တစ်ပတ်တာ မြန်မာ
တစ်ပတ်တာ မြန်မာ
နိုင်ငံတဝှမ်းမှာ မေလ ၁၈ ရက်ကနေ ၂၄ရက်အထိ တစ်ပတ်တာအတွင်း ဖြစ်ပေါ်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားဖြစ်စဉ် ၁၂ ခုကို ကောက်နှုတ်ပြီး တနင်္သာရီတိုင်းမ်စာဖတ်သူတွေအတွက် တင်ပြလိုက်ပါတယ်။
၁။ တပ်မဟာ(၇)နယ်မြေ သောင်ရင်းမြစ်အခြေစိုက် စစ်ကောင်စီတပ်စခန်း ရှစ်ခုကို KNUသိမ်းပိုက်
ထိုင်း − မြန်မာနယ်စပ် သောင်ရင်းမြစ်အခြေစိုက် စစ်ကောင်စီတပ်စခန်း ရှစ်ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ တိုက်ပွဲဝင် တပ်ဗိုလ်၊ တပ်မှူးတွေနဲ့ ရဲဘော်ရဲဘက်တွေကို အခုလ ၂၁ ရက်က ဂုဏ်ပြုအခမ်းအနား ပြုလုပ်ခဲ့ပါတယ်။ တပ်မဟာ(၇)နယ်မြေအတွင်းမှာရှိတဲ့ အဲ့ဒီတပ်စခန်းရှစ်ခုကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၆ရက်ကနေ အခုနှစ် မေလ ၁၉ ရက်အထိ ငါးလအတွင်း တိုက်ခိုက်သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။ သိမ်းပိုက်ခဲ့တဲ့ စခန်းတွေက ထိုင်း-မြန်မာ နယ်စပ်ရှိ မော်ဖိုးခီး(မော်ဖိုးကေ)စခန်းအပြင် မော်ဖားသူး၊ တာလယ်၊ တခေါ်ဘီခွီး၊ ပူလူးတူ၊ ခလယ်ဒေး၊ မော်ကွီးလုနဲ့ လေးဝေါ်တို့ ဖြစ်ပါတယ်။ တိုက်ခိုက်မှုကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA တပ်မဟာ(၇) စစ်ရေးကွပ်ကဲမှု လက်အောက်ရှိ တပ်ရင်း (၂၂)တပ်ရင်းမှူး ဦးဆောင်ကာ KNLA ၊ KNDO တပ်ဗိုလ်၊ တပ်မှူးတွေနဲ့ ရဲဘော်၊ ရဲဘက်တွေ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။
၂။ မြဝတီမြို့ တောင်ဘက်က စစ်ကောင်စီစခန်းတွေကို KNU စတင်တိုက်ခိုက်၊ ဘလယ်ဒိုစခန်းကို သိမ်းပိုက်
ကရင်ပြည်နယ်၊ မြဝတီမြို့တောက်ဘက်၊ ဒေါနတောင်တန်းအရှေ့ခြမ်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရဲ့ ကနဲလေး စခန်းအပါအဝင် တပ်စခန်း လေးခုကို KNU တပ်မဟာ (၆) ဦးစီးတဲ့ ပူးပေါင်းတပ်က တိုက်ခိုက်နေ တယ်လို့ People’s Spring က သတင်းဖော်ပြပါတယ်။ အဲဒီ တပ်စခန်းတွေဟာ KNU တပ်မဟာ (၆) စစ်ရေးလှုပ်ရှားရာနယ်မြေထဲရှိတဲ့ ဝေါ်လေ၊ ကနဲလေး၊ ဘလက်ဒို၊ မော်ခီးနဲ့ သေဘောဘိုး ရွာတွေအနီး အခြေစိုက်တပ်စွဲထားတဲ့စခန်းတွေဖြစ်ပြီး အခုလ ၂၀ ရက်က စတင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဘလယ်ဒိုစခန်းကို အခုလ ၂၃ ရက်မှာ သိမ်းပိုက်နိုင်ခဲ့ကြောင်း KNU ဗဟိုက အသိပေးထားပြီး စစ်သုံ့ပန်းနဲ့ လက်နက်ခဲယမ်းတွေ ရရှိထားတယ်လို့ ဆိုပေမယ့် စာရင်းကိုတော့ ထုတ်ပြန်တာ မရှိသေးပါဘူး။ မြန်မာ ဘက်ခြမ်းက တိုက်ပွဲတွေကြောင့် နယ်စပ်တလျှောက်ကို ထိုင်းစစ်တပ်ကလည်း အနီးကပ် စောင့်ကြည့်နေပါတယ်။ သေဘောဘိုးနဲ့ မော်ခီး စခန်းတွေက ၂၀၂၂ ခုနှစ်အတွင်း KNU က သိမ်းယူခဲ့ဖူးပေမယ့် စစ်ကောင်စီတပ်က တန်ပြန်ထိုးစစ်ဆင်ခဲ့လို့ KNU က ပြန်လည်လက်လွှတ်ခဲ့ရတဲ့ စခန်းဖြစ်ပါတယ်။
