စစ်ကောင်စီရဲ့ တစ်ဖက်သတ်ရွေးကောက်ပွဲနဲ့ တောင်ပိုင်းသားတို့အသံ
စစ်ကောင်စီရဲ့ တစ်ဖက်သတ်ရွေးကောက်ပွဲနဲ့ တောင်ပိုင်းသားတို့အသံ
စစ်ကောင်စီက တစ်ဖက်သတ်စီစဥ်နေတဲ့ ရွေးကောက်ပွဲအတွက် ထားဝယ်မြို့ ပေါ်မှာ ရွေးကောက်ပွဲဆိုင်ရာ သင်တန်းတွေပေးတာ၊ မဲပေးစက်အသုံးပြုနည်းပြသတာတွေ၊ အခုရက်ပိုင်းမှာ ဆက်တိုက်လုပ်ဆောင်လာပါတယ်။ တနင်္သာရီတိုင်းအတွင်းမှာ စစ်ကောင်စီက ဘယ်လိုပုံစံနဲ့ ဘယ်လိုနေရာတွေမှာ ရွေးကောက်ပွဲလုပ်လာနိုင်လဲ၊ ပြည်သူတွေအနေနဲ့ ဘာတွေကိုစိုးရိမ်နေလဲဆိုတာနဲ့ တော်လှန်ရေးတပ်ဘက်က ဒီရွေးကောက်ပွဲကို ဘယ်လိုမြင်လာ ဆိုတာတွေကို ဒီတစ်ပတ်တောင်ပိုင်းသားတို့အသံ အစီအစဥ်ကနေ မေးမြန်းတင်ဆက်ပေးထားပါတယ်။
(တောင်ပိုင်းသားတို့အသံ)
◉ ထားဝယ်မြို့ခံ အသက်လတ်ပိုင်းအရွယ်အမျိုးသမီး
မေး - စစ်ကောင်စီနဲ့ သူတို့ရဲ့လက်အောက်ခံ ဌာနဆိုင်ရာတွေ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက ရပ်ကွက်၊ ကျေးရွာတွေထဲမှာ လက်ရှိဘယ်လိုတွေ လုပ်နေတာမြင်ရလဲ။
ဖြေ - အစ်မတို့ရပ်ကွက်ထဲမှာတော့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဘာမှကို မမြင်ရ၊ မကြားရသေးဘူး။ အိမ်ထောင်စုစာရင်းကို ကောက်ထားတာတော့ ကြာပြီလေ။ စစ်မှုထမ်းအတွက်လိုလို ရွေးကောက်ပွဲအတွက်လိုလိုပေါ့နော်။ ရပ်ကွက်တွေမှာလိုက်ကောက်တာ။ အဲဒါကလည်းကြာပြီ လူဦးရေနဲ့ အဲဒီလူတွေက ဘယ်မှာနေတယ်၊ ကျောင်းသားရှိလား၊ ဘာအလုပ်လုပ်လုပ် အကုန်လုံးကောက်သွားတယ်။ အဲဒီနောက်ပိုင်းတော့ ဘာမှမမြင်ရသေးဘူး။ တခြားရပ်ကွက်တွေမှာလည်း မကြားရသေးဘူး။
မေး - စစ်ကောင်စီက ရွေးကောက်ပွဲကို မဖြစ်ဖြစ်တဲ့ပုံစံနဲ့လုပ်ဆောင်တော့မယ်ဆိုတာကတော့ သေချာနေပြီဆိုတော့ ရွေးကောက်ပွဲလုပ်ပြီး မဲပေးရတော့မယ် ဆိုရင်ဘယ်လို လုပ်မယ်လို့ စဥ်စားထားလဲ။ ကိုယ့်ပတ်ဝန်းကျင်မှာရော ဘယ်လိုလုပ်မယ်လို့ ပြောဆိုနေတာတွေကြားရလဲ။
