တစ်ပတ်တာ မြန်မာ
တစ်ပတ်တာ မြန်မာ
နိုင်ငံတဝှမ်းမှာ မေလ ၁၁ ရက်ကနေ ၁၇ ရက်အထိ တစ်ပတ်တာအတွင်း ဖြစ်ပေါ်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားဖြစ်စဉ် ၁၁ ခုကို ကောက်နှုတ်ပြီး တနင်္သာရီတိုင်းမ်စာဖတ်သူတွေအတွက် တင်ပြလိုက်ပါတယ်။
၁။ လေးမျက်နာမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်နေ
ဧရာဝတီတိုင်းထဲက လေးမျက်နာမြို့နယ်အတွင်းမှာ အာရက္ခတပ်တော်(AA)နဲ့ ပူးပေါင်းတပ်တွေဟာ စစ်ကောင်စီနဲ့ တိုက်ပွဲပြင်းထန်နေပါတယ်။ စစ်ကောင်စီကလေကြောင်းကနေ ဗုံးကြဲနေလို့ ဒေသခံတွေ စစ်ဘေးရှောင်နေကြရပါတယ်။ အခုနှစ် ဇန်နဝါရီလကတည်းက ဧရာဝတီတိုင်း ရွှေသောင်ယံမြို့၊ သာပေါင်းမြို့နယ်တို့မှာ စတင်ခဲ့တဲ့ တိုက်ပွဲတွေဟာ တိုင်းထဲက ရေကြည်၊ လေးမျက်နှာနဲ့ အင်္ဂပူမြို့နယ်ကြား ပုသိမ်-မုံရွာလမ်းကြောအထိပါ ရောက်ရှိလာခဲ့ပါတယ်။ လေးမျက်နှာမြို့နယ်ထဲက ပန်းတောကြီးရွာကို အာရက္ခတပ်တော်(AA)နဲ့ ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ဧပြီလ ၁၇ရက်က သိမ်းယူခဲ့ရာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်နေခဲ့ပါတယ်။

၂။ မြင်းခြံခရိုင်ရှိ စစ်တပ်အထိုင်စခန်းတွေကို PDF တွေ တပြိုင်နက်တိုက်ခိုက်
ရေကြည်မြို့နယ်နဲ့ ထိစပ်နေတဲ့ ကျေးရွာအချို့မှာလည်း အခုလ ၁၄ရက်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။ မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ စစ်ကောင်စီတပ်အထိုင်စခန်း ငါးနေရာထက်မနည်းကို အခုလ ၁၅ရက်က စတင်ကာ တော်လှန်ရေးပူးပေါင်းတပ်တွေက တပြိုင်နက်ဝင်ရောက်တိုက်ခိုက်ကြောင်း လူထုနွေဦးက သတင်းရေးသားထားပါတယ်။ မြင်းခြံမြို့နယ်မှာဆိုရင် ဆီမီးခုံ၊ ကျောက်ပြုတ်ကစခန်း၊ နွားထိုးကြီးမြို့နယ်မှာ ဝက်လူး၊ တရုတ်-မြန်မာဓါတ်ငွေ့ပိုက်လိုင်းအစောင့်ဂိတ်စခန်းနဲ့ နွားထိုးကြီးမြို့ပေါ် နဲ့ တောင်သာမြို့နယ်က ထနှောင်းကုန်းစတဲ့ နေရာတွေက စစ်ကောင်စီစခန်းတွေ ပါဝင်တယ်လို့ ဆိုပါတယ်။ ကျောက်ပြုတ်တိုက်ပွဲက လွဲလို့ ကျန်တဲ့နေရာတွေမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တယ်လို့ ဒေသခံတော်လှန်ရေး သတင်းရင်းမြစ်က ပြောထားပါတယ်။ မြင်းခြံမြို့နယ် ဆီမီးခုံမြို့ရှိ စစ်ကောင်စီအထိုင်စခန်းကို တိုက်ခိုက်ချိန်မှာ လေကြောင်းက ဗုံးကြဲမှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင် ငါးဦး၊ ကျည်ထိမှန်လို့ တပ်ဖွဲ့ဝင် တစ်ဦး ကျဆုံးခဲ့ ပါတယ်။
