“တနေ့တာ မြန်မာ”

“တနေ့တာ မြန်မာ”

ဓာတ်ပုံ - Gunmaw Sumlut Facebook

အောက်တိုဘာ ၂၄ ရက်၊ ဒီကနေ့မှာ နိုင်ငံတဝှမ်း ဖြစ်ပေါ်နေတဲ့ သတင်းတွေထဲကက ထူးခြားဖြစ်စဉ်တွေကို ကောက်နှုတ်ပြီးတနင်္သာရီတိုင်းမ် စာဖတ်သူတွေအတွက် တင်ပြလိုက်ပါတယ်။

“စစ်​ကောင်စီတပ်ရဲ့ အောင်ဂျာစခန်းရှိ KIA ရဲဘော်တွေကို ဒုဗိုလ်ချုပ်ကြီးဂွန်မော်သွား​ရောက်အား​ပေး”

ကချင်ပြည်နယ် မိုးမောက်မြို့နယ် အောင်ဂျာ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ရှေ့တန်းစစ်မြေပြင်ရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) စစ်သည်တွေကို ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးဂွန်မော်က မနေ့ကညမှာ သွားရောက်တွေ့ဆုံခဲ့ပါတယ်။အခုလ၂၀ရက်က အောင်ဂျာစခန်းကို KIAနဲ့ မဟာမိတ်အဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ၂၃ရက်မှာ သွားရောက်ခဲ့တာပါ။ အခုနှစ်ဇူလိုင်လမှာ စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာပြီးနောက် သုံးလကျော်ကြာ တိုက်ပွဲ ပြင်းထန်ခဲ့တဲ့ အောင်ဂျာဒေသမှာ စခန်းသိမ်းတိုက်ပွဲပြီးနောက် စစ်ကောင်စီတပ်သားတွေ လုံး၀မရှိတော့ဘူးလို့ People Springs က ရေးသားထားပါတယ်။ တိုက်ပွဲပြင်းထန်နေချိန်မှာ စစ်ကောင်စီဘက် မြေပြင်မှ ရိက္ခာ ခဲယမ်းဖြည့်တင်းနိုင်ခြင်းမရှိဘဲ လေကြောင်းမှ လေထီးနဲ့ ရိက္ခာ ခဲယမ်းတွေ ချပေးခဲ့ရပါတယ်။

“လိုင်လွမ့်စခန်းကုန်းကရှေ့တန်းတပ်သားတွေအတွက် လေယာဉ်ပေါ်မှချပေးတဲ့ ထမင်းကြော် လွန်ခဲ့တဲ့ ၂ နှစ်ကျော်က ထမင်းကြော်ဖြစ်နေ”

စစ်ကောင်စီတပ်က ၎င်းတို့ရှေ့တန်းစခန်းကို လေကြောင်းကတစ်ဆင့် ချပေးခဲ့တဲ့ထမင်းကြော်တွေက အာဏာသိမ်းခဲ့တဲ့ကာလက ထုတ်လုပ်ခဲ့တဲ့ ထမင်းကြော်တွေဖြစ်နေကြောင်း ကချင်လွတ်မြောက်ရေးတပ် (KIA) ရဲ့ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က သူ့ရဲ့ဖေ့စ် ဘုတ်လူမှုကွန်ရက်စာမျက်နှာမှာ မနေ့ကရေးသားခဲ့ပါတယ်။စစ်ကောင်စီတပ်ဟာ ၎င်းတို့ရှေ့တန်းတပ်သားတွေအတွက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ဟုရေးသားထားတဲ့ နှစ်ချီကြာမြင့်နေတဲ့ ထမင်းကြော်တွေကို ပို့ဆောင်ပေးခဲ့တာကြောင့် ထမင်းကြော်ရရှိခဲ့တဲ့ စစ်ကောင်စီတပ်သား မသေဆုံးခင် မည်ကဲ့သို့ ခံစားသွားရမည်ကို တွေးတောမိကြောင်း ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က ရေးသားထားပါတယ်။ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က အခုလ ၂၀ ရက်နေ့က သိမ်းပိုက်ခဲ့တဲ့ လိုင်လွမ့်ရှေ့တန်းစခန်းသို့ သွားရောက်ကာ KIA စစ်သည်တွေကို အားပေးစကားပြောကြားခဲ့ပါတယ်။

