မြိတ်မြို့ခံတွေ နိစ္စဓူဝ ရှူရှိုက်နေရတဲ့ အနံ့ဆိုး
မြိတ်မြို့ခံတွေ နိစ္စဓူဝ ရှူရှိုက်နေရတဲ့ အနံ့ဆိုး
“ဒီအနံ့ဆိုးကို ရှူရှိုက်နေရဖို့ မြိတ်လူထုမှာ တာဝန်မရှိပါဘူး။”
မြိတ်မြို့ခံတွေ နိစ္စဓူဝ ရှူရှိုက်နေရတဲ့ အနံ့ဆိုး
မြိတ်မြို့မှာ အခုလအတွင်း အနံ့ဆိုးကိစ္စနဲ့ပတ်သက်ပြီး ရင်ဖွင့်သံ၊ ဝေဖန်သံ၊ ပေါက်ကွဲသံတွေ ပြန်ပြီးညံလို့ လာပါတယ်။ အနံ့ဆိုးဆိုတာက ငါးအမှုန့်ကြိတ်စက်ရုံတွေက ထွက်လာတဲ့ ငါးပုပ်အနံ့ကို ပြောတာဖြစ်ပါတယ်။ အဲဒီအနံ့ဆိုးဟာ ငါးအမှုန့်ကြိတ်စက်ရုံတွေ တည်ရှိရာ အင်းလေးမြိုင်စက်မှုဇုန် အနီးတစ်ဝိုက်တင်မကဘဲ တခါတလေ မြို့ထဲအထိ အနံရတတ်ပါတယ်။ ဒီအနံ့ဆိုးပြဿနာဟာ အခုမှ ဖြစ်တာတော့မဟုတ်ပါဘူး။ မြိတ်မြို့နေပြည်သူတွေ ဆယ်စုနှစ်တစ်ခုကျော် ကြုံတွေ့လာခဲ့ရတဲ့ပြသနာဖြစ်ပါတယ်။
မြို့ခံတွေဟာ ဒီအနံ့ဆိုးပြဿနာဖြေရှင်းပေးဖို့ ခေတ်အဆက်ဆက်မှာ ဆန္ဒပြတာ၊ တိုင်စာပို့တာတွေ အကြိမ်ကြိမ် လုပ်ဆောင်ခဲ့ဖူးပါတယ်။ NLD အစိုးရလက်ထက်မှာ ငါးအမှုန့်ကြိတ်လုပ်ငန်းတွေကို သတိပေးတာတွေ၊ ယာယီရပ်နားခိုင်းတာတွေလုပ်ခဲ့ဖူးပေမယ့် ဒီဖြေရှင်းမှုက ဆေးမြီးတိုနဲ့ ကုတဲ့အနေအထားလောက်ပဲရှိခဲ့ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ကုမ္ပဏီတွေကို သတိပေး၊ အရေးယူတာမျိုးမရှိတော့တဲ့အခြေအနေမှာ အနံ့ဆိုးနဲ့ပတ်သက်ပြီး မြိတ်မြို့ခံတွေဘယ်လို ခံစားနေရပါသလဲ။ အဲဒီအနံ့ဆိုးကို မကြာခဏရှူရှိူက်နေရရင် ကျန်းမာရေးဆိုင်ရာသက်ရောက်မှုတွေက ဘာတွေရှိဖြစ်လာနိုင်ပါသလဲဆိုတာကို ဒီတစ်ပတ်ရဲ့ “တောင်ပိုင်းသားတို့အသံ” အစီအစဉ်ကနေ စုစည်းဖော်ပြလိုက်ပါတယ်။
(တောင်ပိုင်းသားတို့အသံ)
ထူးထူးတိုးငါးမှုန့်စက်ရုံအနီးပတ်ဝန်းကျင်မှာ ငါးနှစ်ကျော်နေထိုင်လာသူ မြို့ခံ အမျိုးသားတစ်ဦး
မေး - မြိတ်မြို့မှာ ငါးမှုန့်စက်ရုံတွေက အနံ့တွေ ထွက်နေတယ်ဆိုတာ ဟုတ်လား၊ ဘယ်တုန်းကတည်းက အဲ့လိုအနံ့တွေ ရနေတာလဲ။