ဖြေ - မြို့ ပေါ်မှာနေတဲ့သူတွေက သွားမပေးဘဲမရဘူးလေ။ သူတို့လက်ခုပ်ထဲမှာ ဖြစ်နေတာကိုး။ မပေးဘူးဆိုပြီးနေတဲ့သူက အများစုဆိုရင်တော့ အဆင်ပြေမယ်။ ဒါပေမဲ့အများစုက ကြောက်ကြတာကိုး။ မဖြစ်မနေမဲပေးရမယ်ဆိုရင် ပယ်မဲဖြစ်အောင်လုပ်မယ်လို့တော့ တွေးတာပေါ့။ ပေးမယ်ရမယ်ဆိုရင်ပေါ့နော်။ ကိုယ်က ပယ်မဲလုပ်ရင်လည်း သူတို့က မဲကိုယူရင်လည်း ယူမှာပေါ့လေ။ အဲလိုဆိုရင်တော့လည်း မတတ်နိုင်ဘူးပေါ့။ တခြားသူတွေလည်း အဲလိုပြောကြဆိုကြတာကြားရတယ်။ မဲကတော့ အတင်းအကြပ်ဆိုရင် မပေးလို့ မရတော့ဘူးလေ။
မေး - ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဘာတွေစိုးရိမ်နေတာရှိလဲ။
ဖြေ - ရွေးကောက်ပွဲအတွက် စိုးရိမ်စရာချက်တွေက အများကြီးပဲ။ ရွေးကောက်ပွဲမဲပေးဖို့ဆိုပြီး အိမ်တွေက အသက်ပြည့်ပြီးသူတွေ ဘယ်သူတွေရှိလဲဆိုတာကို သိသွားမယ်။ စစ်မှုထမ်းခေါ်နေတာတွေလည်း သူတို့ပဲလုပ်နေတာလေ။ ပြီးတော့ မေးလားစမ်းလားလုပ်တာတွေကို ဖြေရတဲ့အပေါ်မှာ စိုးရိမ်ရတာပေါ့နော်။ သူတို့ခေါ်လို့ မဲသွားပေးတဲ့ အချိန်တွေမှာလည်း ဘာတွေကြုံရမလဲဆိုတာ စိုးရိမ်စရာရှိတာပေါ့။
မေး - အခုစစ်ကောင်စီလုပ်မယ့်ရွေးကောက်ပွဲကြောင့် လက်ရှိနိုင်ငံရေးအခြေအနေ အပြောင်းအလဲတွေရှိလာမယ်လို့ ယူဆပါသလား။
ဖြေ - အခုလုပ်တဲ့ရွေးကောက်ပွဲကို ပြည်သူတွေကသဘောမတူကြဘူးလေ။ မဲတောင်မပေးဘဲမရလို့ သွားပေးရမယ့်အခြေအနေလေ။ အဓိကတော့ အကြောက်တရားပေါ့နော်။ ရွေးကောက်ပွဲရလဒ်ဆိုတာကလည်း မှန်ကန်မှာမဟုတ်ဘူးလေ။ သိနေတာပဲဟာ။ သူတို့လုပ်ချင်သလို လုပ်လို့ရနေတဲ့အခြေအနေကိုး။ အဲတော့ ဘယ်လိုရလဒ်ပဲထွက်ထွက် ကိုယ်တွေအတွက် ဘာမှ အပြောင်းအလဲမရှိဘူးပေါ့။ ပြည်သူတွေ ခက်ခဲနေတာတွေ၊ စားဝတ်နေရေး အခက်အခဲတွေ အကုန်ရှိနေမှာပဲ။ သူတို့ကတော့ ဒီရွေးကောက်ပွဲလုပ်မှပဲ အသက်ဆိုးရှည်မယ့်အခြေအနေကိုး။ အဲတော့ သူတို့ကတော့ မရရအောင်လုပ်မှာပဲ။ ဘယ်လိုတွေဖြစ်လာမလဲဆိုတာတော့ မပြောတတ်ဘူးပေါ့။ သူတို့လက်အောက်မှာ ရှိနေသမျှကတော့ ပြည်သူတွေအတွက် ကောင်းလာဖို့ကတော့ ဘာမှမရှိဘူးလေ။
