မိုးတွင်းမီး
မိုးတွင်းမီး
အောက်တိုဘာလရဲ့ မနက်ဝေလီဝေလင်းအချိန် ရေဖြူမြို့နယ် အနောက်ဖက်ကမ်းဒေသတစ်ခုလုံး တိတ်ဆိတ်နေပါတယ်။
သိပ်မကြာခင်မှာပဲ စစ်ဖိနပ်အသံတွေနဲ့အတူ စစ်ကောင်စီတပ်သားတွေ မူးဒူးရွာထဲကို ဝင်လာတယ်။
အိမ်တစ်ဆောင်ထဲကို စစ်သားတချို့ မြန်မြန်ဆန်ဆန်ပဲ ဝင်သွားတယ်။ ပြီးတော့ အိမ်ရဲ့သက်ကယ် အမိုးကို မီးညှိလိုက်တယ်။
အဲဒီမြင်ကွင်းကို အဝေးတနေရာက ပုန်းရင်းကြည့်နေတာက ဒေါ်ကေသီရဲ့အမျိုးသားပါ။
“သူ ကျမကိုဖုန်းဆက်တယ်။ မိန်းမ၊ ငါတို့အိမ်ပါသွားပြီတဲ့။ သေချာရဲ့လားလို့ ကျမမေးလိုက်တယ်။ သူက ငါကိုယ်တိုင်တွေ့လာတာတဲ့။” လို့ ဒေါ်ကေသီက ပြန်ပြောပြတယ်။
အဲဒီမီးလောင်မှုက ပြီးခဲ့တဲ့ သောကြာနေ့ ၊ အခုလ ၂၀ ရက်နေ့မှာ ဖြစ်ခဲ့တာပါ။ တမနက်တည်းမှာတင် မူးဒူးရွာထဲက ဒေါ်ကေသီတို့နေအိမ်အပါအဝင် နေအိမ်အဆောင် ၂၀ ကို စစ်ကောင်စီတပ်က မီးရှို့ခဲ့တယ်။
“ကျမတို့အခြေအနေနဲ့ ဒီအိမ်လေးဖြစ်လာဖို့တော်တော်လေးစုဆောင်းလိုက်ရတာ” လို့ ဒေါ်ကေသီကပြောရင်း သူ့ရဲ့အသံတွေတုန်ရီနေခဲ့ပါတယ်။
သူ့ရဲ့ အိမ်လေးကတော့ တမနက်တည်းနဲ့ ပြာပုံဖြစ်သွားခဲ့ပြီ။ အနှစ်နှစ် အလလစုဆောင်းထားသမျှ ပစ္စည်းတွေလည်း အဲ့ဒီအိမ်လေးနဲ့အတူ မီးထဲပါသွားခဲ့ပါပြီ။
အခုတော့ ဒေါ်ကေသီတစ်ယောက် တာလပတ်မိုးထားတဲ့ ယာယီတဲတစ်ခုထဲကို ရောက်နေတယ်။ သူနဲ့အတူ မျက်လုံးတွေ ဖောင်းအစ်နေတဲ့ အမျိုးသမီးတချို့လည်း အတူရှိနေတယ်။ သူတို့ရဲ့အိမ်တွေ မီးရှို့ခံရလို့ ရက်ဆက်ငိုကြွေးနေကြတဲ့သူတွေလို့ ဒေါ်ကေသီကပြောတယ်။
သူတို့ထဲက တချို့ကဒီအဖြစ်ဆိုးကိုမခံစားနိုင်လို့ ကိုယ့်ကိုကိုယ်သက်သေဖို့အထိ လုပ်ခဲ့ကြတယ်တဲ့။
တချို့က စိတ်ဓာတ်ကျပြီး အိပ်ယာထဲလဲနေခဲ့တယ်။
ဒေါ်ကေသီကတော့ အခြေအနေကောင်းရင် သူ့အိမ်ကိုပြန်သွားကြည့်ချင်တယ်လို့ ပြောတယ်။ အဲဒါပြီးရင်တော့ သူဘာလုပ်မယ်ဆိုတာကို မတွေးနိုင်သေးဘူးလို့ ဆိုတယ်။
ရေဖြူမြို့နယ်ဟာ အခုလအတွင်း တနင်္သာရီတိုင်းတစ်ခုလုံးမှာ ပစ်မှတ်ထား အခံရဆုံး၊ စစ်ကောင်စီစစ်ကြောင်း အဝင်အထွက်အများဆုံးမြို့နယ်ဖြစ်ခဲ့တယ်။ မြို့နယ်ရဲ့ အနောက်ဖက်ကမ်းက မူဒူးရွာအပါအဝင် ကျေးရွာအများအပြားကို စစ်ကောင်စီစစ်ကြောင်းတွေ တစ်ခုပြီးတစ်ခု ဝင်ချင်တိုင်းဝင်၊ ထွက်ချင်တိုင်းထွက် လုပ်နေခဲ့တာပါ။
ပြီးခဲ့တဲ့သြဂုတ်လကစလို့ သုံးလအတွင်း နေဖြူမြို့နယ်မှာ မီးရှို့ခံရတဲ့ နေအိမ်စုစုပေါင်း ၅၀ ကျော် ရှိပါတယ်။ အဲဒီမီးရှို့မှုတွေဟာ မူးဒူး၊ ဧကနိ၊ ခမောင်းချောင်း၊ လဲရှောင်ရွာတွေက အိမ်တွေဖြစ်ပါတယ်။