ဖြေ - ဟုတ်ပါတယ် အနံ့ထွက်ပါတယ်။ အနံ့ထွက်တာတော့ တစ်လလောက်ရှိပါပြီ။
မေး - မြိုရဲ့ ဘယ်နေရာတွေမှာ ငါးမှုန့်စက်ရုံတွေရဲ့ အနံ့ရတတ်သလဲ။
ဖြေ - အဓိကအနံ့ထွက်တဲ့နေရာတွေကတော့ ငွေဇင်ယော်စက်ရုံနဲ့ တခြားငါးမုန့်စက်ရုံအကုန်ပါပဲ။
မေး - ဘယ်အချိန်ကစပြီး အနံ့ပိုပြင်းလာတာသတိထားမိလဲ။ မြိုရဲ့ဘယ်နေရာတွေကိုသွားရင် အနံ့ပိုရလေ့ရှိလဲ။
ဖြေ - အဓိကအနံ့ထွက်များတာကတော့ ငွေဇင်ယော်စက်ရုံပေါ့။ အနံ့ပိုပြင်းတယ်။
မေး - ဒီအနံ့ရပြီးပြီးချင်း ဘယ်လိုခံစားရလဲ။
ဖြေ - မြို့နေသူတွေကတော့ အနံ့ကြောင့်စိတ်ညစ်နေရတာတော့အမှန်ပဲ။ စက်ရုံအနီးနားကသူတွေဆို ညဖက်အိပ်လို့တောင် မနိုင်ကြဘူးတဲ့။
မေး - အနံ့တွေ ရတတ်တဲ့ နေရာတွေကို အမြဲသွားနေရလား၊ ရှောင်သွားဖိုကော စဉ်းစား၊ လုပ်ဆောင်ဖူးလား။
ဖြေ - အနံ့ရတဲ့နေရာတွေကတော့ရက်တိုင်းသွားလာနေရပါတယ်။ အလုပ်ကလည်း အဲ့ဒီ့အနီးအနားမှာဆိုတော့ တခြားနေရာကနေ ရှောင်သွားရင်လည်း အခုဆီဈေးနဲ့ဆို မလွယ်ဘူးလေ။ (စက်ရုံ)အနီးနားမှာ နေရတဲ့သူတွေဆို ပါကေးမိုးရွာတဲ့အရည်ကြောင့် ကိုယ်မှာပါ အနံ့စွဲနေပြီ။
မေး - မြို့ခံတစ်ယောက်အနေနဲ့ အနံ့တွေထွက်နေတဲ့ ငါးမှုန့်စက်ရုံတွေကို ဘာပြောချင်တာရှိလဲ။
ဖြေ - မဖြစ်သင့်ဘူးပေါ့။ ဒီလိုကိစ္စတွေက ဖြေရှင်းလို့ရတဲ့ နည်းလမ်းရှိရဲ့နဲ့ လုပ်ငန်းရှင်တွေဖက်က ဒေသခံတွေကို ပြန်မတွေးဘဲနဲ့ ငါတို့အဆင်ပြေ ပြီးရော နေနေကြတာပါ။
မြိတ်မြို့ခံ ယာဉ်မောင်းတစ်ဦး
မေး - မြိတ်မြို့မှာ ငါးမှုန့်စက်ရုံတွေက အနံ့တွေ ထွက်နေတယ်ဆိုတာ ဟုတ်လား၊ ဘယ်တုန်းကတည်းက အဲ့လိုအနံ့တွေ ရနေတာလဲ။
ဖြေ - ဟုတ်ပါတယ်ရနေပါတယ်။ အရင် ကတည်းကလည်း ရပါတယ်။ အခုကပိုရနေတာ။
မေး - မြို့ရဲ့ ဘယ်နေရာတွေမှာ ငါးမှုန့်စက်ရုံတွေရဲ့ အနံ့ရတတ်သလဲ။
ဖြေ - ခုပိုရတဲ့နေရာတွေက သူတို့(စက်မှုဇုန်)နဲ့တော်တော်နီးတဲ့အင်းလေးမြိုင်တို့၊ ပြီးတော့စက်မှုဇုန်ဘက်က ရပ်ကွက်တွေ အများဆုံးရတာပါ။ ရွှေပြည်တန်လည်းပါတယ်။ စက်ဝင်း၊ မြို့သစ်၊ ကန်ခေါင်းဘက်တွေကတော့ တအားအနံ့ဆိုးတဲ့အခါမှ ရတာပါ။ အင်းလေးမြိုင်၊ ရွှေပြည်တန်ရပ်ကွက်တွေကတော့ နေ့တိုင်းနီးပါးခံစားနေရတာ။
