အမျိုးသားထု သတိထားရမယ့် ဆီးကျိတ်ဝေဒနာ
အမျိုးသားထု သတိထားရမယ့် ဆီးကျိတ်ဝေဒနာ
အမျိုးသားတွေအဖြစ်များဆုံး ကင်ဆာတွေထဲမှာ ဒုတိယလိုက်နေတာကတော့ ဆီးကျိတ်ကင်ဆာပဲဖြစ် ပါတယ်။ အဲဒါကြောင့် အမျိုးသားတွေအနေနဲ့ ဆီးကျိတ်ကျန်းမာစေဖို့ ဘယ်လိုနေရထိုင်ရမယ်ဆိုတာ ပြောပြပေးပါမယ်။
ဆီးကျိတ်ကင်ဆာထက် ဆီးကျိတ်ရောင်တဲ့ ဝေဒနာအကြောင်းလည်းသိထားသင့်ပါတယ်။
ဆီးကျိတ်ရောင်တာကို သုံးမျိုးခွဲခြားနိုင်ပါတယ်
(၁) ရုတ်တရက် ဆီးကျိတ်ရောင်တာ
(၂) နာတာရှည် ဆီးကျိတ်ရောင်တာ
(၃) အပေါ်နှစ်ခုစလုံးက ဘက်တီးရီးယားကြောင့် ဆီးကျိတ်ရောင်တာတွေဖြစ်ပေမယ့် ဘက်တီးရီးယား ကြောင့် မဟုတ်ဘဲနဲ့လည်း ဆီးကျိတ်ရောင်တတ်ပါတယ်။
ဆီးကျိတ်ရောင်တာနဲ့ပတ်သက်ပြီး အဖြစ်များတဲ့ လက္ခဏာတွေကတော့
- ဆီးသွားတဲ့အခါ အလျှင်စလိုသွားလိုတာ
- ဆီးသွားတဲ့အခါ နာကျင်တာ
- တခါတလေ ဗိုက်အောင့်တာ
- ညဘက်မှာ ဆီးပိုသွားတာ
- လိင်ဆက်ဆံတဲ့အခါ နာကျင်နေတာမျိုးတွေပဲဖြစ်ပါတယ်။
ဆီးကျိတ်ရောင်တာကို ဖြစ်ပွားစေနိုင်သောအကြောင်းများ
- စိတ်ဖိစီးတာ
- မျိုးရိုးလိုက်တာ
- ရေဓာတ်ခမ်းခြောက်တာ
- ခန္ဓာကိုယ်အလေးချိန်များတာ
- သက်လတ်ပိုင်းနဲ့သက်ကြီးပိုင်းအရွယ် (အသက်သုံးဆယ်ကျော်မှ ငါးဆယ်ကျော်နောက်ပိုင်း) တို့ဖြစ်ပါတယ်။
အပေါ်မှာ ဖော်ပြခဲ့တဲ့ ဆီးကျိတ်ရောင်တာနဲ့ ဆီးကျိတ်ကင်ဆာတို့ကင်းဝေးစေဖို့ ဆောင်ရန်ရှောင်ရန်တွေကတော့
- ခန္ဓာကိုယ်အလေးချိန်က များနေရင် သင့်တော်တဲ့ လေ့ကျင့်ခန်းပြုလုပ်ပြီး ကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးဖို့လိုပါတယ်
- ရေဓာတ်ပြည့်ဝနေစေဖို့ ရေကိုအလုံအလောက်သောက်ပေးဖို့လိုပါတယ်
- အထိုင်များတဲ့သူဆိုရင် မကြာခဏ မတ်တပ်ရပ်ပေးသင့်ပါတယ်
- အနီရောင်အသားကို လျော့စားပေးသင့်ပါတယ်
- တစ်နေ့တာအတွက် သင့်တော်တဲ့ ကိုယ်လက်လှုပ်ရှားမှုကိုပြုလုပ်ပေးသင့်ပါတယ်
- ဆေးလိပ်သောက်တာကိုလည်း ရှောင်ကြဉ်သင့်ပါတယ်
- အသင့်အစားအစာ (ခေါက်ဆွဲခြောက်၊အသားကင်)တွေကို ရှောင်ကြဉ်သင့်ပါတယ်
- အရက်အလွန်အကျွံ့သောက်တာမျိုးကိုလည်း ရှောင်ကြဉ်သင့်ပါတယ်
- ဆီးကျိတ်ကိုဖိပြီး ကြာရှည်ထိုင်တာမျိုးမဖြစ်စေဖို့ သတိပြုရပါမယ်
တဆက်တည်း ဆီးကျိတ်ကင်ဆာဝေဒနာခံစားရသူတို့ရဲ့ လက္ခဏာများကိုပါ သိထားဖို့ပြောပြပေးလိုပါတယ်။ အဲဒီလက္ခဏာတွေကတော့
- ဆီးသွားရင် သွေးပါတာ
- ဆီးသွားတဲ့အခါ ပူနေတာ၊ နာနေတာ
- ဆီးတစ်ခါသွားရဖို့အရေး အင်မတန်အားစိုက်ထုတ်ရတာ
- သုက်ရည်ထဲမှာသွေးပါတာ စတာတွေပဲ ဖြစ်ပါတယ်။
ဆီးကျိတ်ကျန်းမာနေစေဖို့အသီးအရွက်များများစားပေးသင့်ပါတယ် ။ ဆီးကျိတ်နဲ့သင့်တော်တဲ့ဓာတ်စာ တစ်မျိုးကိုလည်း ပြောပြပေးလိုပါတယ်။ ဒါကတော့အလွယ်တကူရနိုင်တဲ့ ခရမ်းချဉ်သီးပါ။ ခရမ်းချဉ်သီးအမှည့်ကိုပြုတ်ပါ။ အစေ့ဖယ်ထုတ်ပြီး အသားကို မကြာခဏစားပေးတာဟာ ဆီးကျိတ်အတွက် သင့်တော်တဲ့ ဓာတ်စာဖြစ်ပါတယ်။
(ဆောင်းပါးရှင် PKN ဟာ တိုင်းရင်းဆေးတက္ကသိုလ်က ( B.M.T.M) ဘွဲ့ရ တိုင်းရင်းဆေးဆရာတစ်ဦးဖြစ်ပါတယ်။)
PKN
The Tanintharyi Times