၃။ ရဟတ်ယာဥ်တစ်စီးကို KIAပစ်ချ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်းတွေနဲ့ လက်နက် ၁၄လက်ထက်မနည်းတွေ့
ဗန်းမော်မြို့ကို စစ်ကူလာတဲ့ စစ်ကောင်စီရဟတ်ယာဉ် သုံးစီးကို KIA က ခုလ ၂၀ ရက်က ပစ်ချခဲ့ရာ နှစ်စီးပျက်စီးခဲ့ပြီး တစ်စီးက ရွှေကူမြို့နဲ့ ၁၅မိုင်ခန့်အကွာမှာရှိတဲ့ တောအတွင်းကို ပျက်ကျခဲ့ပါတယ်။ ရဟတ်ယာဉ်အပျက်အစီးရှိရာနေရာကို KIA ရဲဘော်တွေ သွားရောက်ကြည့်ရှုရာ မီးလောင်နေတဲ့ ရဟတ်ယာဉ် အပျက်စီးတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း၁၆ လောင်းနဲ့ လက်နက်တွေကို တွေ့ရှိခဲ့ပါတယ်။ မီးလောင်နေတဲ့နေရာကို သွားကြည့်ခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ရုပ်သံဖိုင်မှာ မီးလောင်ခြင်းမရှိတဲ့ စစ်ကောင်စီလေတပ်က ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးရဲ့ အလောင်းကိုလည်း တွေ့ရပါတယ်။ ပစ်ခတ်ခဲ့ပေမယ့် ပျက်ကျခြင်းမရှိခဲ့တဲ့ ရဟတ်ယာဥ်နောက်တစ်စီးက ရွှေကူမြို့မှာ အရေးပေါ် ဆင်းသက်ခဲ့ရာ KIA တပ်ဖွဲ့က အခုလ ၂၁ ရက်မှာ သွားရောက် တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

၄။ ရန်ကုန်ကိုဝင်လာတဲ့ PDF တွေကို ရှာဖွေဖမ်းဆီးဖို့ ဒုစစ်ခေါင်းဆောင်အမိန့်ပေး
ရန်ကုန်ကိုဝင်လာတဲ့ PDF တွေကို စစ်တပ်၊ ရဲနဲ့ ပူးပေါင်းအဖွဲ့တွေက ရှာဖွေဖော်ထုတ်ဖမ်းဆီးဖို့ ဒုစစ်ခေါင်း ဆောင်က အခုလ ၂၁ ရက်က ပြောပါတယ်။ ဒုဗိုလ်ချုပ်မှုးကြီးစိုးဝင်းနဲ့ အမှတ် (၅) စစ်ဆင်ရေးအထူးတပ်ဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်အဖွဲ့ တို့ဟာ တိုက်ကြီးတပ်နယ်မှာပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောဆိုခဲ့တာလို့ DVB က သတင်းဖော်ပြပါတယ်။ ရန်ကုန်ဝင်လာတဲ့ PDF တွေကို ရှာဖွေဖမ်းဆီးဖို့ ဧည့်စာရင်းစစ်တာ၊ လူစိမ်းအဝင်အထွက် မှတ်တမ်းယူတာတွေလုပ်ဖို့ တပ်ရင်းတွေကို ခေါ်ပြောတာလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့လ ၃၀ ရက်ကတည်းက သန်လျင်ခရိုင်၊ တွံ့တေးခရိုင်၊ အင်းစိန်ခရိုင်၊ လှည်းကူးခရိုင်နဲ့ တိုက်ကြီးခရိုင်တွေက ယာဥ်စစ်ဆေးဂိတ်နဲ့ တိုးဂိတ်တွေမှာ ရှာဖွေဖမ်းဆီးဖို့ စာထွက်ထားတယ်လို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်ကလည်း ပြောတယ်လို့ DVB က သတင်းဖော်ပြပါတယ်။