မေး - ဘယ်အချိန်ကစပြီး အနံ့ပိုပြင်းလာတာသတိထားမိလဲ။ မြို့ရဲ့ဘယ်နေရာတွေကိုသွားရင် အနံ့ပိုရလေ့ရှိလဲ။
ဖြေ - ဒီနှစ်ထဲ ၇ လပိုင်းလောက်ကဖြစ်မယ်၊ စဖြစ်တာက။
မေး - ဘယ်လိုအချိန်ကာလတွေမှာ အနံ့ပိုရလေ့ရှိလဲ။ အဲဒီအနံ့က ဘယ်လိုအနံ့မျိုးလဲ။
ဖြေ - မိုးကာလတွေ အနံ့ပိုရတယ်။ အချိန်အပိုင်းအခြားကတော့ နေ့လည်ဘက်တွေအများဆုံးရတယ်။ ညဘက်လည်း တခါတလေ ရတယ်။ အနံ့က ဘယ်လိုပြောရမယ်။ အရမ်းနံတယ်။ ခေါင်းပါမူးတယ်။
မေး - ဒီအနံ့ရပြီးပြီးချင်း ဘယ်လိုခံစားရလဲ။ ဒီအနံ့ကို ရှူရှိုက်ပြီးရင် ခံစားရတဲ့ဝေဒနာ တစ်ခုခု ထူးခြားတာမျိုး ရှိလား။
ဖြေ - မူးပီးအန်ချင်တာလောက်ပဲ။ ခဏလေးဖြတ်သွားတဲ့ သူအတွက်ပေါ့နော်။ ခုဏက ကျနော်ပြောသွားတဲ့ စက်မှုဇုန်နားတဝိုက်က ဆက်စပ်ရပ်ကွက်တွေဆိုရင်တော့ ပိုခံရတာပေါ့။
မေး - အနံ့တွေ ရတတ်တဲ့ နေရာတွေကို အမြဲသွားနေရလား၊ ရှောင်သွားဖို့ကော စဉ်းစား၊ လုပ်ဆောင်ဖူးလား။
ဖြေ - ရှောင်လို့မရဘူးလေ။ လေထဲမှာပါနေတာ။ သန့်သန့်လေးရှူချင်တယ်ဆိုပြီး ခွဲထွက်လို့မှမရတာ။
မေး - မြို့ခံတစ်ယောက်အနေနဲ့ အနံ့တွေထွက်နေတဲ့ ငါးမှုန့်စက်ရုံတွေကို ဘာပြောချင်တာရှိလဲ။
ဖြေ - ဘယ်လိုပြောရမလဲ။ မရှိကောင်း ရှိကောင်း။ မရှိရင်လည်း အလုပ်လက်မဲ့များလာမယ်။ ရှိပြန်တော့လည်း ဒုက္ခခံရမယ်။ အားလုံးမျှခြေနဲ့ မျှမျှတတရှိမယ့်ဟာကိုပဲ ဖြစ်စေချင်တာ။ ကုမ္ပဏီဖက်ကအနံ့ကို ထိန်းသိမ်းပေးမယ်ဆိုရင် အကုန်အဆင်ပြေတယ်။ ကုမ္ပဏီဖက်က ဒါစက်မှုဇုန် လူနေရပ်ကွက်မဟုတ်ဘူး၊ မနေချင်ပြောင်းဆိုပြီး ခေါင်းမာရင်လည်းပြဿနာ။ တစ်ဖက်နဲ့တစ်ဖက်နားလည်မှုနဲ့ထိန်းထိန်းသိမ်းသိမ်းရှိစေချင်တာပါ။
ကလေးတစ်ယောက်ဖခင် မြို့ခံအမျိုးသားတစ်ဦး
မေး - မြိတ်မြို့မှာ ငါးမှုန့်စက်ရုံတွေက အနံ့တွေ ထွက်နေတယ်ဆိုတာ ဟုတ်လား၊ ဘယ်တုန်းကတည်းက အဲ့လိုအနံ့တွေ ရနေတာလဲ။
