တနင်္သာရီတိုင်းရဲ့ နွေဦးတော်လှန်ရေး ရက်တစ်ထောင်
တနင်္သာရီတိုင်းရဲ့ နွေဦးတော်လှန်ရေး ရက်တစ်ထောင်
ပြီးခဲ့တဲ့ရက်ပိုင်းမှာ စစ်ကောင်စီ စီစဉ်ထားတဲ့ ထားဝယ်ရိုးရာ သပိတ်မျှောပွဲ ကျင်းပမယ့် နေရာ၊ ထားဝယ်မြို့ ကမ်းနားလမ်းမှာ ဗုံးပေါက်ကွဲခဲ့ပါတယ်။
စစ်ကောင်စီဟာ သူတို့ဆီမှာ အာဏာစက် တည်ရှိကြောင်း ပြသတဲ့အနေနဲ့ ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားကတည်းက ရပ်နားထားခဲ့တဲ့ မြန်မာနိုင်ငံအနှံ့ ရိုးရာယဉ်ကျေးမှု ပွဲတော်တွေကို ကျင်းပဖို့ ဖိအားပေးနေပါတယ်။
တော်လှန်ရေးအင်အားစုတွေဘက်ကလည်း နာရေးဖြစ်နေတဲ့ တိုင်းပြည်မှာ ပျော်ပွဲရွှင်ပွဲတွေ မလုပ်ကြဖို့ တိုက်တွန်းနေပြီး ဒီလို ဖိအားပေးမှု တိုက်တွန်းမှု နှစ်ဖက်ကြားမှာ ဗုံးပေါက်ကွဲသံတွေ တညံညံထွက်ပေါ်လာနေတာ ဖြစ်ပါတယ်။
ဒီလို ဗုံးပေါက်ကွဲသံနဲ့အတူ တိုက်ပွဲတွေ မိုင်းပေါက်ကွဲမှု ဖြစ်စဉ်တွေ တနင်္သာရီတိုင်းထဲမှာ တစ်လကို အကြိမ် ၄၀ ကနေ ၅၀ အထိ ရှိခဲ့ပါတယ်။ စက်တင်ဘာလ တစ်လထဲမှာ အကြိမ်ရေ ၅၄ ကြိမ်အထိ ရှိခဲ့တယ်လို့ သုတေသနအဖွဲ့အစည်း FE5 Tanintharyi ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ထားဝယ်သပိတ်မျှော်ပွဲ ကျင်းပမယ့်နေ့ဖြစ်တဲ့ သီတင်းကျွတ်လပြည့်နေ့ဟာ တော်လှန်ရေးဘက်က ကြည့်ရင် ပြည်သူတော်လှန်ရေး ရက်ပေါင်း ၁၀၀၀ ပြည့်တဲ့နေ့လည်း ဖြစ်ပါတယ်။
တော်လှန်ရေးအင်အားစုတွေကတော့ ရက်တစ်ထောင်အထိ ပြည်သူတွေဟာ အသက်၊ သွေး၊ ချွေး၊ အိုးအိမ်၊ စည်းစိမ်တွေနဲ့ ဘဝပေါင်းများစွာကို စတေးပြီး အရင်းအနှီးကြီးကြီးမားမား ပေးဆပ်နေရတဲ့အပေါ် လေးလေးနက်နက် ဦးညွတ်ဂုဏ်ပြုပါတယ်၊ အကြိမ်ကြိမ်အခါခါ ဂါရဝပြုလိုက်ပါတယ်လို့ ထုတ်ပြန်ထားပါတယ်။
တော်လှန်ရေးရက်ပေါင်းတစ်ထောင်၊ ၃ နှစ်ပြည့်ဖို့ အချိန် ၃ လ အလို။ ဒီလိုအချိန်အခါမှာ တနင်္သာရီတိုင်း ကတော့ လက်နက်ကိုင်တော်လှန်ရေးရော အကြမ်းမဖက် လူထုလှုပ်ရှားမှုပါ အရှိန်အဟုန်နဲ့ ခရီးဆက်နေဆဲပါပဲ။
လက်နက်ကိုင်တော်လှန်ရေး