မီးရှို့ခံရမှုအများဆုံးကတော့ မူးဒူးရွာနဲ့ ဧကနိရွာတွေပါ။
ဧကနိရွာက ကိုမျိုးကတော့ ပြီးခဲ့တဲ့ သြဂုတ်လက သူရဲ့တစ်ထပ်တိုက်ကလေး မီးရှို့ခံရပြီးနောက်ပိုင်း တောထဲမှာပဲ တာလပတ်အမိုး တဲလေးနဲ့ပဲ နေပါတော့တယ်။
“ဒီအိမ်ရဖို့ ကျနော်တို့လင်မယား ထိုင်းမှသွားလုပ်စားတာ ၁၃ နှစ်ကြာတယ်။ အရမ်းနှမျောတာပေါ့ဗျာ” လို့ ကိုမျိုးက ပြောတယ်။
သူ့အိမ်ကတော့ တစ်ဝက်လောက်ပဲ ပျက်စီးသွားတာကြောင့် ပြုပြင်ပြီးနေမယ်ဆိုရင် ရနိုင်သေးတဲ့ အခြေအနေပါ။ ဒါပေမဲ့ နောက်တကြိမ်စစ်ကြောင်းဝင်လာပြီး မီးထပ်ရှို့မှာကို စိုးရိမ်တာကြောင့် တောထဲမှာပဲဆက်နေမယ်လို့ သူက ဆက်ပြောတယ်။
“ကျနော်တို့လင်မယားက စိတ်ဓာတ်မာတယ်။ ရတယ်၊ အစကပြန်စလို့ရတယ်” လို့ ကိုမျိုးက ပြောတယ်။
လက်ရှိမှာတော့ သူ့ရဲ့ဇနီးဖြစ်သူအပြင် သားနှစ်ယောက်နဲ့အတူ ထောက်ပံ့လှုဒါန်းတဲ့ ရိက္ခာတွေ၊ သူတို့မှာရှိတဲ့ ငွေကြေးလေးတွေနဲ့ စားဝတ်နေရေးကို ဖြေရှင်းနေပါတယ်။ အဲဒီထောက်ပံ့တာတွေ မရတော့ရင် ဘယ်လိုဆက်လုပ်မလဲဆိုတာကိုတော့ ကိုမျိုးမှာ အဖြေမရှိသေးပါဘူး။
ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ခံကတော့ တော်လှန်ရေးကိုထောက်ခံမှုများတဲ့ ရွာတွေဆိုပြီး စစ်ကောင်စီတပ်က ပစ်မှတ်ထား မီးရှို့ဖျက်ဆီးနေတာဖြစ်နိုင်တယ်လို့ သုံးသပ် ပါတယ်။
ရေဖြူဟာ တနင်္သာရီတိုင်းမှာ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခံရတဲ့ တစ်ခုတည်းသော မြို့နယ် ဖြစ်ပြီး ကျေးရွာ ၁၅ ခုလောက်က မကြာခဏဆိုသလို စစ်ကြောင်းထိုးတဲ့ ဒဏ်ခံနေရပါတယ်။
ရေဖြူနည်းတူ သရက်ချောင်းမြို့နယ်မှာလည်း စစ်ကောင်စီကအညှိုးတကြီးနဲ့ အကြမ်းဖက် လုပ်ရပ်တွေကို လုပ်ဆောင်နေတဲ့ရွာတွေရှိပါတယ်။
လွန်ခဲ့တဲ့ ငါးလ၊ ဇွန်လလောက်ကစလို့ သရက်ချောင်းမြို့နယ် အောက်ဘက်က ရငဲကျေးရွာကို စစ်ကောင်စီက တပ်စွဲပြီး အနီးအနားက ရွာခြောက်ရွာလောက်ကို နယ်မြေစိုးမိုးရေးလုပ်တဲ့ပုံစံနဲ့ စစ်ကြောင်းထိုးသွားလာတာတွေ ပြုလုပ်ပါတယ်။ တဆက်တည်းမှာပဲ နေအိမ်တွေကို မီးရှို့ပါတယ်။
ရငဲ၊ ကနက်သီရိ၊ ကျောက်ခမောက်၊ ကတွဲ၊ ဝဲရစ်နဲ့ သိမ်ကုန်းရွာတွေမှ ငါးလအတွင်း နေအိမ် ၂၄ ဆောင်ထက်မနည်းကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
ထိုင်းနိုင်ငံမှအလုပ်လုပ်ကိုင်နေတဲ့ လူငယ်မိန်းကလေးတစ်ယောက်ဖြစ်တဲ့ မဝါကတော့ သူရဲ့ဇာတိ ဝဲရစ်ရွာကနေအိမ်တွေ မီးရှို့ခံရတာကို အောက်တိုဘာလ ၁၉ ရက်နေ့က သတင်းမှာ တွေ့လိုက်တယ်။ သိပ်မကြာခင် သူသိလိုက်တာက မီးရှို့ခံရတဲ့အထဲမှာ သူအိမ်လည်း ပါတယ်ဆိုတာကိုပါပဲ။