၃။ စစ်ကောင်စီရဲ့ မော်ကွီးလုတပ်စခန်းကို KNU သိမ်းပိုက်
KNU ရဲ့ ဘားအံခရိုင် တပ်မဟာ(၇)နယ်မြေရှိ စစ်ကောင်စီရဲ့ မော်ကွီးလုတပ်စခန်းကို အခုလ ၁၆ရက်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီရဲ့ ခလရ(၂၄) တပ်ရင်း အခြေစိုက်တပ်စွဲထားတဲ့ အဆိုပါစခန်းကို တပ်မဟာ(၇) လက်အောက်ခံ KNLAနဲ့ KNDO တို့က သိမ်းပိုက်နိုင်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတွေ သေဆုံးထိခိုက်မှု၊ လက်နက်ခဲယမ်းရရှိမှု အခြေအနေတွေကို မဖော်ပြပေမယ့် တပ်စခန်းအတွင်း ထိခိုက်ပျက်စီးမှု အခြေအနေတွေကို မှတ်တမ်းဓာတ်ပုံတွေ ထုတ်ပြန်ထားပါတယ်။ KNU က ဧပြီလကုန်ပိုင်းကနေ အခုလအထိ စစ်ကောင်စီတပ်စွဲရာ နေရာနဲ့ တပ်စခန်း ရှစ်ခုထက်မနည်းကို တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။
၄။ တာလယ်ဗျူဟာစခန်းတိုက်ခိုက်သိမ်းပိုက်ချိန်မှာ စစ်ကောင်စီတပ်က ဗိုလ်ကြီးအပါအဝင် ၉ဦးသေလို့ KNUထုတ်ပြန်
လှိုင်းဘွဲ့မြို့နယ်ရှိ တပ်မဟာ(၇) နယ်မြေအတွင်းနှစ်ပေါင်း ၄၀နီးပါးတပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ တာလယ်ဗျူဟာစခန်းကို သိမ်းပိုက်ရရှိကြောင်း KNU ဗဟိုက အခုလ ၁၅ရက်က ထုတ်ပြန်ပါတယ်။ တညာကျိုး(ခေါ်) တာလယ်စခန်းကို ၁၉၈၆ခုနှစ်မှာ မြန်မာစစ်တပ်က စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး အခုလ ၁၃ရက်မှာတော့ KNUက ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါစခန်းမှာ စစ်ကောင်စီရဲ့ ခလရ (၂၄) တပ်ရင်းနဲ့ အမြောက်တပ် အမတ (၃၁၁) တပ်ရင်းတို့ အခြေစိုက်ပါတယ်။

တပ်မဟာ (၇) လက်အောက်ခံ KNLAနဲ့ KNDO တို့က ပြန်လည် တိုက်ခိုက် သိမ်းပိုက်ခဲ့တာ ဖြစ်ပြီး စစ်ကောင်စီအမြောက်တပ်က ဗိုလ်ကြီး တစ်ဦးအပါ အဝင် စစ်ကောင်စီတပ်သား ကိုးဦး သေဆုံးခဲ့ကာ ခလရ (၂၄) ဒုတပ်ရင်းမှူးမှာ ထွက်ပြေးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်ကောင်စီတပ်သားတွေကို လိုက်လံဖမ်းဆီးနေတယ်လို့ KNUက အသိပေးထားပါတယ်။
၅။ အိုးတိန်တွင်းရွာစာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရမှု စုစုပေါင်းသေဆုံးသူ ၂၄ဦးရှိလာ
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ အခုလ ၁၂ရက်က ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် သေဆုံးသူအရေအတွက်ဟာ ၂၄ဦးအထိ ရှိလာပြီလို့ ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က အခုလ ၁၄ ရက်က ထုတ်ပြန်ပါတယ်။ သေဆုံးသူတွေက ကျောင်းသားကျောင်းသူ ၂၂ ဦးနဲ့ ဆရာမ နှစ်ဦးဖြစ်ပါတယ်။