၅။ ရာမညမွန်တပ်တော် (RMA) ဖွဲ့စည်း
မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP (AD) နဲ့ မွန်ပြည်လွတ်မြောက်ရေး တပ်တော် (MLA) တို့ဟာ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးနဲ့ မွန်ပြည်ပေါ်ထွန်းရေးအတွက် ရည်ရွယ်ပြီး အခုလ ၂၄ ရက်မှာ ပေါင်းစည်းလိုက်ပါတယ်။ ပြီးနောက် “ရာမညမွန်တပ်တော်-Ramonnya Mon Army (RMA)” ကို ဖွဲ့စည်းခဲ့ပါတယ်။ NMSP (AD) နိုင်ငံရေးစစ်ရေးကော်မတီကို အဖွဲ့ဝင် ၂၆ ဦးနဲ့ ဖွဲ့စည်းကာ နိုင်ဇေယျကို ဥက္ကဋ္ဌ၊ နိုင်လယီကောင်းကို ဒုဥက္ကဋ္ဌ နဲ့ နိုင်ဗညားလယ်ကို အတွင်းရေးမှူးအဖြစ် ရွေးချယ်ခန့်အပ်ခဲ့ပါတယ်။ NMSP(AD)/RMA အနေနဲ့ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ မွန်ပြည်ပေါ်ထွန်းရေးအတွက် မဟာမိတ်တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေ၊ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့အတူ တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

၆။ ဆောင်းပြောင်းရွာတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံးပန်းအချို့နဲ့ လက်နက်တချို့ KNDF ဖမ်းမိ
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်ရှိ ဆောင်းပြောင်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်ပူးပေါင်းတပ်ကို တော်လှန်ရေးပူး ပေါင်းတပ်တွေက တိုက်ခိုက်ရာ လက်နက်နဲ့ စစ်သုံးပန်းအချို့ ကို ဖမ်းဆီးရမိခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တာဝန်ရှိသူ ကိုသာအယ်စိုးက People’s Spring ကို ပြောပါတယ်။ အခုလ ၁၇ ရက်က စတင်တိုက်ခိုက်ခဲ့တဲ့ ဆောင်းပြောင်းရွာတိုက်ပွဲမှာ စစ်ကောင်စီဘက်က လေကြောင်းပစ်ကူအပြင် ဖယ်ခုံမြို့ရှိ ခမရ (၃၃၆)တပ်ရင်းကနေ ရှော့တိုက်ဒုံးတွေ ၊ ဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ပါ ပစ်ကူပေးခဲ့ပါတယ်။ PNO ပြည်သူ့စစ် ဗိုလ်မှူး ခွန်ဆန်းအောင်က ဆောင်းပြောင်းကျေးရွာကို တော်လှန်ရေးပူးပေါင်းတပ်ထံ ပေးလိုက်ရကြောင်း ပြန်လည်ထိုးစစ်ဆင်နေကြောင်း သူရဲ့ လူမှုကွန်ရက်အကောင့်မှာ အခုလ ၂၁ ရက်က ရေးသားထားကြောင်း People’s Spring သတင်းအရ သိရပါတယ်။

၇။ ဖားကန့်မှာ တိုက်ပွဲတွေကြောင့် စစ်ရှောင် ၁၀၀၀ ကျော် ပိတ်မိနေ
