လောက်ကောင်တို့ရဲ့လားရာ
လောက်ကောင်တို့ရဲ့လားရာ
အသက်တွေ ဘယ်လောက်သေသေ
သွေးချောင်းတွေ ဘယ်လောက်စီးစီး
ကိုယ်ကျိုးစီးပွားအတွက်ဆို
မိစ္ဆာတွေရဲ့ က,ကြိုးနောက်
ကောက်ကောက်ပါအောင် လိုက်က,ကြသူတွေ။
အစွယ်ဖွေးဖွေးကို မြင်ရဲ့သားနဲ့
ကိုယ့်ဘဝ လူလုံးလှဖို့
မင်းသားပါလို့ မြှောက်ပင့်လိမ်ညာပေးသူတွေ။
လူ့မိစ္ဆာတွေ ဖန်တီးထားတဲ့
အရှင်လတ်လတ် ငရဲက
ရှိုက်ငင်ငိုကြွေးသံကို
မကြားယောင်ပြုလို့
သွေးခင်းလမ်းမှာ
တပျော်တပါး လျှောက်ကြဦးမယ့်သူတွေ။
အပြစ်မဲ့ ဝိညာဉ်ပန်းတို့
တဖြုတ်ဖြုတ် ခြွေချခံနေရတဲ့
အမှောင်ဖုံးနေ့ရက်မျိုးမှာတောင်
မိစ္ဆာတွေဟောတဲ့ ရွှေပြည်အေးတရားကို
နာကြဦးမယ့်သူတွေ။
ငါ့ဟာ ငါ့ဥစ္စာ ငါ့တဝမ်းတခါးအတွက်
အရှက်သိက္ခာကို ချောက်နက်ကြီးထဲ ပစ်ချ
သွေးစွန်းလက်နဲ့ ပျော်ပျော်ကြီး နှုတ်ဆက်ကြသူတွေ။
နွေဦးတမန်ရဲ့ တရားစည်ကြီး မြည်ဟီးခါမှ
ကြောက်လှပါပြီလို့ ဘွာမခတ်စတမ်း
အမှန်တရားက ဖန်ဆင်းထားတဲ့ ငရဲမှာ
ဆယ်သက် ဆယ်ကမ္ဘာ လောင်မြိုက်ဖို့ရာ
ပြင်ဆင်ထားပေတော့
ပြည်သူ့သစ္စာဖောက် လောက်ကောင်တွေ
အလှည့်ကျ မနွဲ့စတမ်းပေါ့။ ။
ငြိမ်းပန်
The Tanintharyi Times
