ထိုင်း-ကမ္ဘာဒီးယား ပဋိပက္ခနောက်ကွယ်

ထိုင်း-ကမ္ဘာဒီးယား ပဋိပက္ခနောက်ကွယ်

ထိုင်းနဲ့ ကမ္ဘောဒီးယား အိမ်နီးချင်း နှစ်နိုင်ငံအကြား နယ်နိမိတ်အငြင်းပွားမှုတွေ လအနည်းငယ်အတွင်း ပြန်လည် အားကောင်းလာပြီးနောက် ဇူလိုင်လ ၂၄ ရက်၊ ကြာသပတေးနေ့မှာတော့ ပြင်းထန်တဲ့ စစ်မက်တိုက်ပွဲအသွင် စတင်ကူးပြောင်းခဲ့ပါပြီ။

အဲဒီတိုက်ပွဲမှာ သေနတ်၊ အမြောက်နဲ့ လက်နက်ကြီး ဒုံးကျည်တွေ အသုံးပြုပြီး နှစ်နိုင်ငံ အပြန်အလှန် ပစ်ခတ်ခဲ့ကြပါတယ်။

ထိုင်းအာဏာပိုင်တွေဘက် ကတော့ ပြည်နယ်သုံးခုမှာ ထိုင်းအရပ်သား (၁၂) ဦး ထက်မနည်း သေဆုံးပြီး (၁၄) ဦး ဒဏ်ရာရထားတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ထိုင်းဘက်က လေတပ်ကို အသုံးပြုပြီး တိုက်ခိုက်လာတာ တွေ့ရပါတယ်။

ယခုဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမတိုင်ခင် မေလမှာကတည်းက နှစ်နိုင်ငံအကြား ပဋိပက္ခက အတော်လေး တင်းမာနေခဲ့တာပါ။ ထိုင်းစစ်တပ်ကြောင့် ကမ္ဘောဒီးယားစစ်သားတစ်ဦး ပစ်ခတ်သတ်ဖြတ်ခံရပြီးနောက် နာရီပိုင်းအကြာမှာပဲ နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေး အဆင့်လျှော့ချလိုက်ကြပြီး နောက်ပိုင်းမှာတော့ ထိုင်းစစ်သားတွေ မြေမြှုပ်မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရတဲ့ ဖြစ်စဥ်တွေ ရှိခဲ့ပါတယ်။

ရှည်လျားလှတဲ့ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တလျှောက် အနည်းဆုံး နေရာခြောက်ခုမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ထိုင်းကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ကြာသပတေးနေ့ မနက်ပိုင်းက စတင်တဲ့ ပထမဆုံးတိုက်ပွဲဟာ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ရှိ ရှေးဟောင်း တာမြူအန်းထုမ် (Ta Muen Thom) ဘုရားအနီးမှာ ဖြစ်ပွားခဲ့တာပါ။

◼ အငြင်းပွားမှု ဘယ်ကစ

ယခုဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံစလုံးက စတင်တိုက်ခိုက်သူ မဟုတ်ကြောင်း ကိုယ်စီ ငြင်းဆိုထားကြသလို ခံစစ် သာဖြစ်တယ်လို့ ပြောဆိုထားကြပါတယ်။

မေလက အဖြစ်အပျက်ကို ပြန်ကြည့်မယ်ဆိုရင် နှစ်နိုင်ငံစလုံးက မိမိတို့ နယ်နိမိတ်အဖြစ် သတ်မှတ် ငြင်းခုံနေတဲ့ အဲဒီရှေးဟောင်းနယ်မြေမှာ အပြန်အလှန်ပစ်ခတ်မှုတွေ ရှိခဲ့ရာကနေ အခုလို အရှိန်အဟုန် မြှင့်လာတာ ဖြစ်ပါတယ်။ အဲဒီအချိန်က ပစ်ခတ်မှုအတွင်း ကမ္ဘောဒီးယားစစ်သားတစ်ဦး သေဆုံးခဲ့ပါတယ်။

