လိပ်ပြာလုံသူတို့ ထမ်းထားတဲ့ ခေတ်ဝန်များ

လိပ်ပြာလုံသူတို့ ထမ်းထားတဲ့ ခေတ်ဝန်များ

ခေတ်ကြီးက တောင်းဆိုလို့လား
စနစ်ကြီးက တောင်းဆိုလို့လား
အင်္ဂတေမခြောက်သေးတဲ့ အုတ်ဂူတွေဟာ
တစ်နေ့တခြား ပိုပိုများလာလေရဲ့။

ဝမ်းနည်းမှတ်တမ်းတွေလား
အားမာန်တင်းတဲ့ လွမ်းချင်းတွေလား
မျက်ရည်တစ်ပေါက် သွေးတစ်စက်နဲ့
ရက်ခြယ်ဖွဲ့သီထားတဲ့ တေးချင်းတွေသာ
လွင့်ပျံ ပျံ့လွင့်နေလေရဲ့။

လူ့ဂုဏ်သိက္ခာ အဝီစိရောက်နေတဲ့ စနစ်ဆိုးကြီးအောက်မှာ
ငါ့လိပ်ပြာက ငါ့ကို ခြောက်လှန့်လာတဲ့အခါ
ငါဟာ …
ခေတ်ဝန်ကိုထမ်း ခေတ်လမ်းကိုလျှောက်ခဲ့ပေါ့။

‘တော်လှန်ရေး’ တဲ့
လေးလံလွန်းတဲ့ ဝန်ထုပ်ကြီးကို ထမ်းလို့
အိမ်နဲ့ ဝေးကြရ
ချစ်သူခင်သူနဲ့ ဝေးကြရ
ရှင်သန်ခြင်း ဖြစ်စဉ်နဲ့ ဝေးကြရ
ဝေးကွာမှုပေါင်းများစွာကိုပဲ တသသ ထွေးပွေ့ကြရ။

လိပ်ပြာလုံလုံနဲ့ အသက်ရှင်ဖို့
လိပ်ပြာလုံလုံနဲ့ သေဆုံးဖို့
ဘယ်လောက်အထိ ခက်ခဲသလဲဆိုတာ
ခေတ်ဝန်ထမ်းသူတို့ရဲ့
အုတ်ဂူထဲက စိတ်နှလုံးသား ဝိဉာဏ်တွေဟာ
သက်သေထူနေရှာလေရဲ့။

ငြိမ်းပန်

The Tanintharyi Times