မြေပြင်စာရင်း ကောက်ယူမှုအရ လေကြောင်းတိုက် ခိုက်ခံရမှုကြောင့် ဒဏ်ရာရသူက ၁၀၂ဦးရှိတယ်လို့ ဒီပဲယင်းပကဖက ပြောထားပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ ကတော့ စာသင်ကျောင်းကို စစ်ကောင်စီကြဲခဲ့တဲ့ဗုံးက နိုင်ငံတကာမှာ အသုံးပြုခွင့်တားမြစ်ထားတဲ့ အဆင့်ဆင့်ပေါက်ကွဲစေတဲ့ကလူစတာ(cluster )ဗုံး ဖြစ်တယ်လို့ ပြောထားပါတယ်။ စစ်ကောင်စီကတော့ ဒီဖြစ်စဥ်က သူတို့ လုပ်တာမဟုတ်ဘူးလို့ ငြင်းဆန်နေပါတယ်။

၆။ ကျောက်တော်မြို့ ကို စစ်ကောင်စီက လေကြောင်းကနေ နှစ်ရက်ဆက်တိုက်ခိုက် အရပ်သား ၉ဦး သေဆုံး
ရခိုင်ပြည်၊ ကျောက်တော်မြို့ ရွာမရပ်ကွက်ကို အခုလ ၁၄နဲ့ ၁၅ရက်မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ကိုးဦး သေဆုံးပြီး ကိုးဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဂျက်တိုက်လေယာဥ်နဲ့ ဗုံးကြဲခဲ့လို့ ၁၅ ရက်နေ့က ဒေသခံ ခုနှစ်ဦးသေဆုံးကာ နှစ်ဦး ဒစ်ရာရခဲ့ပြီး ၁၄ ရက်နေ့မှာ နှစ်ဦးသေဆုံးကာ ငါးဦး ဒဏ်ရာရခဲ့တာပါ။ အခုလ ၁၃ ရက်ကလည်း ရသေ့တောင်မြို့နယ်၊ ထွန်းရဝေရွာဟောင်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား ၁၂ဦးသေဆုံးပြီး ၂၃ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

၇။ KIO ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဂမ်ရှောင်ဦးဆောင်ပြီး မဟာမိတ်တွေနဲ့ တွေ့ဆုံဆွေးနွေး
ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA)ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဂွမ်ထန်ဂမ်ရှောင် ဦးဆောင်တဲ့ KIO ကိုယ်စားလှယ်အဖွဲ့က ဧပြီလကုန်မှစပြီး ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ၀ဒေသကို သွားရောက်ပြီး မဟာမိတ်တပ် တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း လူထုနွေဦးသတင်းဌာနက ဖော်ပြပါတယ်။ KIO ကိုယ်စားလှယ်အဖွဲ့မှာ ဗိုလ်ချုပ်ကြီး ဂမ်ရှောင်၊ KIO အုပ်ချုပ်ရေး ဌာနမှူး ဗိုလ်မှူးကြီး လဖိုင်ဇော်ရော်၊ မဟာမိတ်ဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်မှူးကြီး ဘရန်နန်၊ ဗိုလ်မှူးကြီး ဆင်ဝါး၊ ရှမ်းမြောက်တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တာဝန်ရှိသူတို့ ပါဝင်ပြီး ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP/UWSA) ဌာနချုပ် ပန်ဆန်းမှာ အခုလပထမအပတ်က ကျင်းပတဲ့ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC) အစည်းအဝေး တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် တအာင်းတပ်နဲ့ လူထုအစည်းအဝေးပွဲ လုပ်ဖို့ ညှိနှိုင်းဖို့သီးသန့်တွေ့ဆုံကြမှာ ရှိသလို ရှမ်းတပ်(SSPP)နဲ့လည်း တွေ့ပြီးပြီလို့ သတင်းအရင်းအမြစ်က လူထုနွေဦးကို ပြောထားပါတယ်။