“ဒါကျမ မမွေးခင်ကတည်းက ရှိခဲ့တဲ့အိမ်ပါ။ အခုအချိန်ထိ မဖြေဆည်နိုင်ဘူးဖြစ်နေတယ်” လို့မဝါကပြောတယ်။
သူဟာ ရွာကိုပြန်ဖို့ဆန္ဒရှိခဲ့သူပါ။ ဒါပေမယ့် သူပြန်စရာအိမ်မဲ့ခဲ့ပါပြီ။ ရှေ့ဆက်ပြီး ဘာလုပ်မယ်ဆိုတာကို သူဘာမှ မတွေးနိုင်တော့ကြောင်း မဝါကပြောရင်း သူ့အသံတွေ တိတ်သွားခဲ့ပါတယ်။
တနင်္သာရီတိုင်းမှာ မြို့နယ်ဆယ်ခုရှိတဲ့အထဲက မြို့နယ် ကိုးခုမှာ အရပ်သားနေအိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့ခဲ့ပါတယ်။ စစ်အာဏာသိမ်းချိန်ကစလို့ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်အထိ တနင်္သာရီတိုင်းအတွင်း နေအိမ် ၈၄၆ ဆောင်ထက်မနည်း မီးရှို့ခံခဲ့ရတယ်လို့ သုတေသန အဖွဲ့အစည်းဖြစ်တဲ့ ISP Myanmar က ထုတ်ပြန်ထားပါတယ်။
တနင်္သာရီတိုင်းစစ်ဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုဂျိုကာကတော့ ပြည်သူတွေရဲ့အိုးအိမ်တွေကို ကာကွယ်မပေးနိုင်တဲ့အပေါ် တောင်းပန်စကားဆိုပါတယ်။
“ကျနော်တို့ တောင်းပန်ပါတယ်။ ဒီထက်မက ကာကွယ်နိုင်အောင် ကြိုးစားနေပါတယ်။ အရပ်သားတွေ အသက်ပါပေးနေရတယ်။ ပြည်သူတွေ အားမလိုအားအရဖြစ်နေတယ်။ ကျနော်တို့သိပါတယ်” လို့ ကိုဂျိုကာက ပြောတယ်။
ဖြစ်စဥ်တခုချင်းစီကို မှတ်တမ်းတွေယူထားပြီး ပြန်လည်ထူထောင်ရေးကာလ ရောက်ရင် အတတ်နိုင်ဆုံးနဲ့ အကောင်းဆုံး၊ နဂိုမူရင်းဘဝနဲ့အနီးစပ်ဆုံး အခြေအနေထိရောက်အောင် ကြိုးစားပေးသွားမယ်လို့လည်း သူကဆိုပါတယ်။
ISP Myanamar ရဲ့အချက်အလက်တွေအရ စစ်တပ်က အာဏာသိမ်းပြီး နှစ်နှစ်ခွဲကျော်ကာလမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ မြို့နယ် ၁၁၀ မှာ မီးရှို့ခံရတဲ့နေအိမ် ၈၆၀၀၀ ကျော်ရှိပြီလို့ သိရပါတယ်။
မီးရှို့ခံရမှုအများဆုံးကတော့ စစ်ကိုင်းတိုင်းမှာပါ။
တနင်္သာရီတိုင်းကတော့ တိုင်းနဲ့ပြည်နယ် ၁၄ ခုထဲမှာ အများဆုံး မီးရှို့ခံရမှု နံပါတ် ရှစ်နေရာမှာ ရှိပါတယ်။
အိမ်ဆိုဟာ လူတိုင်းရဲ့အိမ်မက်ပါ။ လူသားတွေအတွက် အခြေခံလိုအပ်ချက်တွေထဲက အရေးကြီးဆုံးအရာဖြစ်သလို မိသားစုတွေ ပိုင်ဆိုင်တဲ့ ကိုယ်ပိုင်နိုင်ငံ တစ်ခုလည်း ဖြစ်ပါတယ်။
တနင်္သာရီဒေသမှာ ဒီကနေ့လည်း အနက်ရောင်မီးခိုးတွေ အူနေပါတယ်။ မုန်တိုင်းကြောင့် ရွာသွန်းနေတဲ့ လက်ကျန်မိုးဖွဲဖွဲတွေကြားမှာပဲ မီးခိုးတန်းဟာ ထင်ထင်ရှားရှား။ ဒါက၊ ကျေးလက်တနေရာက ပြည်သူတွေရဲ့ အနာဂတ်နဲ့ အိမ်မက်တွေကို လောင်ကျွမ်းနေတာ အသေအချာပါပဲ။
(သတင်းအရင်းအမြစ်တွေရဲ့လုံခြုံရေးအခြေအနေတွေအရ နာမည်လွှဲတွေကိုအသုံးပြုထားပါတယ်)
ခေတ်
The Tanintharyi Times
