ထမင်းရည် အတွေး

ထမင်းရည် အတွေး

မီးက ပျက်လွန်းတယ်။ ပျက်လွန်းတော့ ထမင်းကို ဂက်စ်မီးဖိုနဲ့ ဒါမှမဟုတ် မီးသွေးမီးဖိုနဲ့ ချက်ရတယ်။ ဘယ်လို ပဲချက်ချက် ပုံမှန်ရေခမ်းချက်နေကြပေမဲ့ ဒီနေ့တော့ ထမင်းရည်သောက်ချင်စိတ်ဖြစ်တာနဲ့ ရေငှဲ့ချက်ဖြစ်တယ်။ ထမင်းရည်ငှဲ့နေတုန်း ဒီဘက်ခေတ်ထဲ ထမင်းရည်ဆိုတာကို လူမပြောနဲ့ ခွေးတွေတောင် သိကြသေးရဲ့လား မသိဘူး လို့ တွေးမိတယ်။

ထမင်းပေါင်းအိုးပေါ်လာပြီးနောက်ပိုင်းနဲ့ လူမှုစရိုက်သဘာဝပုံစံ အပြောင်းအလဲဖြစ်လာတဲ့ အခြေအနေမှာ ထမင်းရည်ဆိုတာ အိမ်မီးဖိုချောင်မှာ ပျောက်ဆုံးသွားတဲ့ အရာတစ်ခုလိုဖြစ်ခဲ့တာ ကြာပြီလို့ဆိုရမယ်။ ကိုယ်ကိုယ်တိုင် တောင် ထမင်းရည်မသောက်ဖြစ်တာ ဆယ်စုနှစ် ဘယ်နှခုလောက်တောင် ရှိနေပြီမှန်း မသိဘူး။ နောက်ဆုံးအကြိမ် ထမင်းရည်သောက်ဖြစ်ခဲ့တာ ဘယ်တုန်းကလဲ သေချာအမှတ်မရတော့ဘူး။

ငယ်ငယ်တုန်းကတော့ ထမင်းရည်ဆိုတာ တောနေနေ ၊ မြို့နေနေ အခြေခံလူတန်းစား‌ တော်တော်များများအတွက် မနက်ခင်းသောက်ရတတ်တဲ့ နံနက်စာတစ်မျိုးပါပဲ။ ထမင်းရည်ပူပူထဲကို ဆားလေးအနည်းငယ်ခပ်ပြီး မော့သောက် ၊မှုတ်သောက်ရတာ အရသာတစ်မျိုးထူးခြားပါတယ်။  ငွေအကုန်အကျမဖြစ်ဘဲ အာဟာရလည်းဖြစ်စေတဲ့အရာမို့ အခြေခံလူတန်းစားအများစုက ထမင်းရည်ကို သောက်လေ့ရှိတတ်ကြတယ်။

တစ်ခါတလေ ထမင်းရည်ထဲ ထမင်းကြမ်းခဲလေးထည့် ၊ ကုလားပဲခြမ်းကြော် ၊ ငါးခြောက်ထောင်း စတာလေးတွေ ထည့်ပြီး သောက်ရတဲ့အခါမျိုးဆို တကယ့်ကို နတ်သုဒ္ဓါပါပဲ။

ကိုယ်ကတော့ ထမင်းရည်ထဲကို ထမင်းကြမ်းထည့်တာထက် ထမင်းရည်ငှဲ့တုန်းမှာထမင်းပါအောင်ငှဲ့ပြီး အဲဒီထမင်း စေ့လေးတွေနဲ့ သောက်ရတာကို ပိုပြီးသဘောကျတယ်။ ငါးနီတူခြောက်ကြော်လေး၊ ငါးခြောက်ဖုတ်လေးနဲ့သာ သောက်ရတယ်ဆို အဲဒီနေ့ ပျော်မဆုံးရှိတော့တာမျိုးပါပဲ။

ထမင်းရည်က အာဟာရအပြင် ကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်တာပါပဲ။ ဝမ်းချုပ်တာ၊ အပူများတာမျိုးဆိုလည်း ထမင်းရည်သောက်၊ ပျောက်ပဲ။ ကျီးကန်းပါးစပ်လို အနာဆိုလည်း အနာပေါ်ထမင်းရည်ပွတ် လိမ်းလိုက်ရင် ပျောက်သွားတာပဲ။ ကိုယ့်အိမ် ထမင်းရည်မရှိရင် လမ်းထဲရှိတဲ့အိမ် တောင်းသောက်လိုက်တာပဲ ။ နို့စို့ဖော်၊ နို့စို့ဖက်လိုမျိုး ထမင်းရည်သောက်ဖော်၊ ထမင်းရည်သောက်ဖက်လည်း အဲဒီတုန်းက ရှိခဲ့တယ်။

ထမင်းရည်သောက်တာကို ကိုယ်တွေ ငယ်ငယ်တုန်းက ခွေးမှော်သွင်းတယ်လို့ အိမ်မှာပြောလေ့ရှိတယ်။ အဓိပ္ပာယ် ကတော့ ခွေးတွေလို သန်မာအားကောင်းအောင် သူတို့အစာကိုစားပြီး မှော်သွင်းတယ်ဆိုတာမျိုးပေါ့။