အဲဒီနောက် နှစ်နိုင်ငံစလုံးက ပဋိပက္ခကို အရှိန်လျှော့ချဖို့ သ‌ ဘောတူခဲ့ကြပေမဲ့ နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်တွေအကြား အခြေအနေ တင်းမာမှုတွေ ဆက်ရှိခဲ့သလို ပြောက်ကျားပစ်ခတ်မှုတွေလည်း ရံဖန်ရန်ခါ ရှိနေခဲ့ပါတယ်။

ထိုင်းနိုင်ငံက ၎င်းတို့ နှစ်နိုင်ငံကြားက နယ်စပ်ဂိတ်တွေမှာ ကျောင်းသားကျောင်းသူတွေ၊ နာမကျန်းသူတွေနဲ့ အရေးကြီးလိုအပ်ချက်ရှိသူတွေ မှအပ အခြားသူတွေ ဖြတ်သန်းသွားလာခွင့်ကို တင်းကြပ်ထားခဲ့တာပါ။ ကြာသပတေးနေ့မှာတော့ ထိုင်းအာဏာပိုင်တွေက နယ်စပ်ကို လုံးဝပိတ်လိုက်ကြောင်း ကြေညာလိုက်ပါတယ်။

ကမ္ဘောဒီးယားဘက်ကလည်း ထိုင်းရုပ်ရှင်၊ ရုပ်သံဇာတ်လမ်းတွဲတွေကို ပိတ်ပင်ခဲ့ပြီး ထိုင်းနိုင်ငံဆီက လောင်စာဆီ၊ သီးနှံတွေနဲ့ ဟင်းသီးဟင်းရွက် တင်သွင်းမှုကို တားမြစ်လိုက်သလို အင်တာနက်ချိတ်ဆက်မှုနဲ့ လျှပ်စစ်ဓာတ်အားထောက်ပံ့မှုအချို့ကိုပါ ရပ်နားခဲ့ပါတယ်။

◼ တိုက်ပွဲတွေကြောင့် အလှုပ်အခတ်များခဲ့တဲ့ ထိုင်းနိုင်ငံရေးအခြေအနေ

နှစ်နိုင်ငံစလုံးရဲ့ အမျိုးသားရေးဝါဒီ စိတ်အားပြင်းပြမှုတွေက ပဋိပက္ခကို ပိုဆိုးတဲ့ အခြေအနေဆီ တွန်းပို့နေပါတယ်။

ထိုင်းဝန်ကြီးချုပ် ဖယ်ထုံတန်ရှင်နာဝပ်ကို ကမ္ဘောဒီးယား လွှတ်တော်ဥက္ကဌ ဟွန်ဆန် (ဝန်ကြီးချုပ်ဟောင်း) နဲ့ လျှို့ဝှက်ဖုန်းပြောမှု ပေါက်ကြားခဲ့ပြီးနောက် နယ်စပ်အရေးကိစ္စ ကိုင်တွယ်မှုတွေမှာ ကျင့်ဝတ်ချိုးဖောက်မှုရှိ၊မရှိ စုံစမ်းစစ်ဆေးဖို့အတွက် ဇူလိုင်လ (၁) ရက်နေ့မှ ရာထူးက ယာယီရပ်ဆိုင်းခဲ့ပါတယ်။

သူတို့ရဲ့ ဇွန်လက ဖုန်းစကားပြောဆိုမှုအတွင်း ဖယ်ထုံတန်က ဟွန်ဆန်ကို “ဦးလေး” လို့ ခေါ်ဝေါ်သုံးစွဲခဲ့တာနဲ့ ပတ်သက်ပြီး ထိုင်းစစ်တပ်ထိပ်သီးပိုင်းက ဝေဖန်ပြောဆိုခဲ့ကြပါတယ်။ အကြောင်းကတော့ အဲဒီလိုရည်ညွှန်းသုံးစွဲမှုဟာ ကိုယ့်တိုင်းပြည်ရဲ့ အမျိုးသားအချုပ်အခြာအာဏာကို မလေးစားတဲ့ ပြယုဂ်အဖြစ် ဖြစ်စေတာကြောင့်လို့ ဆိုပါတယ်။