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တနင်္သာရီတိုင်းမှာ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့ပေါင်း ၆၀ လောက် ရှိလာတယ်လို့ ခန့်မှန်းပြောဆိုမှုတွေ ရှိပါတယ်။
အခုနှစ်ထဲ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တို့ကြား တိုက်ပွဲ ဖြစ်ပွားမှုဟာ အကြိမ်ရေ ၃၀၀ ကျော် ဖြစ်ပွားခဲ့ပြီး ထားဝယ်၊ ရေဖြူ၊ လောင်းလုံး၊ သရက်ချောင်း၊ တနင်္သာရီ၊ ပုလောနဲ့ ကော့သောင်း မြို့နယ်တွေမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ပုလောမြို့နယ်ထဲမှာတော့ စစ်ပွဲ အပြင်းထန်ဆုံးနေရာလို့ FE5 Tanintharyi က ညွှန်းဆိုထားပါတယ်။
တနင်္သာရီတိုင်း အခြေစိုက် သတင်းမီဒီယာတွေရဲ့ ထုတ်ပြန်ချက်အရ နှစ်နှစ်အတွင်းမှာ ဒေသခံပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၀၀ ကျော် ကျဆုံးခဲ့ပြီး ပြီးခဲ့တဲ့ စက်တင်ဘာလကဆိုရင် PDF ရဲဘော် ၁၅ ဦးအထိ အများဆုံးကျဆုံးခဲ့ရတဲ့လ ဖြစ်ခဲ့ပါတယ်။
စစ်ကောင်စီရဲ့ ထိုးစစ်ဆင်မှုကြောင့် ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ DGRF (ပကဖ) စခန်း၊ ရေဖြူမြို့နယ် (ပကဖ) အဖွဲ့ဝင် ဇင်ယော်တပ်စုစခန်း၊ ရွှေဘီလုံးတပ်ဖွဲ့ (ပကဖ) စခန်း၊ တနင်္သာရီအနာဂတ်အလင်း TPDF စခန်းနဲ့ သရက်ချောင်းမြို့နယ် သိမ်းငှက်ပြောက်ကျားတပ်ဖွဲ့စခန်း စတဲ့ စခန်း ၅ ခု အထိ ဆုံးရှုံးခဲ့ရတဲ့ အခြေအနေတရပ်လည်း ရှိခဲ့ပါတယ်။
အခုနှစ်ထဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က စစ်ကောင်စီတပ်ကို ၇၂ ကြိမ်အထိ မိုင်းဆွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ်သား သေဆုံးမှု အရေအတွက် တိတိကျကျကိုတော့ မသိရှိပါ။
တနင်္သာရီတိုင်းထဲမှာ တိုင်းရင်းသားလက်နက်ကိုင် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၄၊ မွန်ပြည်သစ်ပါတီ NMSP နဲ့ ကော်သူးလေတပ်မတော် KTLA စတဲ့ တပ်ဖွဲ့တွေလည်း ရှိပါတယ်။
လက်နက်ကိုင်တပ်ဖွဲ့ အများစုဟာ စစ်ကောင်စီနဲ့ တိုက်ပွဲဖော်ဆောင်နေပြီး နောက်ဆုံးရရှိတဲ့ သတင်းအချက်အလက်အရ စက်တင်ဘာလထဲမှာတော့ EAO အချင်းချင်းကြားနဲ့ PDF အချင်းချင်းကြား ထိတွေ့တိုက်ပွဲ တစ်ကြိမ်စီ ဖြစ်ခဲ့ပါတယ်။