ဖြေ - လွန်ခဲ့တဲ့လေးငါးနှစ်လောက်ကတည်းကပျောက်သွားတာပါ။ ပြန်ရနေတာတော့တပတ်လောက်တော့ရှိပြီထင်တယ်။ နောက်လယ်ဘက်ရောက်တဲ့ ၃ ရက်လုံးတော့ရနေတာခံကို မနိုင်တော့ဘူး။
မေး - မြို့ရဲ့ ဘယ်နေရာတွေမှာ ငါးမှုန့်စက်ရုံတွေရဲ့ အနံ့ရတတ်သလဲ။
ဖြေ - မြို့သစ်၊ တိုးချဲ့၊ နောက်လယ်ဘက်တွေပိုရတယ်။ တခါတလေ ညဘက်တွေဆို မြိတ်တောင်ဘက်တွေ တောင်ရတယ်။ ဆိုးဆိုးဝါးဝါးပဲ။
မေး - ဘယ်အချိန်ကစပြီး အနံ့ပိုပြင်းလာတာသတိထားမိလဲ။ မြို့ရဲ့ဘယ်နေရာတွေကိုသွားရင် အနံ့ပိုရလေ့ရှိလဲ။
ဖြေ - လွန်ခဲ့တဲ့သုံးရက်ကပိုဆိုးလာတာ။ မြို့သစ်၊ တိုးချဲ့ ၊ နောက်လယ်ဘက်တွေ ပိုရတယ်။
မေး - ဘယ်လိုအချိန်ကာလတွေမှာ အနံ့ပိုရလေ့ရှိလဲ။ အဲဒီအနံ့က ဘယ်လိုအနံ့မျိုးလဲ။
ဖြေ - တနေ့လုံးကို ရနေတာအနံ့က။ ငါးအပုပ်တွေကို လုပ်တာဆိုတော့ အနံ့ကတော်တော်လေးပြင်းတယ်။ ညှီစို့စို့အနံ့တောင်မှ အပုပ်ပါတဲ့ အနံ့မျိုး။
မေး - ဒီအနံ့ရပြီးပြီးချင်း ဘယ်လိုခံစားရလဲ။ဒီအနံ့ကို ရှူရှိုက်ပြီးရင် ခံစားရတဲ့ဝေဒနာ တစ်ခုခု ထူးခြားတာမျိုး ရှိလား။
ဖြေ - အသက်ရှုဖို့တောင်မေ့တယ်။ ကျနော်တို့လူငယ်တွေတောင် ဒီလိုဖြစ်နေတာ။ မွေးစကလေးတွေနဲ့ ရောဂါရှိတဲ့သက်ကြီးရွယ်အိုတွေအတွက်စိုးရိမ်တယ်။ နဂိုကမှ ကိုဗစ်ကြောင့်အသက်ရှုလမ်းကြောင်း ပြဿနာရှိတဲ့အခံရှိနေတာ။ ဒီအနံ့ရှုမိလို့ တခုခုဖြစ်ကြမှာကို စိုးရိမ်မိတယ်။
မေး - အနံ့တွေ ရတတ်တဲ့ နေရာတွေကို အမြဲသွားနေရလား၊ ရှောင်သွားဖို့ကော စဉ်းစား၊ လုပ်ဆောင်ဖူးလား။
ဖြေ - ရှောင်လို့ကိုမရတာ။ နောက်လယ်ဘက်ကဖြတ်သွားရင်လည်း ဒီအနံ့ကရနေတော့ ဒီနားမှာနေတဲ့သူတွေအတွက်ကတော့ရှောင်ဖို့ဆိုတာမရနိုင်လောက်ဘူး။ မြို့အထဲတအားကျတဲ့ဘက်တောင် တခါတလေရနေတာပဲ။
မေး - မြို့ခံတစ်ယောက်အနေနဲ့ အနံ့တွေထွက်နေတဲ့ ငါးမှုန့်စက်ရုံတွေကို ဘာပြောချင်တာရှိလဲ။