ကမ္ဘောဒီးယားမှာတော့ ဟွန်ဆန်ရဲ့ အာဏာကို သူ့သား ဟွန်မနပ် က ၂၀၂၃ ခုနှစ်မှာ ရယူခဲ့ပေမဲ့ လက်ရှိအချိန်ထိ လွှတ်တော်ဥက္ကဌအဖြစ် ဟွန်ဆန်က သြဇာရှိနေဆဲ ဖြစ်ပါတယ်။ ဟွန်ဆန်နဲ့ ဖယ်ထုံတန်ရဲ့ ဖခင် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် တို့ဟာ ယခင်က မဟာမိတ်ဖြစ်ခဲ့ကြပေမဲ့ ယခုအချိန်မှာတော့ နယ်စပ်ရေးရာ ပဋိပက္ခတွေကြောင့် ဆက်ဆံရေး ပြတ်တောက်သွားခဲ့ပါတယ်။

ဖယ်ထုံတန်နဲ့ ဟွန်ဆန်တို့ရဲ့ ဖုန်းဆက်သွယ်မှု ပေါက်ကြားပြီးတဲ့နောက် ထိုင်းနိုင်ငံအတွင်း အမျိုးသားရေးစိတ်ဓာတ်ပြင်းထန်သူတွေရဲ့ ဆန္ဒပြမှုတွေ ပေါ်ထွက်လာခဲ့ပါတယ်။ ဖွေထိုင်းပါတီနဲ့ မဟာမိတ်ပါတီဖြစ်တဲ့ ဖွန်ကြိုင်ထိုင်း ပါတီကလည်း ကမ္ဘောဒီယားနဲ့ ဆက်ဆံရေးမှာ ဖယ်ထုံတန်ရဲ့ ပျော့ပြောင်းမှုတွေကို ဝေဖန်ခဲ့ပြီး ၎င်းတို့ရဲ့ ထောက်ခံမှု ရုပ်သိမ်းလိုက်တာကြောင့် ဖွေထိုင်းပါတီရဲ့ အင်အားလည်း အတန်ငယ် လျော့သွားခဲ့ပါတယ်။

အဲဒီပေါက်ကြားမှုနဲ့ ပတ်သက်ပြီး ဖယ်ထုံတန်ဘက်က အတိအလင်းတောင်းပန်ခဲ့သလို သူမအနေနဲ့ ပြောကြားခဲ့တာတွေဟာ သံတမန်ရေးရာ ဆွေးနွေးညှိနှိုင်းမှုနည်းဗျူဟာသာ ဖြစ်တယ်လို့ ဝေဖန်မှုတွေကို ပြန်လည်ဖြေရှင်းခဲ့ပါတယ်။

အဲဒီနောက် သူမနဲ့ မဟာမိတ် ကာကွယ်ရေးဝန်ကြီးဟောင်း Phumtham Wechayachai ကို ယာယီဝန်ကြီးချုပ်အဖြစ် ခန့်လိုက်ပါတယ်။

◼ တင်းမာမှုတွေကို တွန်းအားပေးနေတဲ့ နယ်နိမိတ်ပြဿနာ

ထိုင်း-ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား နယ်နိမိတ်အငြင်းပွားမှုဟာ အခုမှ စတင်ဖြစ်ပွားတဲ့ ပြဿနာတစ်ခု မဟုတ်ပါဘူး။

ယခင်ကတည်းက နှစ်ရှည်လာများ ဖြစ်ပွားလာတဲ့ ပဋိပက္ခဖြစ်ပြီး တစ်ကြိမ်မကတဲ့ တင်းမာမှု များစွာ ဖြစ်ပွားခဲ့ကြတာပါ။