“တရုတ်အစိုးရ ဖမ်းထားတဲ့ ကိုးကန့်လုပ်ငန်းရှင် ၁၁ ဦး အဆက်အသွယ်မရ”

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် လင်ချန်းမြို့ ကကုန်စည်ပြပွဲသွား‌တက်ရင်း အဖမ်းခံလိုက်ရတဲ့ ကိုးကန့်ဒေသက လုပ်ငန်းရှင် ၁၁ ဦး ဒီနေ့ တစ်လနီးပါးကြာတဲ့အထိ အဆက်အသွယ် မရသေးဘူးလို့ မိသားစုနဲ့ နီးစပ်သူတွေက RFA ကိုပြောပါတယ်။ သူတို့ ၁၁ ဦး လင်ချန်းမြို့မှာရောက်ရှိနေစဉ် တရုတ်ရဲတပ်ဖွဲ့က သူတို့တည်းခိုရာ ဟိုတယ်တွေမှာ နာမည်နဲ့တကွ လာရောက်ဖမ်းဆီးသွားတာပါ။ အဖမ်းခံရသူတွေထဲမှာ ကိုးကန့်ဒေသ ကာစီနိုနဲ့ ဟိုတယ်လုပ်ငန်းပိုင်ရှင် Fully Light အုပ်စု ဒါရိုက်တာ ဦးမောင်မောင်နဲ့ စီးပွားရေးသမားတွေ ပါဝင်ပါတယ်။ ဘာကြောင့် အဖမ်းခံရသလဲဆိုတာ အခုထိ မသိရသေးသလို မိသားစုနဲ့လည်း လုံးဝ အဆက်အသွယ်မရဘူးလို့ အဖမ်းခံထားရတဲ့ လုပ်ငန်းရှင်တစ်ဦးနဲ့ နီးစပ်သူတစ်ဦးက RFA ကို ဒီနေ့ပြောပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီနဲ့ ကိုးကန့်ဒေသ အာဏာပိုင်တွေကို မိသားစုဝင်တွေက အကူအညီ တောင်းထားပေမယ့် ဘာမှ မထူးသေးပါဘူး။ ဒေသအတွင်း လုပ်ငန်းရှင်းတွေကတော့ သူတို့ ၁၁ ဦး ဖမ်းဆီးခံရတာဟာ ကိုးကန့်ဒေသ လောက်ကိုင်နဲ့ ချင်းရွှေဟော်မြို့က အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေနဲ့ ဆက်စပ်နိုင်တယ်လို့ ပြောပါတယ်။

“ICJ အမှု မြန်မာနဲ့ ဂမ်ဘီယာ ထပ်တိုးအချိန်ရ”