အဲဒီတုန်းက အိမ်မွေးခွေး ၊ လမ်းဘေးခွေးတွေအများစုရဲ့ အစာအာဟာရကလည်း ထမင်းရည်ပါပဲ။ အိမ်တိုင်းကလည်း ထမင်းရည်ငှဲ့ချက်ကြတော့ အိမ်မှာ မသောက်ဖြစ်ရင်ပဲဖြစ်ဖြစ်၊ သောက်လို့ပိုတာပဲဖြစ်ဖြစ် မီးဖိုချောင် ထဲက ခွေးစာအိုးထဲ ငှဲ့သွန်ထားလေ့ရှိတတ်ကြတယ်။ အဲဒီတုန်းက အိမ်တိုင်းနီးပါးမှာ ခွေးစာအိုး ၊ ဝက်စာအိုးဆိုတာ ရှိတတ်ကြတယ်။

ခွေးစားကျွေးတဲ့သူ ၊ ဝက်မွေးထားတဲ့သူတွေအတွက် အခမဲ့ရတဲ့ အထောက်အပံ့မျိုးပေါ့။ ညနေဆို ရပ်ကွက်ထဲ အိမ် ပေါက်စေ့ ခွေးစာ ၊ ဝက်စာ လိုက်စုပြီး ပြန်ကျွေးကြပေါ့။

လမ်းဘေးခွေးတွေကို အစာကျွေးမယ့်သူကလည်း အိမ်ပေါက်စေ့လိုက်ပြီး အဲဒီခွေးစာအိုးထဲက ထမင်းရည်တွေကို စု ၊ လမ်းဘေးခွေးတွေကို ကျွေးတတ်ကြသလို၊ အိမ်မွေးခွေးတွေလည်း အိမ်ရှေ့ စဉ့်အင်တုံခွေးစာခွက်ထဲ ထည့်သွန် ပေးထားတဲ့ အဲဒီထမင်းရည်ကိုပဲ စားသောက်ကြရတာမျိုးပါပဲ။

ပြန်တွေးကြည့်တော့လည်း လွမ်းစရာပါပဲ။ ထမင်းရည်နဲ့ပတ်သက်ရင် ရပ်ကွက်ထဲ အိမ်ပေါက်စေ့ ထမင်းရည်လိုက် တောင်းစုပြီး ရှိသမျှ လမ်းဘေးခွေးအစုံကို အစာကျွေးခဲ့တဲ့ အဒေါ်ကြီးကိုလည်း အမှတ်ရမိတယ်။ အဲဒီအဒေါ်ကြီး ဟာ မနက်ခင်းတစ်ကြိမ် ညနေခင်းတစ်ကြိမ် ရပ်ကွက်ထဲက အိမ်တွေမှာ ထမင်းရည်နဲ့ အစားအစာအကြွင်းအကျန် တွေ လိုက်လံစုဆောင်းပြီး ရပ်ကွက်အနှံ့က ခွေးတွေကို နေ့စဉ်မပြတ် အစာကျွေးခဲ့တာပါ။

ထမင်းရည်နဲ့ အစာဟောင်းတွေ စုပုံထည့်ထားတဲ့ ဒန်ရေပုံးတစ်ပုံးကိုဆွဲပြီး တုန်ချိချိသွားရင်း ခွေးစာကျွေးနေတဲ့ သူ့ ပုံရိပ်က တကယ်အမှတ်ရစရာပါပဲ။ အဲဒီလို ခွေးတွေကို အစာကျွေးလို့ မသေခင်ကတည်းက နတ်ပြည်မှာသူ့အတွက် ဗိမာန်ပေါ်နေတယ်လို့ တစ်မြို့လုံးက အဒေါ်ကြီးအကြောင်း ပြောစမှတ်ရှိခဲ့တာလည်း အမှတ်ရမိတယ်။

ဘာရယ်မဟုတ် ငယ်ငယ်တုန်းကလိုမျိုး ထမင်းရည်ထဲ ထမင်းစေ့လေးတွေပါအောင် ငှဲ့ပြီး ဆားအနည်းဖြူးလို့ မြေပဲ ကြော်လေးနဲ့သောက်ရင်း ဟိုတွေးဒီတွေးရင်း ထမင်းရည်ဆိုတာ အရင်တုန်းက ကျောင်းစာသင်ရိုးညွှန်းတမ်းမှာ တောင်ထည့်သွင်းသင်ကြား ပြောခဲ့ရသေးတာပဲလို့လည်း တွေးမိပြန်တယ်။  ဘုရင်က တိုင်းခန်းလှည့်လည်ချိန် ထမင်းရည်ကို မြေကြီးပေါ်သွန်ချနေတဲ့ သူဆင်းရဲမကို ဆုံးမတဲ့အထဲက ထမင်းရည်အကြောင်းပေါ့။ အခုတော့ အဲဒီစာ သင်ရိုးထဲ ဆက်ရှိနေသေးလားမပြောတတ်တော့ပါဘူး။

ပြောသာပြောတာပါ။ အခုက ထမင်းရည်ငှဲ့သောက်ပြီး မနက်ခင်းအဆာပြေအာဟာရ အခုအခံအဖြစ် စားသောက်နိုင်ကြဖို့ နေနေသာသာ ထမင်းတောင်ချက်စားဖို့ ဆန်မရှိတဲ့ ဘဝတွေက ပေါလောသောလော ရှိနေခဲ့ကြပြီ မဟုတ်လား။ ဆန်လေးရှိလို့ ထမင်းလေးချက်ပြီး ထမင်းရည်ငှဲ့ ကျွေးဖို့ဆိုတောင် သောက်မယ့် သားသမီးတွေလည်း တစစီ ဖြစ်ခဲ့ကြပြီမဟုတ်လား။

ညီမင်းဆက်

The Tanintharyi Times