ဒီနှစ်နိုင်ငံအကြား နယ်စပ်အလျားက မိုင် ၅၀၀ ကျော် ရှည်လျားပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ နယ်မြေအငြင်းပွားမှုဟာ ၁၉၀၇ ခုနှစ် ပြင်သစ်ကိုလိုနီတွေ ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံကို ခွဲခြားသတ်မှတ်ဖို့ လက်တန်းချဆွဲခဲ့ကြတဲ့ မြေပုံကို အခြေခံပြီး ဖြစ်ပွားနေခဲ့ကြတာပါ။

ဒီမြေပုံကို ကမ္ဘောဒီးယားဘက်က အတည်အဖြစ် သတ်မှတ်ပြီး အဲဒီ့မြေပုံထဲကအတိုင်း သူတို့ရဲ့ပိုင်နက်နယ်မြေကို အသိမှတ်ပြုပေးရေး တောင်းဆိုနေတာ ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ထိုင်းနိုင်ငံက အဲဒီ မြေပုံဟာ တိကျမှုမရှိဘဲ မှားယွင်းနေတယ်လို့ ချေပထားပါတယ်။

ပဋိပက္ခတွေရဲ့ ဆုံချက်နေရာကတော့ နှစ်တစ်ထောင် သက်တမ်း ရှိပြီဖြစ်တဲ့ Preah Vihear ဘုရားနယ်မြေပဲ ဖြစ်ပါတယ်။

၁၉၆၂ ခုနှစ်မှာ အပြည်ပြည်ဆိုင်ရာတရားရုံးက ဘုရားနယ်မြေအတွက် အချုပ်အခြာအာဏာကို ကမ္ဘောဒီးယားဘက်ကို ပေးခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီဆုံးဖြတ်ချက်ဟာ မပြေလည်ခဲ့ဘဲ အခုချိန်ထိ နှစ်နိုင်ငံဆက်ဆံရေး ရဲ့ အဓိက ပြဿနာကြီးအဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်မှာ အဲဒီနယ်စပ်ပြဿနာ ထပ်မံဖြစ်ပွားခဲ့ပြီး နှစ်နိုင်ငံစစ်တပ်အကြား တိုက်ပွဲတွေကြောင့် အရပ်သား (၂၀) ဦး သေဆုံးခဲ့တဲ့အပြင် ‌ထောင်နဲ့ချီတဲ့ ပြည်သူတွေ နေရပ်စွန့်ခွာခဲ့ရတဲ့ ဒုက္ခသည်ဖြစ်ခဲ့ကြပါတယ်။ ၂၀၁၃ မှာတော့ အပြည်ပြည်ဆိုင်ရာတရားရုံးက ဒုတိယအကြိမ်အဖြစ် အမိန့်ချခဲ့ပြီး ကမ္ဘောဒီးယားကို အနိုင်ပေးခဲ့ပါတယ်။

လက်ရှိမှာတော့ ကမ္ဘောဒီးယားအနေနဲ့ အဲဒီနယ်နိမိတ်အငြင်းပွားမှုတွေကို ဖြေရှင်းဖို့ အပြည်ပြည်ဆိုင်ရာတရားရုံးကို ထပ်မံအဆိုတင်ထားပါတယ်။ ဒါပေမဲ့ ထိုင်းနိုင်ငံဘက်ကတော့ တရားရုံးရဲ့ စီရင်ရေးကို ငြင်းပယ်လိုက်ပါတယ်။

ဘာသာပြန်သူ- အက္ခရာ

(Associated Press မှာ ဖော်ပြခဲ့တဲ့ WHAT’S BEHIND THE CLASH BETWEEN THAILAND AND CAMBODIA ဆောင်းပါးကို ဘာသာပြန် ဖော်ပြလိုက်ခြင်း ဖြစ်ပါတယ်။)


(ယခုဘာသာပြန်သတင်းကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်းတို့ ပူးပေါင်းတင်ဆက်ပါတယ်)

The Tanintharyi Times