◉ ကိုမင်းထက် (ထားဝယ်ခရိုင်တပ်ပေါင်းစု မဟာမိတ်ဆက်ဆံရေးတာဝန်ခံ)
မေး - စစ်ကောင်စီရွေးကောက်ပွဲကို ဘယ်လိုပုံစံနဲ့လုပ်လာနိုင်လဲ၊ ဘယ်နေရာတွေမှာ လုပ်လာနိုင်လဲ။
ဖြေ - ဘယ်လိုလုပ်လာနိုင်လဲဆိုရင်တော့ စစ်ကောင်စီလက်ရှိစီစဥ်နေတဲ့ ပုံစံကိုပြောရမှာပဲ။ စစ်ကောင်စီကတော့ သူ့မီဒီယာတွေမှာတော့ မကြာခဏပြောပါတယ်။ အရင်၂၀၁၀၊ ၂၀၁၅၊ ၂၀၂၀ တို့မှာလုပ်လာတဲ့ ရွေးကောက်ပွဲတွေမှာတော့ နိုင်သူအကုန်ယူ စနစ်ကို ကျင့်သုံးမယ်ပေါ့။ နောက်တစ်ခုက အချိုးကျကိုယ်စားပြုစနစ်ကိုလည်း ကျင့်သုံးမယ်လို့ ပြောထားတယ်ဆိုတော့ ဘယ်လိုပုံစံလုပ်လာနိုင်လဲ စောင့်ကြည့်ရမှာပဲ။ ဘယ်လိုနေရာတွေမှာ လုပ်လာနိုင်လဲဆိုတော့ ကျနော်တို့ တနင်္သာရီတိုင်းမှာ မြို့နယ်ဆယ်မြို့နယ်ရှိတယ်ပေါ့။ ထားဝယ်ခရိုင်မှာဆိုရင် လေးမြို့နယ်ပေါ့နော်။ အဲဒီမှာ ထူးခြားတာက လောင်းလုံးနဲ့ ရေဖြူမြို့နယ်တွေက မြို့တွင်းတိုက်ပွဲတွေအထိဖြစ်နေတဲ့ မြို့နယ်တွေဖြစ်တယ်ပေါ့နော်။ ထားဝယ်နဲ့ သရက်ချောင်းဆိုရင်လည်း မြို့ အစွန်လောက်အထိ တိုက်ပွဲဖြစ်ခဲ့တာတွေရှိပါတယ်။ ဆိုတော့ စစ်ကောင်စီက လွတ်လွတ်ကျွတ်ကျွတ်ထိန်းချုပ်လို့ရတယ်လို့ ပြောလို့ရတာကတော့ ထားဝယ်မြို့ တစ်မြို့ပဲရှိတယ်လို့ ပြောလို့ရတယ်။ မြို့တွေရဲ့ ပတ်ပတ်လည်ကလည်း ကျေးလက်ဒေသအများစုကလည်း တော်လှန်ရေးတပ်ကထိန်းချုပ်ထားတဲ့နေရာဖြစ်တယ်။ ဆိုတော့ လုပ်နိုင်ရင် ထားဝယ်မြို့ပေါ်ရယ် ပြီးတော့ သရက်ချောင်း၊ လောင်းလုံး၊ ရေဖြူထဲမှာ တစ်မြို့လောက်ပဲ စိုးရိမ်ထိန့်လန့်စွာနဲ့လုပ်လာနိုင်တဲ့ အခြေအနေလိုပဲရှိတယ်။ နောက်တစ်ခု မြိတ်ခရိုင်မှာကတော့ မြိတ်မြို့ပေါ့။ မြိတ်မြို့မှာတော့ တနင်္သာရီတိုင်းမှာ စစ်မက်ဖြစ်ပွားတဲ့ ဒဏ်ခံရမှုနည်းတဲ့မြို့လို့ ပြောလို့ရတာပေါ့။ ဒီတော့မြိတ်မှလုပ်လာနိုင်တယ်။ နောက်တစ်ခုက ကျွန်းစု ကျွန်းစုက စစ်ကောင်စီရေတပ်အားကောင်းတော့ ကျွန်းစုဘက်မှာလုပ်လာနိုင်တယ်။ နောက်တစ်ခု နယ်စပ်မြို့ဖြစ်တဲ့ ကော့သောင်းမှာလုပ်လာနိုင်တယ်။ အဓိကကတော့ ထားဝယ်၊ မြိတ်၊ ကော့သောင်းပေါ့ အဲဒီ မြို့ကြီးသုံးခုမှာလုပ်လာနိုင်တယ်။ နောက်တစ်ခု တိုက်ပွဲဖြစ်တာနည်းတဲ့ ဘုတ်ပြင်းလိုမြို့နယ်မှာလုပ်လာနိုင်တယ်လို့ ပြောချင်တယ်။
