတ်တိုက်ခိုက်မှုတွေကြားက လောင်းလုံးမြို့မှာ အာဇာနည်နေ့ အခမ်းအနားပြုလုပ်

ဓာတ်ပုံ - DDMSC

ဒီကနေ့မှာကျရောက်တဲ့ အာ‌ဇာနည်နေ့မှာ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)က ဦးဆောင်ပြီး လောင်းလုံးမြို့နယ်အတွင်း လူထုသပိတ်လှုပ်ရှားမှုနဲ့ အာဇာနည်နေ့အခမ်းအနား ပြုလုပ်ခဲ့ကြပါတယ်။

အဲဒီလှုပ်ရှားမှုမှာ ၁၉၄၇ ခုနှစ် ဂျူလိုင်လ ၁၉ ရက်နေ့မှာ ကျဆုံးသွားခဲ့ကြတဲ့ အာဇာနည်ခေါင်းဆောင်းကြီးတွေ အပါအဝင် ခေတ်အဆက်ဆက်က တိုင်းပြည်နဲ့ တိုင်းရင်းသားပြည်သူလူထုအကျိုးအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့သူ အာဇာနည်တွေကို လွမ်းသူပန်းခွေချ ဦးညွတ်အလေးပြုခဲ့ကြတယ်လို့ သိရပါတယ်။

ဒီနေ့လူထုလှုပ်ရှားမှုမှာ လောင်းလုံးမြို့နယ်အတွင်းက တော်လှန်ရေးအင်အားစုတွေ၊ အခြေခံပညာကျောင်းသားကျောင်းသူတွေ၊ အမျိုးသမီးတွေ၊ လူငယ်တွေနဲ့ ဒေသခံပြည်သူ အလုပ်သမား၊ လယ်သမားအများအပြား ပူးပေါင်းပါဝင်ခဲ့ကြတယ်လို့လည်း သိရပါတယ်။

လောင်းလုံးမြို့ပေါ်က စစ်ကောင်စီတပ်သားတွေကလည်း ဒီနေ့မနက် ၁၀ နာရီလောက်မှာ လောင်းလုံး-ရှင်မော်လမ်းအတိုင်း အောက်ဘက်ကိုဆင်းလာပြီး လက်နက်ကြီးတွေရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

The Tanintharyi Times