လာမယ့်ဒီဇင်ဘာ(သို့မဟုတ်)ဇန်နဝါရီမှာ ရွေးကောက်ပွဲကျင်းပဖို့ရှိပြီး ရုရှားနဲ့ဘယ်လာရုစ် ကူညီမယ်လို့ စစ်ခေါင်းဆောင်ပြော

လာမယ့်ဒီဇင်ဘာ(သို့မဟုတ်)ဇန်နဝါရီမှာ ရွေးကောက်ပွဲကျင်းပဖို့ရှိပြီး ရုရှားနဲ့ဘယ်လာရုစ် ကူညီမယ်လို့ စစ်ခေါင်းဆောင်ပြော

ဓာတ်ပုံ - စစ်ကောင်စီပြန်ကြားရေး

စစ်ကောင်စီက ကျင်းပပြုလုပ်ဖို့ ကြိုးပမ်းနေတဲ့ အထွေထွေရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာလ ဒါမှမဟုတ် ဇန်နဝါရီလအတွင်း ကျင်းပဖို့ရှိနေပြီး ဒီရွေးကောက်ပွဲကို ရုရှားနဲ့ ဘယ်လာရုစ်နိုင်ငံတွေက ကူညီမယ်လို့ အာဏာသိမ်းစစ်ခေါင်ဆောင်က ရုရှားခရီးစဉ်အတွင်း ပြောဆိုခဲ့ပါတယ်။

ရုရှားနဲ့ ဘယ်လာရုစ်နိုင်ငံက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို အားပေးထောက်ခံပြီး ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအတွက်လည်း ကိုယ်စာလှယ်တွေ စေလွှတ်ပြီး ကူညီမယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။

“ရွေးကောက်ပွဲလုပ်မယ့်အခြေအနေလည်း ကျွန်တော်ရှင်းပြတယ်။ ရှင်းပြတော့ သူတို့ ဒါကိုလည်း အားပေးထောက်ခံတဲ့အတွက်ကြောင့် သူတို့ဆီက ကိုယ်စားလှယ်လွှတ်ပြီးတော့ လာပြီးတော့ ရွေးကောက်ပွဲမှာ အကဲလာပြီး ကြည့်ပေးမယ့် အကြောင်းလည်း သူတို့ပြောတာရှိတယ်” လို့ သူက စစ်ကောင်စီ ဝါဒဖြန့်မီဒီယာတွေနဲ့ တွေ့ဆုံချိန်မှာ ပြောဆိုခဲ့ပါတယ်။

ဒီမိုကရေစီတကယ်လိုချင်ရင် သူ့ကို ဆန့်ကျင်တာတွေမလုပ်ဘဲ ပူပေါင်းဆောင်ရွက်ပါလို့လည်း သူက ပြောဆိုပါတယ်။

“နောက်တစ်ခုကလည်း ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲလုပ်မယ်လို့ ကျွန်တော်ပြောခဲ့တာရှိတယ်၊ ဒါကို ကျွန်တော်တို့ ခိုင်ခိုင်မာမာလုပ်မှာပါ ၊ပါတီစုံဒီမိုကရေစီစနစ်ကို တကယ်လိုချင်လို့ရှိရင် ကဏ္ဍကောစလုပ်မနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ပဲလိုပါတယ်၊ အဲ့ဒါလုပ်မယ်ဆိုလို့ရှိရင် ကျွန်တော်တို့နိုင်ငံ မုချအောင်မြင်ရမယ်ဗျ၊ မုချအောင်မြင်ရမယ် ကျွန်တော်ဒါကို ပြောရဲပါတယ်၊ ပြည်သူတွေကို ကျွန်တော် ဒါလေးတော့ ကျွန်တော့်ဘက်က သဘောထားပေါ့ဗျာ” လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ရွေးကောက်ပွဲကျင်းပမယ့်အချိန်နဲ့ပက်သက်လို့ ထပ်လောင်းအတည်ပြုပြောထားတာပါတယ်။

” ကျွန်တော် မြန်မာနိုင်ငံမှာ အားလုံးသိတဲ့အတိုင်းပဲ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ အစောဆုံးသည် ဒီဇင်ဘာလ နောက်ဆုံးအပတ်၊ နောက်အကျဆုံးသည် ဇန်နဝါရီလ ဒုတိယအပတ်လောက်မှာဖြစ်မယ်” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ရွေးကောက်ပွဲနဲ့ပက်သက်ပြီး ရုရှားခရီးစဉ်အပြီးမှာ အခုလိုဘဲ ထုတ်ဖော်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီဘက်ကတော့ ၂၀၂၅ခုနှစ်အတွင်း ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေသလို တဖက်မှာလည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)အပါအဝင် တော်လှန်ရေးအင်အားစုတွေဘက်ကတော့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ထားပြီး အတုအယောင်ရွေးကောက်ပွဲသာဖြစ်တယ်လို့ သဘောထားထုတ်ပြန်ထားတာတွေ ရှိနေပါတယ်။

The Tanintharyi Times