မေး - တော်လှန်ရေးတပ်တွေအနေနဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဘယ်လိုတုန့်ပြန်သွားဖို့ရှိလဲ။
ဖြေ - စစ်ကောင်စီရဲ့ရွေးကောက်ပွဲသည် တော်လှန်ရေးတပ်တွေရော ပြည်သူတွေကရော သိပြီးသားက အတုအယောင်ရွေးကောက်ပွဲသာဖြစ်တယ်။ လက်ရှိဖြစ်နေတဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်မယ့် ရွေးကောက်ပွဲမဟုတ်ဘူး။ ပြဿနာကို ပိုများစေမယ့်ရွေးကောက်ပွဲဖြစ်တယ်။ ပြီးတော့ အားလုံးပါဝင်တဲ့ရွေးကောက်ပွဲမဟုတ်ဘဲ စစ်ကောင်စီက သူ့ဘာသာအရူးထပြီးလုပ်တဲ့ရွေးကောက်ပွဲတစ်ခုသာဖြစ်တဲ့အတွက် ကျနော်တို့ကတော့ ထွေထွေထူးထူးတော့ပြောစရာမရှိဘူး။ ဘယ်လိုတုန့်ပြန်မလဲဆိုရင် ကျနော်တို့ တော်လှန်ရေးတပ်တွေလှုပ်ရှားမှုရှိတဲ့နေရာတွေမှာကတော့ လောလောဆယ် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး စည်းရုံးတာ၊ ပညာပေးတာတွေမရှိဘူး။ တနင်္သာရီတိုင်းရဲ့ ကျေးလက်ဒေသအများစုမှာလည်း လုပ်နေတာမတွေ့ရဘူး။ တကယ်လို့ အဲလိုနေရာတွေကို စစ်ကောင်စီရဲ့ အရာရှိတွေလာရင်လည်း ကျနော်တို့ကတော့ ဖမ်းဆီးအရေးယူမှာပါ။
မေး - ရွေးကောက်ပွဲမှာထွက်လာတဲ့ ရလဒ်ဟာ လက်ရှိတော်လှန်ရေးနဲ့ တိုင်းပြည်အခြေအနေမှာ အပြောင်းအလဲတစုံတခုရှိလာနိုင်ပါသလား။ ရှိမယ်ဆိုရင် ဘယ်လိုအပြောင်းအလဲမျိုးဖြစ်နိုင်လဲ။
ဖြေ - ဒီရွေးကောက်ပွဲက သူ့ဘာသူအရူးထပြီးလုပ်တဲ့ရွေးကောက်ပွဲသာဖြစ်တဲ့အတွက် ထွက်လာတဲ့ ရလဒ်ကတော့ လက်ရှိတော်လှန်ရေးနဲ့ တိုင်းပြည်ရဲ့အခြေအနေကို ဘာမှပြောင်းလဲမှာမဟုတ်ဘူး။ ဒါပေမဲ့ နိုင်ငံတကာက အဲဒီရွေးကောက်ပွဲအပေါ်မှာ ဘယ်လိုတုန့်ပြန်မလဲဆိုတာကိုတော့ တချက်စောင့်ကြည့်ရလိမ့်မယ်။ လက်ရှိပဲ အာဆီယံနိုင်ငံခြားရေးအစည်းအဝေးမှာ အာဆီယံအလှည့်ကျ ဥက္ကဌဖြစ်တဲ့ မလေးရှားနိုင်ငံဘက် ပြောသွားတာပေါ့နော်။ စစ်ကောင်စီရဲ့ရွေးကောက်ပွဲဟာ အာဆီယံက သတ်မှတ်ထားတဲ့ မြန်မာ့အရေးဦးစားပေးဖြေရှင်းတဲ့ထဲမှာ ဦးစားပေးမူတစ်ခုအဖြစ်မပါဝင်ဘူးလို့ ပြောသွားတာတော့ တွေ့ရပါတယ်။
မေး - စစ်ကောင်စီရဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး စိုးရိမ်နေတဲ့ ပြည်သူတွေကို ဘာများပြောချင်ပါသလဲ။
ဖြေ - လက်ရှိ နွေဦးတော်လှန်ရေးဖြစ်ပေါ်လာစေတဲ့ အခြေခံအကျဆုံးသဘောတရားထဲမှာ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို စစ်ကောင်စီက ပယ်ဖျက်ပြီး မတရားအာဏာသိမ်းရာကစတယ်လို့ ကျနော်တို့ ပြောလို့ရတယ်။ ပြည်သူလူထုသည် ၂၀၁၀ ရွေးကောက်ပွဲရော၊ ၂၀၁၅ ရွေးကောက်ပွဲရော၊ ၂၀၂၀ ရွေးကောက်ပွဲရောမှာ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး နောကြေနေပြီလို့ ပြောလို့ရတယ်။ ဆိုတော့ ရိုးရိုးသားသားမဲထည့်ထားတဲ့ ပြဿနာကိုဖြေရှင်းနိုင်တာမရှိဘဲ နောက်တပ် ရွေးကောက်ပွဲထပ်လုပ်တာဟာ စရိတ်ကုန်တာလောက်ပဲရှိမယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြည်သူနဲ့ တော်လှန်ရေးတပ်တွေကို ထပ်တိုးပြီး ဖိနှိပ်လာရင်လည်း ကျနော်တို့မှာက ရွေးစရာမရှိဘူးလေ။ နဂိုကတည်းကလည်း ကျနော်တို့က ခုခံတော်လှန်စစ်ဆင်နွှဲနေတာပဲ ကျနော်တို့လက်တွဲ ညီညီနဲ့ တိုးပြီး တော်လှန်ရေဂဆက်လုပ်စရာပဲရှိတယ်လို့ ပြောချင်ပါတယ်။
◉ ရဲဘော်ဘွန်း (ထားဝယ်ခရိုင်သပိတ်ကော်မတီ ပြန်ကြားရေးတာဝန်ခံ)
မေး - စစ်ကောင်စီက ထားဝယ်မြို့ပေါ်မှာ အီလက်ထရောနစ်စနစ်နဲ့ မဲပေးမယ်ဆိုပြီး သင်တန်းပေးတာတွေလုပ်ဆောင်နေပြီပေါ့နော်၊ ပြည်သူတွေကြားမှာရော ဘာတွေလုပ်ဆောင်လာတာကို မြင်ရလဲ။