တနင်္သာရီအခြေစိုက် နဂါးနက်အဖွဲ့နဲ့ တနင်္သာရီ PDF တို့ကြား တစ်ကြိမ်၊ KNU တပ်မဟာ ၄ နဲ့ ကော်သူးလေတပ်မတော်ကြား တစ်ကြိမ် ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
အခုလို စစ်ကောင်စီနဲ့ မဟုတ်ဘဲ အချင်းချင်းကြားထိတွေ့တိုက်ပွဲတွေပါ ဖြစ်လာတဲ့အခြေအနေအပေါ်မှာ စစ်ရှောင်ပြည်သူတွေအတွက် လူသားချင်းစာနာမှု ကူညီပေးရေး လုပ်ငန်းစဉ်ထဲ ပါဝင်နေသူ ကိုယောနသံကတော့ “ဒီအချိန်ကာလအတွင်းမှာ တော်လှန်ရေးအင်အားစုတွေအနေနဲ့ ဘယ်လိုပြုမူရင် ဘယ်လိုအခြေအနေတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရမလဲ၊ ရန်သူက ကိုယ့်အပေါ်ဘယ်လိုသဘောထားဆက်ဆံနေလဲ၊ ပြည်သူလူထုကရော ဘယ်လိုသဘောထားဆက်ဆံလဲ စသဖြင့် မျက်မြင်ကြုံတွေ့ပြီးသား ဖြစ်ကြလိမ့်မယ်။ အရေးကြီးဆုံးကတော့ ဒါတွေကို ပြတ်ပြတ်သားသား မြင်တတ်ပြီး သင်ခန်းစာ ယူတတ်ဖို့ပါပဲ “ လို့ ပြောပါတယ်။
လက်နက်ကိုင်ဆောင်ထားတဲ့ တပ်ဖွဲ့ဝင်တွေဟာ တော်လှန်ရေးနှစ်ကာလ ကြာရှည်လာတာနဲ့အမျှ ဘဏ္ဍာငွေရှာဖွေရ လွယ်ကူတဲ့ စိုးမိုးနယ်မြေတွေ သူ့ပိုင်နက် ကိုယ့်ပိုင်နက် အငြင်းပွားမှုတွေ ရှိလာနိုင်တဲ့ သာဓကတွေ များစွာ မြန်မာပြည်မှာ ဖြစ်ပေါ်ခဲ့ပြီး နွေဦးတော်လှန်ရေးအနာဂတ်ဖြတ်သန်းမှုမှာတော့ စစ်ပွဲတွေကို နိုင်ငံရေး ဦးဆောင်မှုတစ်ခုအောက်ကနေ တပ်ပေါင်းစုတစ်ခု တည်ဆောက်နိုင်ရေး NUG ရော EAO ဘက်ကပါ ကြိုးစားနေပေမယ့် အားရစရာ အခြေအနေ မရောက်သေးဘူးလို့ နိုင်ငံရေးလေ့လာသူတွေ သုံးသပ်နေကြပါတယ်။
အခုအချိန်မှာတော့ စစ်ကောင်စီဟာ တနင်္သာရီတိုင်းကို ရေကြောင်းနဲ့ပါ ထိုးစစ်ဆင်လာပြီး စက်တင်ဘာလထဲမှာ ပုလောပြည်သူ့ကာကွယ်ရေးတပ်၊ တပ်ရင်း ၁ နဲ့ စစ်ကောင်စီရေတပ်စစ်သင်္ဘောတို့ ပုလောပင်လယ်ပြင်မှာ ပထမဆုံး အကြိမ် တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။
အကြမ်းမဖက်လူထုဖီဆန်ရေး တိုက်ပွဲ