ဖြေ - ဒီအနံဆိုးတွေကိုပျောက်ချင်တယ်။ အဲအနံ့မရတာ ပိုကောင်းမယ်။ အဲ့စက်ရုံမှာလုပ်နေတဲ့သူတွေကရော သူတို့ကျန်းမာရေး ဘာမှမဖြစ်ဘူးလို့ အာမမခံဘူးလေ။ စက်ရုံက သူတို့ရတဲ့လစာနဲ့ ရောဂါကတန်လို့လား။
မြိတ်မြို့ခံ ကွမ်းသီးလုပ်ငန်းရှင်တစ်ဦး
မေး - မြိတ်မြို့မှာ ငါးမှုန့်စက်ရုံတွေက အနံ့တွေ ထွက်နေတယ်ဆိုတာ ဟုတ်လား၊ ဘယ်တုန်းကတည်းက အဲ့လိုအနံ့တွေ ရနေတာလဲ။
ဖြေ - လေပေါက်တာနဲ့ဆိုင်မယ် ထင်တယ်။ မြို့ဘက်ကိုလေတိုက်လာရင်တော့ မြို့ထဲမှာနံတာပေါ့။ လေနဲ့လာတာဆိုတော့။ ကျန်တဲ့အချိန်မရဘူး။ သိသိသာသာပဲ။ လေတိုက်ရင်တော့နံတယ်။
မေး - ဘာလို့လေတိုက်ရင်ပိုနံတာလဲ။
ဖြေ - စက်ရုံအားလုံးက ထူးထူးတိုးဖက်မှာချည်းပဲလေ။ အကုန်လုံး ပင်လယ်ကမ်းစပ်နားမှာပဲလေ။ ပင်လယ်ဘက်ကို လေတိုက်ရင်တော့ မြို့ထဲမနံဘူးပေါ့။ မြို့ထဲကို လေတိုက်ရင်တော့ နံတာပေါ့။
မေး - မြို့ရဲ့ ဘယ်နေရာတွေမှာ ငါးမှုန့်စက်ရုံတွေရဲ့ အနံ့ရတတ်သလဲ။
ဖြေ - မြို့တစ်ဝိုက်လုံးပေါ့။ စမ်းချောင်းဘက်တော့ သိပ်မသိဘူး။ ထူးထူးတိုးဘက်ကနေ လေယာဥ်ကွင်းထိတော့ နံမယ်ထင်တာပဲ။ မြို့ထဲမှာတော့ မနံဘူး။ လေတိုက်မှပဲ နံတာ။ ထူးထူးတိုးမှာတော့ အမြဲနံတာပေါ့။
မေး - ဘယ်အချိန်ကစပြီး အနံ့ပိုပြင်းလာတာသတိထားမိလဲ။ မြို့ရဲ့ဘယ်နေရာတွေကိုသွားရင် အနံ့ပိုရလေ့ရှိလဲ။
ဖြေ -မိုးပဲ အနံ့ရတယ်။
မေး - အဲဒီအနံ့က ဘယ်လိုအနံ့မျိုးလဲ။
ဖြေ - ငါးပုတ်နံဆိုတော့ ဘယ်လိုပြောရမလဲ နှိုင်းလို့တော့မတတ်တော့ပြီ။ နှာခေါင်းထဲတော့ စူးတယ်၊ အဲ့ကောင်အနံ့က။ အနီးဆို ရှူလို့ကိုမနိုင်ဘူး။ ပါကင်အနံ့က အသက်ရှူမနိုင်တော့ပဲ သေတတ်တယ်။
မေး - ဒီအနံ့ရပြီးပြီးချင်း ဘယ်လိုခံစားရလဲ။ ဒီအနံ့ကို ရှူရှိုက်ပြီးရင် ခံစားရတဲ့ဝေဒနာ တစ်ခုခု ထူးခြားတာမျိုး ရှိလား။
ဖြေ - အဝေးဆိုတော့ မရှိဘူး။ အနီးဆိုတော့ ၁မိနစ်လောက် ရှူပြီးရင် ဝေလဲချင်ပြီး အားအင်ပြတ်သွားသလိုဖြစ်တယ်။
မေး - အနံ့တွေ ရတတ်တဲ့ နေရာတွေကို အမြဲသွားနေရလား၊ ရှောင်သွားဖို့ကော စဉ်းစား၊ လုပ်ဆောင်ဖူးလား။