၈။ ကယန်းမှာ သတ္တုတူးဖော်မှုရပ်ဆိုင်းရေးတောင်းဆိုတဲ့ ပရာဒေါင်းဆွေမျိုးစုဥက္ကဌနဲ့ လူငယ်အတွင်းရေးမှူးတို့ကို ကယန်းပြည်သစ်ပါတီ ဖမ်းဆီး
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ကယန်းဒေသရှိ မြင်းမထိတောင်မှာ လုပ်ဆောင်နေတဲ့ သတ္တုတူးဖော်မှုကို ရပ်ဆိုင်းဖို့ တောင်းဆိုတဲ့ ပရာဒေါင်းဆွေမျိုးစုဥက္ကဌ ကိုအောင်နိုင်စိုး၊ နာယကဦးဘမောင်နဲ့ လူငယ်အတွင်းရေးမှူးကိုမင်းနိုင်တို့ကို ကယန်းပြည်သစ်ပါတီက အခုလ ၁၆ ရက်က ဖမ်းဆီးခေါ်ဆောင် သွားခဲ့ပါတယ်။ ဆန္ဒပြနေတဲ့ကာလမှာပဲ ညှိနှိုင်းမယ်ဆိုပြီး ခေါ်သွားတာဖြစ်ကြောင်း အုပ်ချုပ်ရေးအိမ်ရောက်စဥ် လက်ထိပ်နဲ့ခေါ်သွားကြောင်း ဖြစ်စဥ်ကို တွေ့မြင်ခဲ့ရတဲ့ သိကျိတ်ရွာခံတစ်ဦးက သတင်းဌာနတွေကို ပြောထားပါတယ်။ သိကျိတ်ကျေးရွာရှိ မြင်းမထိတောင်ပေါ်မှာ ကယန်းပြည်သစ်ပါတီ(KNLP) ဥက္ကဌဦးသန်းစိုးနိုင်ရဲ့ လေးပွင့်ကြယ်ကုမ္ပဏီနဲ့ မစ္စတာဝမ်ကုမ္ပဏီတို့ သတ္တုတူးဖော်နေတာ ဖြစ်ပါတယ်။ KNDF ဒုတိယစစ်ဦးစီးချုပ် မာဝီကတော့ အမြန်ဆုံးချက်ချင်းပြန်လွှတ်ပေးရမယ်။ဒါဟာမဖြစ်သင့်တဲ့ ကိစ္စဖြစ်တယ်။ လူထုကို ဆန့်ကျင်ဖက်ဖြစ်ရင် လူထုရဲ့ အမုန်းပဲ ခံရလိမ့်မယ်"လို့ ပရာဒေါင်းဆွေမျိုးစု လူငယ်တွေ ဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး သူရဲ့ ဖေ့ဘွခ်မှာ မှတ်ချက်ပေး ရေးသားထားပါတယ်။
၉။ သံအမတ်ကြီးအိမ်ကနေ ဖယ်မပေးလို့ ဗြိတိန်ဆိုင်ရာ မြန်မာသံအမတ်ကြီး တရားစွဲခံရ
သံအမတ်ကြီး နေအိမ်ကို လက်လွှဲပေးဖို့ ငြင်းဆိုမှုအတွက် ဗြိတိန်နိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်စွာမင်းကို တရားစွဲဆိုထားကြောင်း ဗြိတိန် ရဲတပ်ဖွဲ့က ပြောပါတယ်။ ဦးကျော်စွာမင်းဟာ၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး လန်ဒန်မှာရှိတဲ့ သံအမတ်ကြီး နေအိမ်ထဲမှာ ဆက်လက် နေထိုင်နေတာပါ။ သံအမတ်ကြီး ဦးကျော်စွာမင်းကို စစ်ကောင်စီက ရာထူးကဖယ်ရှားပြီး သံတမန်အသစ်အစားထိုးခန့်အပ်မယ်လို့ ကြေညာခဲ့ပေမယ် သံအမတ်ကြီးက နေအိမ်ကို မြန်မာသံရုံးဆီပြန်လွှဲမပေးဘဲ တောက်လျှောက် ငြင်းဆန်နေ ထိုင်ခဲ့တာ ဖြစ်ပါတယ်။ နေအိမ်ကိုလွှဲပြောင်းပေးဖို့ သူ့ရဲ့ငြင်းဆန်နေမှုတွေကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်မှာပဲ တရားစွဲဆို ထားခဲ့တာလို့ ဗြိတိန် ရဲတပ်ဖွဲ့က ပြောပါတယ်။ ဦးကျော်စွာမင်းဟာ အခုလ ၃၀ ရက်မှာ ဝက်စ်မင်စတာ တရားရုံးမှာ သွားရောက် လျှောက်ထားဖို့ လိုတယ်လို့ ရဲတွေက ပြောပါတယ်။