တနင်္သာရီတိုင်းရဲ့ အကြမ်းမဖက် လူထုဖီဆန်ရေး တိုက်ပွဲ သပိတ်စစ်ကြောင်းတွေဟာ မြန်မာပြည်အောက်ပိုင်းမှာတော့ အင်အားအကောင်းဆုံး သပိတ်တိုက်ပွဲ ဖြစ်တယ်လို့ သုံးသပ်သူတချို့ ရှိပါတယ်။
ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ DDMSC က ဦးဆောင်တဲ့ လောင်းလုံးမြို့နယ်ထဲက လူထုလှုပ်ရှားမှုတွေဟာ အောင်အောင်မြင်မြင် ဖော်ဆောင်နေဆဲ ဖြစ်ပါတယ်။
“ကျနော်တို့က လူထုသပိတ်လှုပ်ရှားမှုကို ယုံကြည်တယ်ဗျ။ လက်နက်မရှိတဲ့ လူထုအင်အားက နိုင်ငံရေးစနစ်တစ်ခုကို ပြောင်းလဲနိုင်တဲ့ နိုင်ငံရေးအယူအဆကို လက်ခံယုံကြည်တယ်။ ဒါကြောင့် ဒီနေ့အထိ လက်နက်မဲ့ လူထုတိုက်ပွဲကို ဖော်ဆောင်ဖို့ ကြိုးစားနေဆဲ ဖြစ်တယ်ပေါ့ဗျာ “ လို့ သပိတ်ဦးဆောင်ကော်မတီဝင် ကိုမင်းလွင်ဦးက ပြောပါတယ်။
လတ်တလောမှာတော့ စစ်ကောင်စီရဲ့ တပ်ပိုင်ကုန်ပစ္စည်းတွေ မသုံးစွဲဖို့ လှုံ့ဆော်တဲ့ “ဖက်ဆစ်ဝင်ငွေဖြတ်တောက် ပြည်သူ့ဘဏ္ဍာတည်ဆောက်” သပိတ်စစ်ကြောင်းတွေ ဆက်တိုက် ဖော်ဆောင်နေသလို နှင်းဆီရောင် အမျိုးသမီးသမဂ္ဂက ဦးဆောင်တဲ့ လူထုကြား အမျိုးသမီး အခွင့်အရေး၊ LGBT အခွင့်အရေး၊ လူ့အခွင့်အရေးဆိုင်ရာတွေကို ပြောဆိုစည်းရုံးမှုတွေလည်း လုပ်ဆောင်နေခဲ့ပါတယ်။
တနင်္သာရီပြည်သူတွေ
တနင်္သာရီတိုင်းဟာ စစ်ဘေးစစ်ဒဏ်ကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူ ၄၅၀၀၀ ကျော်အထိရှိလာပြီး ဩဂုတ်လနောက်ပိုင်းမှာ စစ်ရှောင် ၁၀၀၀၀ အထိ တိုးလာခဲ့တယ်။
ထားဝယ်ခရိုင် ၄ မြို့နယ်ဖြစ်တဲ့ ထားဝယ်၊ သရက်ချောင်း၊ လောင်းလုံး၊ ရေဖြူမှာ စစ်ရှောင် ၂၂၄၀၀ လောက်အထိ ရှိနေပြီး ထားဝယ် အရှေ့တော၊ သရက်ချောင်း ကနက်သီရိ၊ ရေဖြူ နဘုလယ်ဒေသတွေမှာ စစ်ရှောင်အရေအတွက် ပိုများသလို လောင်းလုံးအောက်ပိုင်း ညောပြင်ဒေသမှာ စစ်ရှောင်တွေ ရှိနေဆဲ အခြေအနေဖြစ်ပါတယ်။
စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ ပုလောနဲ့ တနင်္သာရီမှာ နေရပ်စွန့်ခွာသူ ၂၃၂၀၀ ကျော်အထိရှိပြီး ပုလော စစ်ရှောင်စခန်းမှာ နေထိုင်နေရသူ ၁၅၀၀ ကျော်အထိ ရှိနေတယ်လို့ FE5 Tanintharyi မှာ ဖော်ပြထားပါတယ်။