ဖြေ - ဆောင်ကောင်းကိုသွားရင်ရှောင်လို့မရဘူး။ ဖြတ်ပီးသွားရတာ။ ဆောင်ကောင်းဆိုတာ လှေတွေနားတဲ့နေရာလေးတွေကို နာမည်ပေးထားတာလောက်ပဲ၊ တံတားပေါ့။
မေး - မြို့ခံတစ်ယောက်အနေနဲ့ အနံ့တွေထွက်နေတဲ့ ငါးမှုန့်စက်ရုံတွေကို ဘာပြောချင်တာရှိလဲ။
ဖြေ - ဘာလဲမပြောချင်ဘူး၊ သူ့လုပ်သူလုပ်တာဆိုတော့။ အနံ့လည်း အမြဲရနေတာလည်း မဟုတ်ဘူးလေ။ တစ်နှစ်ပတ်လုံးမှ မြို့ထဲမှာ သုံးခါဘေးခါလောက်ပဲရတာဆိုတော့။ မိုးရာသီ တစ်ခုလုံးမှ သုံးခါလေးခါရတာ။
မြိတ်မြို့ခံ ဆရာဝန်တစ်ဦး
မေး - ငါးမုန့်စက်ရုံက အနံ့တွေထွက်နေလို့ မြို့ခံတွေ ရှုရှိုက်နေရတာတွေ ရှိနေပါတယ်။ ဒီလိုအနံ့အသက်တွေ လေထုထဲ ပါနေတာက ကျန်မာရေးကို ထိခိုက်နိုင်ပါသလား။ ဘယ်လ်ိုမျိုး ထိခိုက်နိုင်ပါသလဲ။
ဖြေ - အနံ့အသက်ဆိုးတွေ လေထုထဲပါနေရင် ကျန်းမာရေးကိုထိခိုက်နိုင်တာပေါ့ဗျာ။ Air pollution လေထုညစ်ညမ်းမှု ဖြစ်နေတာဆိုတော့လေ။ မိုးရာသီနဲ့ ဆောင်းရာသီလို လေထုအေးပြီး လေထုသိပ်သည်းမှုများတဲ့အချိန်တွေဆို အနံ့ဆိုးတွေက လွယ်လွယ်နဲ့ပျောက်မသွားတဲ့အတွက် ပိုပြီးသိသိသာသာခံစားရတာပေါ့။ ကျန်းမာရေးအမြင်ဖက်ကနေကြည့်ရင် လူရောစိတ်ပါထိခိုက်ပါတယ်။ အသက်ရှင်နေထိုင်မှုအတွက် အခြေခံအကျဆုံးရှူရှိုက်ရတဲ့လေထုက အရည်အသွေးမပြည့်မီဘဲ အနံ့အသက်ဆိုးဝါးနေတာကိုး။ အနံ့အသက်ဆိုးတွေကို ရှုရှိုက်နေရတဲ့အတွက် ခေါင်းမူးတာ၊ ခေါင်းကိုက်တာ၊ အသက်ရှူမဝတာ စတာတွေဖြစ်လာနိုင်သလို စိတ်ကျန်းမာရေးရှုတောင့်ကနေကြည့်ရင်လဲ Quality of life ဘဝအရည်အသွေးမပြည့်ဝသလိုခံစားနေကြရမှာပါ။ ဘာလို့လဲဆိုတော့ လေထုကိုရှောင်ပြီးနေထိုင်ဖို့က မဖြစ်နိုင်ဘူးမဟုတ်လား။ ပြီးတော့ COVID-19 ရဲ့ တိုက်ခိုက်မှုကို မြို့ခံတော်တော်များများရဲ့ အဆုတ်တွေကလည်း ခံစားထားရမှာပါ။ နဂိုအော်ရီဂျင်နယ်လို အဆုတ်တွေက တအားမကောင်းရတဲ့အထဲ ပိုပြီးထိခိုက်နိုင်ကြတာပေါ့။ ဒီတော့ ဒီအနံ့ဆိုးတွေပျံ့နှံ့မှုကို ကျန်းမာရေးရှု့ထောင့်ကနေ ကြည့်ရင် ကိုယ်ရောစိတ်ပါထိခိုက်ပါတယ်။