ဖားကန့်သွားလမ်းပေါ်က တိုက်ပွဲတွေကြောင့် တောတောင်ယာခင်းတွေထဲ ပိတ်မိနေတဲ့ စစ်ရှောင်ထောင်ကျော်ဟာ လုံခြုံတဲ့နေရာကို အမြန်ဆုံးရောက်နိုင်ဖို့ လိုအပ်နေတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။ တိုက်ပွဲတွေက လဝါးနဲ့ နန့်ယားကျေးရွာအနီးတဝိုက်မှာ စစ်ကောင်စီ၊ ပြည်သူ့စစ်ပူးပေါင်းတပ်တွေနဲ့ KIA ပူးပေါင်းတပ်တွေကြား ဖြစ်နေတာပါ။ တိုက်ပွဲတွေကြောင့် လဝါး၊ နန့်ယား၊ ကပ်မှော်၊ ဆိုင်းဖရာ၊ နမ်တိန်၊ လုန်ဘရာ၊ ခွန်ဆိုင်ဇွပ်နဲ့ စဘော့တိုက စစ်ဘေးတိမ်းရှောင်တဲ့ ဒေသခံ ၂၅၀၀ ကျော်အထိ ရှိလာနေပါပြီး တောတောင်ယာခင်းတွေထဲ ပိတ်မိနေတဲ့ စစ်ရှောင် ၁၀၀၀ ကျော်ရှိနေပြီး တောထဲရှောင်တိမ်းနေသူတွေ နေမကောင်း နာမကျန်းဖြစ်ရင် ဆေးဝါးပစ္စည်းမရှိလို့ တိမ်းရှောင်ရင်း သေဆုံးသူ နှစ်ဦးရှိသွားပြီလို့ စစ်ရှောင်ကူညီပေးနေသူတွေက ပြောပါတယ်။ စစ်အင်အား ၅၀၀ ခန့်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ လေကြောင်းအကူနဲ့ ဆိုင်းဖရာကျေးရွာကို အခုလ ၇ ရက်က ဝင်ရောက်သွားနိုင်ခဲ့ပြီးနောက် တံတားညီနောင်နဲ့ ပျားအုံအထိ ရောက်ရှိလာပြီး KIA ရဲ့ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် တိုက်ပွဲပြင်းထန်နေတာပဲ ဖြစ်ပါတယ်။
၈။ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းခဲ့တာကြောင့် လျှပ်စစ်မီးမလောက်တာလို့ အာဏာသိမ်းစစ်ခေါင်းဆောင်ပြော
မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ရပ်ဆိုင်းခဲ့ရတာကြောင့် လျှပ်စစ်ဓာတ်အား ဖူလုံမှုမရှိဘူးလို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အခုလ ၂၀ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီရဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဒုတိယနေ့မှာ ပြောကြောင်း မြန်မာ့အလင်းသတင်းစာက ဖော်ပြပါတယ်။ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ရပ်ဆိုင်းခဲ့မှုမရှိပါက မဂ္ဂါဝပ် ၆,၀၀၀ ရရှိမည်ဖြစ်ပြီး၊ ရှိပြီးတဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေနဲ့ မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်းတို့ ပေါင်းစပ်လိုက်ရင် လျှပ်စစ်ဓာတ်အား လိုအပ်ချက် ပြည့်မီရုံသာမက ကျော်လွန်တဲ့ အနေအထားကိုပင် ရောက်ရှိနိုင်မယ်လို့ သူက ပြောပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ရေအားလျှပ်စစ်စီမံကိန်းတွေကို မြစ်ချောင်းတွေပေါ်မှာ ဆောင်ရွက်လို့ ရနိုင်ပေမဲ့ တချို့နေရာမှာ လုံခြုံရေးကြောင့် ရပ်ထားရသလို လုပ်ငန်းဆောင်ရွက်လို့မရတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် လုပ်ဆောင်လို့ရတဲ့ နေရာတွေကို ဖော်ထုတ်ဆောင်ရွက်သွားရမှာဖြစ်တယ်လို့လည်း စစ်ခေါင်းဆောင်ကပြောခဲ့တယ်လို့ ဖော်ပြထားပါတယ်။