တနင်္သာရီတိုင်းပြည်သူတွေရဲ့ နေအိမ်ပေါင်း ၇၀၀ နီးပါးလောက် စစ်ကောင်စီက မီးရှို့ခဲ့ပြီး ပုလောမှာ နေအိမ် ၄၀၀ နီးပါးနဲ့ အများဆုံး မီးရှို့ခံရတဲ့ မြို့နယ်လည်း ဖြစ်ပါတယ်။
“ဘဏ္ဍာရေးလိုအပ်ချက်နဲ့ လူ့စွမ်းအားအရင်းအမြစ်လိုအပ်ချက်တွေက အဓိကစိန်ခေါ်ချက်တွေ ဖြစ်နေပါတယ်။ စားနပ်ရိက္ခာ၊ ဆေးဝါး ပညာရေးအတွက် သင်ထောက်ကူပစ္စည်းတွေ၊ အမိုးအကာနဲ့ အခြားသောလူသုံးကုန်ပစ္စည်းတွေ ဝယ်ယူသုံးစွဲဖို့၊ ကျန်းမာရေးနဲ့ ပညာရေးဘက်က ကျွမ်းကျင်တဲ့သူတွေ အခြားသော စီမံခန့်ခွဲရေး သယ်ယူပို့ဆောင်ရေး အစသဖြင့် လူ့စွမ်းအားအရစ်အမြစ် အများကြီး လိုအပ်ပါတယ်” လို့ ကိုယောနသံက ပြောပါတယ်။
လောင်းလုံးဒေသခံ ပြည်သူတစ်ဦးကတော့ စစ်ပွဲတွေ ရှိလာရင် ပြည်သူတွေ ထိခိုက်မှု ဖြစ်လာမှာ လူမှုစီးပွားဘဝ ကျပ်တည်းလာမှာက သဘာဝပဲလို့ မှတ်ချက်ချပါတယ်။
ပြည်သူတွေရဲ့ အသက် လုံခြုံရေး
စစ်အာဏာသိမ်းမှုအချိန်ကြာလာတာနဲ့ အမျှ အရပ်သားတွေအနေနဲ့ စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးနှိပ်စက်သတ်ဖြတ်နေတာတွေအပြင် တစ်ဖက်မှာလည်း တချို့သောပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ ဖမ်းဆီးသတ်ဖြတ်ခံရမှာကို စိုးရိမ်နေရတာတွေလည်း ရှိလာနေပါတယ်။
လောင်းလုံးမြို့နယ်မှာ စစ်ကောင်စီကို သတင်းပေးနေတဲ့ ဒလန် စွပ်စွဲချက်နဲ့ ၃ လအတွင်း လူ ၇ ဦးကို ရှင်းလင်းလိုက်တယ်လို့ လောင်းလုံး အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ချက်ထွက်လာပြီးနောက်မှာ အရပ်သားတွေရဲ့ စိုးရိမ်မှုက အသံပိုကျယ်လာခဲ့ပါတယ်။
အသက် ၆၀ ကျော် မယ်သီလရှင်တစ်ပါး၊ အသက် ၈၀ အရွယ် အဘိုးနဲ့ အဘွား အပါအဝင် စစ်ရေးပစ်မှတ်မဟုတ်တဲ့ လူ ၇ ဦး ဖြစ်ပါတယ်။
အစွပ်စွဲခံရသူ ၇ ဦးကို ရှင်းလင်းသတ်ဖြတ်လိုက်တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး လောင်းလုံးဒေသခံ ပြည်သူတစ်ဦးက “ အလောင်းတောင် မရှိတော့ဘူး။ ဘယ်နားမှာ သတ်လဲ၊ အလောင်းလည်း မိသားစုတွေ မရဘူး။ လူတယောက်ကို ဘာမှ သေသေချာချာ မစိစစ်ဘဲနဲ့ မျှတတဲ့ တရားစီရင်မှုတွေ မလုပ်ဘဲနဲ့ သတ်ချင်သလို သတ်ပြီးတော့ လူသတ် အလောင်းဖျောက်ပြီးတော့မှ ဒလန်လုပ်လို့ သတ်တယ်ဆိုတဲ့ဟာက အဓိပ္ပာယ်မရှိဘူး“လို့ ဝေဖန်ပါတယ်။
