ရွေးကောက်ပွဲလုပ်ငန်းစဥ်မှာ ပါဝင်နေတဲ့ ဝန်ထမ်းတွေ ဆက်လက်လုပ်ဆောင်နေရင် လိုအပ်သလိုအရေးယူမယ်လို့ တနင်္သာရီ – ပအဖ သတိပေး
ရွေးကောက်ပွဲလုပ်ငန်းစဥ်မှာ ပါဝင်နေတဲ့ ဝန်ထမ်းတွေ ဆက်လက်လုပ်ဆောင်နေရင် လိုအပ်သလိုအရေးယူမယ်လို့ တနင်္သာရီ – ပအဖ သတိပေး

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲလုပ်ငန်းစဥ်တွေမှာ ပူးပေါင်းပါဝင်နေတဲ့ဝန်ထမ်းတွေ ဆက်လက်လုပ်ဆောင်ရင် လိုအပ်သလိုအရေးယူဆောင်ရွက်သွားမယ်လို့ တနင်္သာရီမြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့က အသိပေးလိုက်ပါတယ်။
စစ်ကောင်စီဟာ တနင်္သာရီမြို့နယ်အတွင်းက ရပ်ရွာတွေမှာ ရွေးကောက်ပွဲအတွက် မဲစာရင်းကောက်ယူတာအပါအဝင် တခြားရွေးကောက်ပွဲလုပ်ငန်းစဥ်တွေကို သူတို့ရဲ့လက်ပါးစေတွေက စတင်လုပ်ဆောင်နေပြီလို့ ဆိုပါတယ်။
အဲဒီလုပ်ငန်းစဥ်တွေမှာ ထွေအုပ်၊ လဝကနဲ့ ဆက်စပ်နေတဲ့ တခြားဌာနဆိုင်ရာဝန်ထမ်းတွေပူပေါင်းလုပ်ဆောင်နေတာကြောင့် ဆက်လက်ပူးပေါင်းမလုပ်ဆောင်ဖို့ အသိပေးလိုက်တာပဲ ဖြစ်ပါတယ်။
စစ်ကောင်စီဟာ ပြည်သူတွေအပေါ် ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်တာတွေ အပြင်မီးရှို့ဖျက်ဆီးတာတွေကြောင့် ပြည်တွင်းပြည်ပက ဆန့်ကျင်တဲ့ဖိအားကိုရင်ဆိုင်နေရချိန် အတုအယောင်ရွေးကောက်ပွဲကို ကျင်းပပြီး ထွက်ပေါက်ရှာတာဖြစ်တယ်လို့ သတိပေးစာထဲမှာ ရေးသားထားပါတယ်။
လက်ရှိမှာ တနင်္သာရီမြို့နယ်ဟာ ပြည်သူတွေ၊ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ စည်းစည်းလုံးလုံးကြိုးပမ်းအားထုတ်မှုကြောင့် အတိုင်းအတာတစ်ခုအထိ နယ်မြေစိုးမိုးမှုတွေရရှိနေပြီလို့ ဆိုပါတယ်။
အဲဒါကြောင့် စစ်ကောင်စီကျင်းပတဲ့အတုအယောင်ရွေးကောက်ပွဲကို လက်ခံမှာမဟုတ်ပဲ နည်းလမ်းမျိုးစုံနဲ့ ဆန့်ကျင်သွားမယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
The Tanintharyi Times