မေး -ဒီအနံ့ထွက်တာတွေကို စက်ရုံနဲ့ တာဝန်ရှိသူတွေက မထိန်းသိမ်းရင် မြို့ခံတွေ ရေရှည်မှာ ဘယ်လို ကျန်းမာရေပြဿနာရှိလာနိုင်မလဲ။
ဖြေ - ဒီအနံ့ဆိုးရဲ့ မူလပိုင်ရှင်တွေဖြစ်တဲ့ စက်ရုံတွေနဲ့ တာဝန်ရှိသူတွေက အစကထဲကအသိရှိရှိ နားလည်မှုရှိရှိနဲ့ ထိန်းသိမ်းခဲ့ရင် ဒီလိုစကားတွေ မပြောရတော့သလို မြို့ခံလူထုလည်း မထိခိုက်တော့ဘူးပေါ့။ ဒါတွေက ဆယ်စုနှစ်တစ်ခုလောက်ဖြစ်နေခဲ့ပြီးသားကိစ္စဆိုတော့။ ဒီအနံ့ဆိုးရဲ့မူလပိုင်ရှင်တွေဖြစ်တဲ့ စက်ရုံတွေနဲ့ တာဝန်ရှိသူတွေဘက်ကလည်း အမျိုးမျိုးထိန်းသိမ်းခဲ့ပြီးသားဖြစ်မှာပါ။ ခုလက်ရှိအနံ့ဆိုးကလည်း အထိန်းသိမ်းဆုံးလုပ်တာကိုမှ ရှိနေသေးတာဆိုတော့ ဒါကရှိကိုရှိနေမယ့်သဘောကြီးဖြစ်နေတာ။ ဒါက မြို့အတွက်အဆင်မပြေဘူးဆိုတာ သေချာပါတယ်။ ဘယ်မြို့ခံလူတွေကမှ ဒီလိုမျိုး အနံ့ဆိုးတွေနဲ့ နေထိုင်ရဖို့ မလိုလားတာ သေချာပါတယ်။
မေး - မြို့ခံတွေအနေနဲ့ အနံ့အသက်တွေကြောင့်ကျန်းမာရေးထိခိုက်မှု မရှိအောင် ဘယ်လိုကာကွယ်နိုင်မလဲ။
ဖြေ - မြို့ခံလူထုအနေနဲ့ ဒါကို တဦးချင်းကာကွယ်ဖို့ဆိုတာက အမှန်အတိုင်းပြောရရင် မဖြစ်နိုင်သလောက်ပါပဲဗျ။ Mask တပ်ပြီး အနံ့တအားဆိုးတာကို သက်သာအောင်နေလို့ရတယ်။ အလုံခန်းထဲမှာ Aircon နဲ့နေဖို့ဆိုတာကလည်း လျှပ်စစ်မီတာဈေးကြီးတဲ့ မြိတ်လိုမြို့မှာ မဖြစ်နိုင်သလောက်ပါပဲ။ ပြီးတော့ လူတိုင်းမှာ နေ့စဉ်နိစ္စဓူဝ လုပ်ငန်းဆောင်တာတွေ လုပ်ရကိုင်ရမယ့်အလုပ်တွေရှိနေတဲ့အတွက် ဒီလိုမျိုး အိမ်တံခါးအလုံပိတ်ပြီးနေဖို့ဆိုတာ အဓိပ္ပါယ်မရှိပါဘူး။ တခြားသူက သူ့အလုပ်သူလုပ်ပြီး အနံ့ဆိုးကြီးကို မြို့ပေါ်ပျံ့စေတာနဲ့ပဲ ကိုယ်က ကိုယ့်အလုပ်တွေပစ်ပြီး အနံ့ရှောင်နေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အရင်ကလည် အစိုးရတာဝန်ရှိလူကြီးတွေက ဒီစက်ရုံတွေကို စစ်ဆေးအရေးယူတာတွေ အနံ့အသက်သက်သာအောင်လုပ်ဖို့ စီမံတာတွေ သတင်းတွေ တွေ့ရပါတယ်။ ခုလိုအချိန်ကာလမှာတော့ ဒီလိုစစ်ဆေးအရေးယူတာတွေ ကြပ်မတ်တာတွေ ရှိ၊ မရှိက မသိနိုင်ပါဘူး။ သေချာတာက ဒီအနံ့ဆိုးကို ရှူရှိုက်နေရဖို့ မြိတ်လူထုမှာ တာဝန်မရှိပါဘူး။