၉။ စစ်ကောင်စီနဲ့ NUG တိုက်ရိုက်ဆွေးနွေးဖို့ အချိန်အခါ သင့်နေပြီလို့ မလေးရှား ဝန်ကြီးချုပ်ပြော
စစ်ကောင်စီနဲ့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) တို့အကြား တိုက်ရိုက် ဆွေးနွေးမှုတွေ စတင်ဖို့ သင့်တော်တဲ့ အခြေအနေ ဖြစ်လာပြီလို့ ယုံကြည်ကြောင်း မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က မလေးရှားရဲ့ အုပ်ချုပ်ရေး မြို့တော်ဖြစ်တဲ့ ပူထရာဂျာယာမှာ သတင်းထောက်တွေကို ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းကို ကိုးကားပြီး People’s Spring က သတင်းဖော်ပြပါတယ်။ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းဖို့အတွက် အဓိက ပြိုင်ဘက် အင်အားစု နှစ်ခုနဲ့ သီးခြားစီ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်နေခဲ့တာဟာ အခုဆိုရင် အသီးအပွင့်တွေ စတင် ရရှိလာနေပြီလို့ ယုံကြည်ကြောင်း အန်ဝါက ဆိုပါတယ်။ အဲဒီအတွက်လည်း နောက်တစ်ဆင့်အဖြစ် စစ်ကောင်စီနဲ့ NUGကြား ပထမဆုံးအကြိမ် တိုက်ရိုက် ဆွေးနွေးမယ့် အဆင့်မျိုး ပြင်ဆင်ပေးနိုင်ဖို့ မျှော်လင့်နေတယ်လို့ အန်ဝါက ဆိုပါတယ်။ စစ်ကောင်စီကတော့ ဒီကိစ္စအပေါ် ဘာမှတ်ချက်မှ မပေးသေးပါဘူး။ NUG ပြောရေးဆိုခွင့်ရ အရာရှိ ဦးနေဘုန်းလတ်ကတော့ တောင်းဆိုထားတဲ့ အခြေအနေ ၆ ခုကို လိုက်လျောရင် NUGဟာ စစ်ကောင်စီနဲ့ တွေ့ဆုံမယ်လို့ တုံ့ပြန်ထားပါတယ်။
၁၀။ စစ်မှုထမ်းအကျုံးဝင်သူတွေကို ရခိုင်ပြည်ပြင်ပ ထွက်ခွင့် AA ကန့်သတ်
ရခိုင်ပြည်က စစ်မှုထမ်းသက်အကျုံးဝင်တဲ့ လူငယ်တွေကို ပြင်ပကိုထွက်ခွင့်မပြုဘူးလို့ အာရက္ခတပ်တော် (AA) က အခုလ ၂၂ ရက်မှာ ကြေညာပါတယ်။ အသက် ၁၈ ကနေ ၂၅ အရွယ် အမျိုးသမီးတွေနဲ့ အသက် ၁၈ နှစ် ကနေ ၄၅ နှစ်အရွယ် အမျိုးသားတွေ စစ်မှုထမ်းရမယ့် အမျိုးသား ကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဋ္ဌာန်းချက်ကို မတ်လ ၂၅ ရက်မှာ AAက ထုတ်ပြန်ခဲ့ပါတယ်။ စစ်မှုမထမ်းလိုတာကြောင့် ရခိုင်ပြည်ပြင်ပကိုထွက်ပြေးဖို့ ကြိုးစားနေကြသူတွေ ရှိနေသလို သူတို့ကို အခကြေးငွေယူပြီး သယ်ယူပို့ဆောင်ပေးနေတဲ့သူတွေလည်း ရှိလာတာကြောင့် တည်ငြိမ်တဲ့စစ်ရေးအခြေအနေတစ်ခု ရောက်တဲ့အထိ ရခိုင်ပြည်ပြင်ပကို သွားလာခွင့်မပြုတော့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်၊ AA က ထုတ်ပြချက်မှာတော့ စည်းကမ်း မလိုက်နာသူတွေကို အရေးယူမယ်လို့တော့ မဖော်ပြထားပါဘူး။ စစ်ကောင်စီထိန်းချုပ်ဒေသတွေမှာ ရခိုင်မှတ်ပုံတင် ကိုင်ဆောင်ထားသူတွေကို ရည်ရွယ်ချက်ရှိရှိ ဖမ်းဆီးငွေညစ်ခံနေရတာ၊ ပုဒ်မ အမျိုးမျိုးတပ်ပြီး ထောင်ချခံနေရတာနဲ့ သတ်ဖြတ်ခံနေရတာတွေကနေ လွတ်ဖို့အတွက် အခုလိုတားမြစ်ရတာလည်း ဖြစ်တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။