၁၀။ တရုတ်က စစ်ကောင်စီအပေါ် စစ်ရေးအထောက်အပံ့နဲ့ ကြားဝင်စွက်ဖက်မှုက လွဲမှားတဲ့ လောင်းကြေးထပ်တာလို့ အထူးအကြံပေးကောင်စီထုတ်ပြန်
စစ်ကောင်စီအတွက် တရုတ်နိုင်ငံရဲ့ စစ်ရေးအထောက်အပံ့ပေးမှုနဲ့ မျက်နှာပြောင်တိုက် ကြားဝင်စွက်ဖက်နေမှုက လွဲမှားစွာ လောင်းကြေးထပ်ခြင်းဖြစ်ပြီး စစ်အုပ်စုကျဆုံးတဲ့ အခါမှာ မြန်မာပြည်သူတွေက တရုတ်နိုင်ငံရဲ့ လုပ်ရပ်တွေအပေါ် အမှတ်ရနေလိမ့်မယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)က စာထုတ်ပြန် ပြောဆိုလိုက်ပါတယ်။ SAC-M ကောင်စီဟာ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူး ကိုယ်စားလှယ်အဖြစ် တာဝန်ယူခဲ့သူ မစ္စယန်ဟီးလီအပါအဝင် ကုလသမဂ္ဂဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ အဲ့ဒီအဖွဲ့က အခုလ ၁၅ ရက်က ထုတ်ပြန်တဲ့စာမှာ တရုတ်အစိုးရဟာ မြန်မာနိုင်ငံရေးမှာ ပါဝင်ပတ်သက်နေပြီး စစ်ကောင်စီကို အထောက်အပံ့ပေးနေတာ၊ လားရှိုးမြို့ကနေ ကိုးကန့်တပ် MNDAA ပြန်လည်ဆုတ်ခွာအောင် ဖိအားပေးခဲ့တာတွေအပေါ်ပြင်းပြင်းထန်ထန် ဝေဖန်ထားပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း ကြားဝင်စွက်ဖက်မှုတွေမှာ မိမိအကျိုးစီးပွားကိုသာ ရှေးရှုနေပြီး အဲ့ဒီလုပ်ရပ်တွေက မြန်မာပြည်သူတွေအတွက် စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို ထိခိုက်စေတယ်လို့ ရေးထားပါတယ်။
၁၁။ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကန့်ကွက်ကြောင်း တောင်ကိုရီးယားမှာ ဆန္ဒထုတ်ဖော်
စစ်ကောင်စီတပ်ရဲ့ လတ်တလော လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုကန့်ကွက်ကြောင်း ဆန္ဒဖော်ထုတ်ပွဲကို တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ မှာ အခုလ ၁၆ ရက်က ပြုလုပ်ခဲ့ပါတယ်။ ထိုပွဲမှာ တောင်ကိုရီးယားနိုင်ငံရှိ မြင်းခြံ GZအဖွဲ့နဲ့ ဗိုလ်သံချောင်းထောက်ပို့အဖွဲ့က ဦးဆောင်ကာ Yaw-Funding-ကိုရီးယား၊ ကြောက်ခေတ်ကို မှောက်ပစ်မယ်ညီနောင်များ အသောကသုခအဖွဲ့-ဂူမီ၊ ကလေးကဘော်ညီနောင်များ၊ ရေစကြိုအဖွဲ့နဲ့ ကိုလင်းထက်အောင်(ပြည်သူ့ရင်ခွင်)တို့ ပါဝင်ပြီး တော်လှန်ပြည်သူတွေ လာရောက် အားဖြည့်ဝန်းရံခဲ့ကြပါတယ်။
The Tanintharyi Times