မေး - စက်ရုံတွေဘက်ကရော ပြည်သူတွေကျန်းမာရေးအတွက် ဘာတွေလိုက်နာပေးသင့်တယ်လို့ ဆရာဝန်တယောက်အနေနဲ့အကြံပြုချင်လဲ။
ဖြေ - စက်ရုံတွေဖက်က တာဝန်ယူသင့်တာပေါ့။ သူတို့က မူလပိုင်ရှင်ပဲလေ ဘယ်သူကမှ မကျေနပ်ကြပါဘူး။ စီးပွားရေးဆိုပေမယ့်။ ကိုယ့်မြို့ကိုယ့်ရွာ ကိုယ့်လူထုကို ထိခိုက်တဲ့အလုပ်ဖြစ်လာပြီဆိုရင် သူတို့အနေနဲ့ အကောင်းဆုံးဖြစ်အောင် ပြင်ဆင်လုပ်ကိုင်သင့်တာပေါ့။ စက်ရုံတွေဘက်ကနေ အနံ့ဆိုးမထွက်အောင် ကာကွယ်ရမယ့်အပိုင်းက ကျန်းမာရေးကိစ္စမဟုတ်ဘဲ တခြားသီးခြားကျွမ်းကျင်မှုကိစ္စဖြစ်တဲ့အတွက် မပြောတတ်ပါဘူး။ ဒါပေမယ့် ပြောနိုင်တာက ဗုဒ္ဓဘာသာသဘောတရားအရ ကံ ကံ၏အကျိုးအရ ဒီဟာကို သူတို့မကြပ်မတ်နိုင်ရင် လက်ရှိဘဝမှာရော နောင်ဘဝမှာရော မြို့နဲ့မြို့ခံလူထုကို ကျန်းမာရေးဒုက္ခ စိတ်ဒုက္ခပေးတာမျိုးဖြစ်နေတာမို့လို့ သူတို့ ပြန်ပြီး ဒီအကျိုးဆက်ကို ခံယူရမှာပါ။ နှစ်ပေါင်းများစွာကြာနေပြီဖြစ်တဲ့ကိစ္စတစ်ခုက အခုချိန်ထိ ဒီလိုအနံ့ဆိုးကို မထိန်းသိမ်းနိုင်ဘူးဆိုရင် အကောင်းဆုံးက မြို့ ပတ်ဝန်းကျင်မှာ ဒီစက်ရုံတွေမရှိတော့တာ အကောင်းဆုံးပါ။ လုပ်ငန်းရှင်တွေကတတ်နိုင်ကြပါတယ်။ စက်ရုံတွေကို ပင်လယ်ထဲကကျွန်းတွေဆီပို့လိုက်ရင် ရှဉ့်လည်းလျှောက်သာ ပျားလဲစွဲသာ ဖြစ်သွားမယ်ထင်ပါတယ်။ ကျနော်တို့ မြိတ်မြို့က ခရီးသွားမြို့တော်အဖြစ် တချိန်တုန်းက ရှိခဲ့သလို နောင်တချိန်မှာလည်း ခရီးသွားမြို့တော်အဖြစ် ပြန်အသက်ဝင်လာဦးမှာပါ။ ဒီအနံ့ဆိုးကြီးရှိနေရင် ဒါတွေဖြစ်လာတော့မှာမဟုတ်ပါဘူး။ မြိတ်မြို့ကြီးရော မြိတ်လူထုတွေပါ အနံ့ဆိုးရန်(နံတာလှိုင်)ကနေ ကင်းဝေးကြပါစေလို့ပဲဆုတောင်းပေးနိုင်ပါတယ်။
The Tanintharyi Times