ဖြေ - လောလောဆယ်ကတော့ ပြည်သူကြားမှာ လုပ်နေတာတွေ သိပ်မမြင်ရသေးဘူး။ အခုမမြင်ရသေးပေမဲ့ ရွေးကောက်ပွဲအတွက် ရည်ရွယ်ပြီး လုပ်နေတာတွေ၊ လူဦးရေစာရင်းကောက်တာတွေကတော့ကြာပြီပေါ့။ မဲစာရင်းပြုစုဖို့အတွက် လုပ်ထားတာတွေပေါ့နော်။ ဒါကြောင့် လုပ်မယ်ဆိုရင်တော့ သူတို့ဘက်က အကုန်လုံးအဆင်သင့်ဖြစ်နေပြီလို့ ထင်တယ်။ ထားဝယ်မြို့ ပေါ်တွေမှာတော့ အဆင့်သင့်ဖြစ်နေပြီလို့ ထင်တာပဲ။
မေး - စစ်ကောင်စီက ရွေးကောက်ပွဲကို မဖြစ်ဖြစ်တဲ့ပုံစံနဲ့လုပ်ဆောင်တော့မယ်ဆိုတာကတော့ သေချာနေပြီလို့ သုံးသပ်လို့ရပြီဆိုတော့ တနင်္ဿာရီတိုင်းမှာဆိုရင် ဘယ်လိုပုံစံမျိုးလုပ်ဆောင်လာနိုင်လဲ။
ဖြေ - သူတို့ကတော့ဖြစ်အောင်လုပ်ပါလိမ့်မယ်။ ကျနော်တို့ တိုင်းမှာဆိုရင် ကျနော်မြင်တာကတော့ သူတို့ထိန်းချုပ်ထားနိုင်တဲ့ ထားဝယ်မြို့ရှိမယ်၊ မြိတ်ရှိမယ်၊ ကော့သောင်းရှိမယ်။ အဲဒီမြို့ ပေါ် ဧရိယာတွေမှာတော့ သူတို့ မဖြစ်မနေလုပ်လိမ့်မယ်။ ပြီးတော့ ဥပမာ လောင်းလုံးမြို့နယ်ဆိုရင် တချို့သူတို့ထိန်းထားနိုင်တဲ့ သော့ကြာပြင်ရွာတို့ဘာတို့လောက်မှာ ရွေးကောက်ပွဲလုပ်နိုင်တယ်။ အဲလိုလုပ်ပြီးရင် လောင်းလုံးမြို့နယ်စာရင်းထဲထည့်လိမ့်မယ် ကျနော်တို့မြင်တာကပေါ့နော်။ ကျန်တဲ့နေရာတွေမှာလည်းအဲလိုပဲ လုပ်လိမ့်မယ်။ သူတို့လုပ်လို့ရတဲ့နေရာမှာလုပ်ပြီး မြို့နယ်စာရင်းအနေနဲ့လုပ်လိမ့်မယ်။ မြို့နယ်စုံအောင်လုပ်ပြီး ဘယ်မြို့နယ်ရဲ့ ရလဒ်ဆိုပြီး လုပ်လိမ့်မယ်လို့ ကျနော်တို့ထင်တယ်။
မေး - စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ အတုအယောင်ရွေးကောက်ပွဲဖြစ်တာကြောင့် သပိတ်မှောက်ကြဖို့ဆိုပြီး သပိတ်ကော်မတီက နှိုးဆော်တာတွေ ဆက်တိုက်လုပ်ခဲ့တာကို တွေ့ရတယ်။ အခုစစ်ကောင်စီပြင်ဆင်လာတဲ့ ရွေးကောက်ပွဲပုံစံမှာ ပြည်သူတွေအနေနဲ့ ဘယ်လိုပုံစံနဲ့ ဆန့်ကျင် သပိတ်မှောက်လို့ရမလဲ။ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ဒေသက ပြည်သူတွေကို ဘာများပြောချင်ပါသလဲ။