၁၁။ စစ်ကောင်စီနဲ့ အဆက်အသွယ်ဖြတ်ဖို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌကို အရပ်ဖက်အဖွဲ့အစည်းတွေ အိတ်ဖွင့်စာပို့
အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ မလေးရှားဝန်ကြီးချုပ်ကို စစ်ကောင်စီနဲ့အဆက်အသွယ်ဖြတ်ဖို့ အရပ်ဖက် အဖွဲ့အစည်း ၂၈၅ ဖွဲ့က အာဆီယံထိပ်သီးအစည်းအဝေး မစခင် အိတ်ဖွင့်စာပို့လိုက်ပါတယ်။ မလေးရှားဝန် ကြီးချုပ်ကို လိပ်မူထားတဲ့ မေလ ၂၁ ရက်နေ့ ရက်စွဲနဲ့ အိတ်ဖွင့်ပေးစာကို တခြားအာဆီယံနိုင်ငံတွေရဲ့ ခေါင်းဆောင်တွေဆီကိုလည်း ပူးတွဲပေးပို့ထားတယ်လို့ သိရပါတယ်။ မလေးရှားအနေနဲ့ မြန်မာ့အကျပ်အတည်း ကို ဖြေရှင်းတဲ့အခါ ပြတ်ပြတ်သားသား ဦးဆောင်မှု ပြသဖို့နဲ့ အာဆီယံအနေနဲ့ စစ်အုပ်စုနဲ့ ထိတွေ့ဆက်ဆံမှု တွေကို အားလုံးရပ်ဆိုင်းဖို့လည်း စာမှာ ရေးသားထားပါတယ်။ အာဆီယံအနေနဲ့ မြန်မာရဲ့ တရားဝင်ကိုယ်စားလှယ်တွေအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ လူမျိုးစုတော်လှန်ရေးအဖွဲ့အစည်းတွေကို အသိအမှတ်ပြု ဆက်ဆံဖို့လည်း အိတ်ဖွင့်ပေးစာမှာ တောင်းဆိုထားပါတယ်။
၁၂။ တောင်ဆူဒန်ဆီ နယ်နှင်လိုက်တဲ့ တရားမဝင်ရွှေ့ပြောင်းအခြေချသူတွေထဲမှာ အမေရိကန်က မြန်မာတစ်ဦးပါဝင်
အမေရိကန်ရဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ရှေ့နေတွေက မြန်မာနဲ့ ဗီယက်နမ် နိုင်ငံသား တစ်ဦးစီအပါအဝင် တရားမဝင်ရွှေ့ပြောင်းအခြေချသူ ၁၂ ဦးကို အခုလ ၂၀ ရက်နေ့က တောင်ဆူဒန် နိုင်ငံကို ပို့ဆောင်လိုက်ပါတယ်။ တောင်ဆူဒန်ဟာ ၂၀၁၁ ခုနှစ်တုန်းကမှ ဆူဒန်ကနေ ခွဲထွက်ခဲ့တဲ့ တောင်အာဖရိက နိုင်ငံငယ် တစ်ခုဖြစ်ပြီး ပြည်တွင်းစစ်၊ ဆင်းရဲကျပ်တည်းမှုတွေနဲ့ ရုန်းကန်နေရတာပါ။ အစိုးရ ရှေ့နေအီလီယာနစ်ပီယာ့ဇ်ကတော့ မြန်မာရွှေ့ပြောင်းအခြေချသူတစ်ဦးကို တောင်ဆူဒန်ဆီ ပို့ဆောင်ခဲ့တယ်ဆိုတဲ့ အချက်ကို ငြင်းဆိုပြီး ဇာတိနိုင်ငံဆီ ပြန်ပို့ခဲ့တာလို့ ပြောပါတယ်။ မြန်မာအပါအဝင် နိုင်ငံခြားသားတွေကို တောင်ဆူဒန်ဆီ နယ်နှင်ခဲ့တဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အမိန့်ဟာ တရားရေးအရ ဖြေရှင်းရမယ့် အခြေအနေတွေရှိလာနိုင် တယ်လို့ အမေရိကန်ဖက်ဒရယ်တရားသူကြီးတဦးက သတိပေးခဲ့ပါတယ်။

The Tanintharyi Times