လောင်းလုံးမြို့နယ်အပါအဝင် တနင်္သာရီတိုင်းထဲက မြို့နယ်အားလုံးမှာ စစ်ကောင်စီသတင်းပေး၊ ဒလန်လို့ခေါင်းစဥ်နဲ့အသတ်ခံရသူတွေ၊ လက်သယ်မပေါ်ဘဲ အသတ်ခံရသူတွေရှိခဲ့ပြီး အဲဒီလိုသတ်ဖြတ်မှုတွေနဲ့ ပတ်သက်လို့ ဝေဖန်မှုတွေလည်း ရှိလာနေပါတယ်။
“ ပုဂ္ဂိုလ်ရေးမကျေနပ်ချက်အရ ရှင်းလင်းတာမျိုးတွေ တစ်ဦးတစ်ယောက်ရဲ့ ပြောဆိုမှု ချောက်ချမှုကြောင့် ရှင်လင်းလိုက်တာမျိုးတွေ ရှိနေတယ်။ အဲဒီရှင်းလင်းလိုက်တဲ့အပေါ်မှာလည်း တာဝန်ယူမှု တာဝန်ခံမှုတွေ ရှိသင့်တယ်။ တော်လှန်ရေးကာလအလွန်မှ တာဝန်ယူမှာလား၊ တော်လှန်ရေးကာလအတွင်းမှာပဲ ကိုယ့်အဖွဲ့အစည်း အချင်းချင်းကရော အရေးယူမှုတွေ လုပ်နိုင်မလားဆိုတာကို စောင့်ကြည့်သင့်သလို အချင်းချင်းကြားမှာလည်း ထိန်ကြောင်းပေးဖို့ လိုတယ် “ လို့ ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အမျိုးသမီးစစ်သည်တော် Kino က ဒလန်ရှင်းလင်းရေး ကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲတစ်ခုမှာ တိုက်တွန်းခဲ့ဖူးပါတယ်။
တနင်္သာရီတိုင်း နိုင်ငံရေး စုဖွဲ့မှု
တနင်္သာရီတိုင်းရဲ့ နိုင်ငံရေး စုဖွဲ့မှုဟာ လွတ်လွတ်လပ်လပ်ပြောဆိုဆွေးနွေးလို့ရတဲ့ ပလက်ဖောင်း တခု ပေါ်လာဖို့ လိုအပ်နေတယ်လို့ ဒေါန -တနင်္သာရီ စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့ မြေပြင်တာဝန်ခံ ကိုယောနသံက ထောက်ပြပါတယ်။
“ ကျနော်တို့ဟာ ဘယ်နိုင်ငံရေး Ideology အပေါ်မှာ အခြေခံပြီး စုဖွဲ့ကြမလဲ။ ကျနော်တို့ တော်လှန်ရေးအင်အားစုအချင်းချင်းကြားမှာ အကြေအလည်ဆွေးနွေးဖို့ လိုအပ်ပါတယ် “ လို့ သူက ပြောပါတယ်။