ဖြေ - ကျနော်တို့ကတော့ ရွေးကောက်ပွဲတိုင်းကို ဆန့်ကျင်တာမဟုတ်ဘူး။ ဒါပေမဲ့ အခုစစ်ကောင်စီလုပ်မယ့်ရွေးကောက်ပွဲဟာ တဖက်သတ် ပြည်သူရဲ့ ဆန္ဒကို ဘယ်လိုမှကိုယ်စားပြုနိုင်မှာမဟုတ်ဘူး။ ဘာကြောင့်လဲဆိုရင် တကယ်ပြည်သူထောက်ခံမှုရှိတဲ့ ပါတီတွေ NLD တို့ဘာတို့ပေါ့ဗျာ။ ရှမ်းမှာဆိုရင်လည်း ရှမ်းပါတီတွေ၊ ရခိုင်ဆိုရင်လည်း ရခိုင်ပါတီတွေ အဲဒီပါတီတွေက ရွေးကောက်ပွဲမဝင်ဘူး။ အခုက သူတို့နိုင်ဖို့အတွက် သီးသန့်လုပ်တဲ့ ပြည်သူ့ဆန္ဒကို မထင်ဟပ်တဲ့ ရွေးကောက်ပွဲဖြစ်တဲ့အတွက် ကျနော်တို့ သပိတ်မှောက်ရတာဖြစ်တယ်ပေါ့။ ပြည်သူတွေကတော့ ဘယ်လိုသပိတ်မှောက်လို့ရမလဲဆိုရင် ကျနော်တို့ မြင်တာက ပထမတဆင့်က ရွေးကောက်ပွဲမဲသွားမပေးဘဲနေတဲ့နည်းနဲ့ ဆန့်ကျင်လို့ရတယ်ဗျာ။ ဒါပေမဲ့ တစ်ခုသေချာတာကတော့ သူတို့ထိန်းချုပ်ထားတဲ့နေရာတွေမှာ မဲလာမပေးရင်အရေးယူတာမျိုးရှိနိုင်တယ်။ အဲဒီလိုလုပ်လို့ မပေးမနေရလို့ ပေးရရင်လည်း ဘာကိုမှမပေးဘဲ စာရွက်ပဲထည့်လိုက်တာတို့လိုပေါ့ အဲဒီနည်းနဲ့ဆန့်ကျင်လို့ရမယ်လို့ ထင်ပါတယ်။
မေး - ရွေးကောက်ပွဲမှာထွက်လာတဲ့ ရလဒ်ဟာ လက်ရှိတော်လှန်ရေးနဲ့ တိုင်းပြည်အခြေအနေမှာ အပြောင်းအလဲတစုံတခုရှိလာနိုင်ပါသလား။ ရှိမယ်ဆိုရင် ဘယ်လိုအပြောင်းအလဲမျိုးဖြစ်နိုင်လဲ။
ဖြေ - အပြောင်းအလဲကတော့ ရှိလာလိမ့်မယ်လို့ထင်တယ်။ ကျနော်မြင်တာကတော့ ကောင်းတဲ့ဘက်ကိုပြောင်းလဲတာမဟုတ်ဘဲ ဆိုးတဲ့ဘက်ကို ပြောင်းလဲတာမျိုးပဲပို မြင်တယ်။ ရွေးကောက်ပွဲကိုဦးတည်ပြီး ပဋိပက္ခတွေ ပိုဖြစ်လာနိုင်တယ်။ ဘယ်လိုတွေလဲဆိုတော့ ရွေးကောက်ပွဲမှာ ပါဝင်ပတ်သက်တဲ့ စစ်ကောင်စီဝန်ထမ်းတွေကို တဖက်ကနေ ပစ်ခတ်သတ်ဖြတ်တာတွေ ပြီးတော့ ရွေးကောက်ပွဲလုပ်တဲ့နေရာတွေမှာ ဗုံးကွဲတာမျိုးတွေ ဖြစ်လာနိုင်တာပေါ့နော်။ စစ်ကောင်စီက ရွေးကောက်ပွဲလုပ်တယ်ဆိုပေမဲ့ သူတို့ပဲအာဏာကိုထိန်းချုပ်ထားတဲ့ အစိုးရပဲဖြစ်မှာဆိုတော့ အုပ်ချုပ်မှုပိုင်းဆိုင်ရာမှာတော့ ဘာမှမထူးဘူး။ ဒါပေမဲ့ ရွေးကောက်ပွဲကို ဦးတည်ပြီး ပဋိပက္ခတွေကတော့ အများကြီးထပ်တိုးလာလိမ့်မယ်လို့ ကျနော်မြင်တယ်။
The Tanintharyi Times