နိုင်ငံတကာတရားရုံး ICJ မှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် စွဲဆိုထားတဲ့ လူမျိုးတုံး သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး နှစ်ဖက် အပြန်အလှန် လျှောက်လွှဲချက်ပေးဖို့အတွက် တရားရုံးက ထပ်တိုးအချိန်တွေ သတ်မှတ် ခွင့်ပြုလိုက်တယ်လို့ RFA က သတင်းဖော်ပြပါတယ်။ အခုလ ၁၆ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ICJ တရားရုံးရဲ့ အမိန့်ကြေညာချက်မှာ ဒုတိယအကြိမ် လျှောက်လွှဲချက်တင်နိုင်ဖို့ နှစ်နိုင်ငံလုံးကို နောက်ထပ် ခုနစ်လစီ ထပ်တိုးအချိန် ပေးလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လကုန်ပိုင်းမှာ စစ်ကောင်စီဘက်က တင်သွင်းထားတဲ့ ပထမဆုံးထုချေလွှာကို တုံ့ပြန်ဖို့ ဂမ်ဘီယာနိုင်ငံဘက်က အချိန်ခုနစ်လပေးဖို့ တရားရုံးကို တင်ပြခဲ့သလို၊ စစ်ကောင်စီဘက်ကလည်း ဂမ်ဘီယာက ထပ်တင်လာမယ့် ဆုံးဖြတ်ချက်ကို ဒုတိယအကြိမ်ထုချေဖို့ နောက်ထပ်အချိန် ခုနစ်လပေးဖို့ လျှောက်ထားခဲ့ပါတယ်။ ဒီတောင်းဆိုချက်တွေကို ICJ တရားရုံးက အစည်းအဝေးထိုင် ဆွေးနွေးခဲ့ကြပြီးနောက် လာမယ့် ၂ဝ၂၄ ခုနှစ် မေလ ၁၆ ရက်နေ့ နောက်ဆုံးထားပြီး ဂမ်ဘီယာဘက်က တင်ပြဖို့ ခွင့်ပြုခဲ့သလို၊ စစ်ကောင်စီကိုတော့ နောက်နှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ ထုချေလွှာတင်ဖို့ ခွင့်ပြုလိုက်ပါတယ်။ ဒုတိယအကြိမ် တင်ပြလာမယ့် နှစ်နိုင်ငံ အပြန်အလှန်လျှောက်လွှဲချက်တွေကိုကြည့်ပြီး တရားစီရင်ဖို့ ဆက်လက်ဆောင်ရွက်မယ်လို့ တရားရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

“ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စစ်ဦးစီးချုပ်က ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့ မဟာမိတ်တွေကို ဂုဏ်ပြုမှတ်တမ်းတင်စာ ပေးပို့”

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စစ်ဦးစီးချုပ်မှ ရက္ခိုင့်တပ်တော် (AA)၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မြောက်ပိုင်း) (ABSDF-NB)၊ ချင်းအမျိုးသားတပ်မတော် (CNA)နဲ့ ကူကီးအမျိုးသားတပ်မတော် (မြန်မာပြည်) (KNA-Burma) တို့ ထံကိုပေးပို့တဲ့ ဂုဏ်ပြုမှတ်တမ်းတင်စာကို အခုလ ၂၂ ရက်က လက်ခံ ရရှိခဲ့ပါတယ်။ ဂုဏ်ပြုမှတ်တမ်းစာမှာ “မိမိတို့ ကေအိုင်အေ တပ်မဟာ၊ တပ်ရင်း၊ တပ်ဖွဲ့ဝင်တွေ၊ K-PDF တွေနဲ့ အတူတကွလက်တွဲကာ မိမိအသက်ကို ပဓာနမထားဘဲ စွန့်လွှတ်စွန့်စား တိုက်ပွဲဝင်ခဲ့ကြတဲ့ မဟာမိတ် တပ်ဖွဲ့ဝင်အသီးသီးနဲ့ တာဝန်ရှိတပ်မှူးတွေကို အထူးကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းတင် အသိ အမှတ်ပြုပါကြောင်းနဲ့ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေး တိုက်ပွဲမှာ အတူတကွ လက်တွဲပြီး ဆက်လက်တိုက်ပွဲဝင်သွားကြဖို့လည်း တိုက်တွန်းကြောင်း” ပါရှိပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အနေနဲ့ KIA/KIO အပါအဝင် မဟာမိတ် တော်လှန်ရေးအဖွဲ့အစည်တွေနဲ့လက်တွဲကာ စစ်အာဏာရှင်ကျဆုံးရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်လာရေးတို့အတွက် မဆုတ်မနစ် ကြိုးစားအားထုတ်သွားမယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

The Tanintharyi Times