တောင်အာဖရိကသမ္မတကို လူဖြူတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်နေသူလို့ ဒေါ်နယ်ထရမ့်စွပ်စွဲ

တောင်အာဖရိကသမ္မတကို လူဖြူတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်နေသူလို့ ဒေါ်နယ်ထရမ့်စွပ်စွဲ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က တောင်အာဖရိကသမ္မတ ရာမာဖိုဆာ ကို အိမ်ဖြူတော်မှာခေါ်ယူတွေ့ဆုံပြီး တောင်အာဖရိအစိုးရ က လူဖြူတွေကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်နေသူလို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။

ထရမ့်ရဲ့ အခုလိုပြောဆိုမှုကြောင့် ဒီတွေ့ဆုံပွဲဟာလည်း နှစ်နိုင်ငံ ကုန်သွယ်ရေးအတွက် ဆွေးနွေးပြောဆိုမယ့် စကားဝိုင်းတစ်ခုကနေ တင်းမာတဲ့အခြေအနေနဲ့ပြီးဆုံးသွားတယ်လို့ နိုင်ငံတကာသတင်းဌာနတွေကဖော်ပြပါတယ်။

ထရမ့်ရဲ့ “လူမျိုးတုံးသတ်ဖြတ်မှု” မမှန်မကန်စွပ်စွဲချက် ကြောင့် စကားအချေတင်များခဲ့ကြတယ်လို့ လည်းဆိုပါတယ်။

အိမ်ဖြူတော် ကိုလာရောက်လည်ပတ်တဲ့ တောင်အာဖရိကသမ္မတ ရာမာဖိုဆာ ကို သတင်းမီဒီယာတွေ ရှေ့မှာ ဒေါ်နယ်ထရမ့်က တောင်အာဖရိက အစိုးရဟာ နိုင်ငံတွင်းမှာ နေထိုင်တဲ့ လူဖြူတွေကို လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ပြီး ရည်ရွယ်ရှိရှိ နှိပ်စက်ညှဉ်းပန်း နေတယ်လို့ ပြောဆိုခဲ့ပါတယ်။

တောင်အာဖရိကသမ္မတကဘက်ကတော့ “တောင်အာဖရိကမှာ လူမျိုးတုံးသတ်ဖြတ်မှု မရှိပါဘူး” လို့ ပြတ်ပြတ်သားသားပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် တောင်အာဖရိကသမ္မတက ထရမ့်ကိုအေးအေးဆေးဆေး ပြောဆိုဆွေးနွေးဖို့ လည်း တိုက်တွန်းခဲ့ပြီး အလစ်အငိုက်တိုက်ခိုက်တာတွေ မလုပ်ဖို့ ပြောဆိုခဲ့ပါတယ်။

“ ကျွန်တော်ဒီကိုလာတာ Reality Show ပွဲတစ်ခုမှာပါဝင်ဖို့ လာတာမဟုတ်ဘူးမဟာဗျူဟာမြောက် ဆက်ဆံရေးကို ဘယ်လိုပြန်တည်ဆောက်လို့ရမလဲဆိုတဲ့ ရည်ရွယ်ချက်နဲ့လာခဲ့တာပါ” လို့လည်း ထရမ့်ကိုပြောကြား ခဲ့ပါတယ်။

ထရမ့်က အိမ်ဖြူတော် အိုဗယ် ရုံးခန်းမှာတောင်အာဖရိကနဲ့သက်ဆိုင်တဲ့ ဗီဒီယို ရုပ်သံ တခု ဖွင့်ပြသလို၊ ပရင့်ထုတ် ထားတဲ့ သတ်ဖြတ်မှု သတင်းတွေကို ထုတ်ပြပြီး တောင်အာဖရိကအစိုးရဟာ လူဖြူ လယ်သမားတွေ အပေါ် လူမျိုးသုဥ်း သတ်ဖြတ်မှုလုပ်ဆောင်နေတယ်လို့ ပြောဆိုခဲ့တာပါ။

အဲ့လို အချေတင်ဖြစ်နေတဲ့ အချိန်မှာ NBC သတင်းထောက် က ထရမ့် အစိုးရအဖွဲ့က ကာတာနိုင်ငံက ဒေါ်လာ သန်း ၄၀၀ တန် ဂျက်လေယာဉ် လက်ခံရယူမှုနဲ့ ပတ်သက်ပြီးမေးခွန်းထုတ်ခဲ့တာကြောင့် အိမ်ဖြူတော်က ထွက်သွားဖို့ ထရမ့်က မောင်းထုတ်ခဲ့ပါတယ်။

တောင်အာဖရိကမှာဌာနေအာဖရိကနွယ်ဖွားတွေ မြေယာပိုင်ဆိုင်ခွင့် နဲ့ပတ်သက်ပြီး မူဝါဒတွေပြန်လည် ရေးဆွဲနေတာကို အမေရိကန်သမ္မတ ထရမ့်နဲ့ ဘီလျံနာ အီလွန်မတ်စ် တို့က ပြင်းပြင်းထန်ထန်ဝေနေကြတာဖြစ်ပါတယ်။

လက်ရှိမှာတောင်အာဖရိကရဲ့ လူဖြူအရေအတွက်ဟာ နိုင်ငံလူဦးရေရဲ့ ၈ ရာခိုင်နှုန်းသာရှိပြီး ဒီလူဦးရေက တိုင်းပြည်ရဲ့ စိုက်ပျိုးမြေရဲ့ လေးပုံပုံ သုံးပုံကို ပိုင်ဆိုင်ထားပါတယ်။ နိုင်ငံရဲ့ ၈၀ ရာခိုင်နှုန်းလောက်ရှိတဲ့ လူမည်းတွေဟာ မြေယာပိုင်ဆိုင်မှု ၄ရာခိုင်နှုန်းသာရှိတာကြောင့် အစိုးရက ဌာနေ လူမျိုးစုတွေ မြေယာပြန်လည်ပိုင်ဆိုင်ခွင့်ရဖို့ လုပ်ဆောင်နေတာပါ။

တောင်အာဖရိကမှာ နှစ်ပေါင်းများစွာအုပ်ချုပ်ခဲ့တဲ့ လူဖြူ အပါသိုက် အစိုးရဟာ The Natives Land Act of 1913 ဥပဒေကိုရေးဆွဲခဲ့ပြီး “လူဖြူတွေနေထိုင်တဲ့နေရာများမှာ လူမည်းများမြေဝယ်ခွင့်မရှိ” ဆိုတာကို သတ်မှတ်ထားတာဖြစ်ပါတယ်။

အဲ့ဒီဥပဒေ တွေကိုပြန်လည်ပြောင်းလဲဖို့ ကြိုးပမ်းနေတဲ့ ရာမာဖိုဆာဦးဆောင်တဲ့အစိုးရကို လူဖြူတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်နေတာလို့စွပ်စွဲပြောဆိုခဲ့တာဖြစ်ပါတယ်။

ကိုးကား - CNN၊ဂါးဒီယန်း

(ယခုဘာသာပြန်သတင်းကို The Tanintharyi Times နဲ့ Connect Burma သတင်းခန်းတို့ပူးပေါင်းတင်ဆက်ပါတယ်)

The Tanintharyi Times