တနင်္သာရီပြည်သူတွေဟာ တနိုင်ငံလုံးက ပြည်သူတွေ မျှော်မှန်းသလိုပဲ ဖက်ဒရယ်ယူနစ်နဲ့ သွားဖို့ ရည်သန်ကြပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ တနင်္သာရီတိုင်းဟာ အတိုင်ပင်ခံကောင်စီလို နိုင်ငံရေးဦးဆောင်မှု အစုအဖွဲ့မရှိသေးသလို ပြည်သူ့အုပ်ချုပ်ရေးကဏ္ဍတွေဟာလည်း အမျိုးသားညီညွတ်ရေးအစိုးရ NUG နေတဆင့် ဗဟိုစီးဆင်းမှု ပုံစံဆန်တဲ့ နိုင်ငံရေး စနစ်နဲ့သာ မောင်းနှင်နေရတဲ့ သဘောဆောင်နေတယ်လို့ နိုင်ငံရေးလေ့လာသူတစ်ဦးက သုံးသပ်ပါတယ်။
တနင်္သာရီတိုင်းမှာ တော်လှန်ရေး အင်အားစုပေါင်း ရာချီရှိတယ်လို့ ခန့်မှန်းပြောဆိုမှုတွေ ရှိပါတယ်။ ဒီလိုရှိတာက အားသာချက်အနေနဲ့ မတူညီတဲ့ နယ်မြေအသီးသီးမှာ အကူအညီပေးရေး လုပ်ငန်းတွေ ပိုလုပ်ဆောင်နိုင်တာ ရှိပေမယ့် အချင်းချင်းမျှဝေ၊ ဆွေးနွေးတိုင်ပင်ပြီး အလုပ်လုပ်နိုင်တဲ့ အခင်းအကျင်းမျိုး ရှိမှသာ ပြည်သူလူထုအတွက် ပိုပြီးတော့ အကျိုးဖြစ်ထွန်းမယ်လို့ ကိုယောနသံက မြင်ပါတယ်။
လူထုလှုပ်ရှားမှု သပိတ် ခေါင်းဆောင် ကိုမင်းလွင်ဦးကတော့ “တော်လှန်ရေးဟာ ဘောလုံးကန်သလို တဖက် ၁၁ ယောက်နဲ့ မိနစ် ၉၀ ကန်လို့ မရဘူးဗျ။ ကျနော်တို့ နားလည်တာက ဘယ်လောက်ကြာရင် ပြီးမယ်ဆိုတာမျိုး ပြည်သူလူထုကို မျှော်လင့်ချက်အမှားတွေ ပြောနေမယ့်အစား တော်လှန်ရေးကို ရေရှည်ထိန်းထားနိုင်ဖို့က လူထုဆီမှာ အတွေးအခေါ်တော်လှန်ရေးတရပ် တည်ဆောက်ပေးဖို့ လိုတယ် “ လို့ ပြောဆိုပါတယ်။
ပြည်သူတွေရဲ့ စွန့်လွှတ်အနစ်နာခံမှုဟာ တော်လှန်ရေးရဲ့ ကြီးမြတ်တဲ့ ဂုဏ်သိက္ခာဖြစ်ပြီး ဘယ်တော်လှန်ရေး အစိတ်အပိုင်းမှာမဆို အပြစ်မကျူးလွန်းထားတဲ့ စံနှုန်းတွေကို လိုက်နာတဲ့ သန့်ရှင်းတဲ့ တော်လှန်ရေးတစုံလုံး ဖြစ်နေဖို့ ပြည်သူတွေက လိုလားနေကြတယ်လို့ လည်း သူက ဆက်ပြောပါတယ်။
စစ်အာဏာရှင်စနစ် အမြစ်ပြတ် ဖြုတ်ချရေးကို ဦးတည်နေတဲ့ နွေဦးတော်လှန်ရေး ရက်တစ်ထောင် ခရီးကို ရှေ့ဆက်နိုင်ဖို့အတွက်တနင်္သာရီတိုင်းရှိ အင်အားစုအသီးသီးနဲ့တကွ အရပ်သားပြည်သူတွေဟာ မလုံခြုံတဲ့အခြေအနေအောက်မှာ “ လက်နက်ကိုင်တော်လှန်ရေးက ဘေးထွက်ဆိုးကျိုး အများကြီးမဖြစ်အောင် တော်လှန်ရေးအင်အားလုံးစုတွေ အားလုံးက အတူတူသွားဖို့ လိုမယ်” ဆိုတဲ့ ဘုံသဘောတူညီမှု စိတ်ဆန္ဒတွေ ရှိကြမှာ အသေအချာပဲ ဖြစ်ပါတယ်။

