တနင်္သာရီတိုင်းမှာ သြဂုတ်လအတွင်း အရပ်သား ၁၇ ဦးထက်မနည်း အသတ်ခံရ
တနင်္သာရီတိုင်းမှာ သြဂုတ်လအတွင်း အရပ်သား ၁၇ ဦးထက်မနည်း အသတ်ခံရ
တိုက်ပွဲအတွင်းမဟုတ်ဘဲ ပစ်ခတ်ခံရမှုတွေ၊ သတ်ဖြတ်ခံရမှုတွေကြောင့် တနင်္သာရီတိုင်းမှာပြီးခဲ့တဲ့ သြဂုတ်လအတွင်း သေဆုံးခဲ့တဲ့ အရပ်သား အရေအတွက်ဟာ စုစုပေါင်း ၁၇ ဦး ရှိခဲ့ပါတယ်။
သေဆုံးခဲ့သူတွေက စစ်ကောင်စီတပ်ကအကြောင်းမဲ့ ပစ်သတ်ခဲ့တဲ့ အရပ်သားတွေ၊ ပြည်သူ့ကာကွယ်ရေးတပ်က ပစ်သတ်ခဲ့တဲ့ ပျူစောထီး၊ စစ်ကောင်စီသတင်းပေးနဲ့ လက်သည်မပေါ်ဘဲ ပစ်သတ်ခံရသူတွေပဲ ဖြစ်ပါတယ်။
အဲဒီဖြစ်စဥ်တွေဟာ တနင်္သာရီတိုင်းထဲက မြို့နယ် ၁၀ ခုထဲက ၇ ခုမှာဖြစ်ပွားခဲ့တာပါ။ အဲဒီမြို့နယ်တွေကတော့ ထားဝယ်၊ လောင်းလုံး၊ ရေဖြူ၊ ပုလော၊ တနင်္သာရီ၊ ဘုတ်ပြင်းနဲ့ ကော့သောင်းမြို့နယ်တွေ ဖြစ်ပါတယ်။
◉ ထားဝယ်မြို့နယ်
အသတ်ခံရသူ ၃ ဦး ရှိပါတယ်။
ထားဝယ်မြို့နယ်မှာရှိတဲ့ ဟိန္ဒားရွာက ပျူစောထီးတစ်ဦးဟာ ဖမ်းဆီးခေါ်ဆောင်သွားတာ ခံရပြီးနောက် ပစ်သတ်ခံခဲ့ရသလို မောင်မယ်ရှောင်ကျေးရွာက စစ်ကောင်စီတပ်အတွက်အလုပ်လုပ်ပေးနေတဲ့ တပ်မိသားစုဝင် အမျိုးသားနှစ်ဦးလည်း ဖမ်းဆီးသွားပြီးနောက် ပစ်သတ်ခံခဲ့ရပါတယ်။
အဲဒီ အမျိုးသား ၃ ဦးစလုံးကို ဘယ်အဖွဲ့၊ ဘယ်သူတွေကပစ်သတ်ခဲ့တယ်ဆိုတာကိုတော့ ထုတ်ပြန်ထားတာမျိုး မရှိခဲ့ပါဘူး။
◉ လောင်းလုံးမြို့နယ်
အသတ်ခံရသူ ၂ ဦး ရှိပါတယ်။
လောင်းလုံးမြို့နယ်၊ စမ်းလှမ်းရွာက ပျူစောထီးတစ်ဦး ဆိုင်ကယ်နဲ့လာနေတုန်း ပြည်သူ့ကာကွယ်ရေးတပ်တွေက စောင့်ကြိုပစ်ခတ်ခဲ့လို့ သေဆုံးခဲ့ပါတယ်။ ခမောင်းတောင်ရွာမှာတော့ လက်နက်ကိုင်လူတစ်စုက ဖမ်းဆီးသွားတယ်လို့ သတင်းထွက်ပြီးတဲ့နောက် သေဆုံးနေတဲ့ အမျိုသားရဲ့အလောင်းကို တွေ့ခဲ့ပါတယ်။
◉ ရေဖြူမြို့နယ်
အသတ်ခံရသူ ၂ ဦး ရှိပါတယ်။
ရေဖြူမြို့နယ်အနောက်ဖက်ကမ်းက ရပ်တော်မူဘုရားအနီးမှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ကျည်ဆံထိမှန်ခဲ့တဲ့ အသက် ၄၃ နှစ်အရွယ် ဒေါ်သွယ်သွယ်ဝင်းဟာ ဒဏ်ရာရရှိပြီး ၈ ရက်အကြာမှာသေဆုံးခဲ့ပါတယ်။ ကျောက်ရှပ်ရွာက စစ်ကောင်စီသတင်းပေးတစ်ဦးကိုတော့ ပြည်သူ့ကာကွယ်ရေးတပ်တွေက ပစ်သတ်ခဲ့ပါတယ်။
◉ ပုလောမြို့နယ်
အသတ်ခံရသူ ၂ ဦး ရှိပါတယ်။
ပုလောမြို့နယ်ထဲက ပလမြို့မှာ သံတိုသံစလိုက်ဝယ်တဲ့ အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က အကြောင်းမဲ့ ပစ်သတ်ခဲ့ပါတယ်။ ကြဲရွာက အမျိုးသားတစ်ဦးကိုတော့ အမည်မသိအဖွဲ့တစ်ခုက ပစ်သတ်ပြီးနောက် အလောင်းစွန့်ပစ်ခဲ့ပါတယ်။
◉ တနင်္သာရီမြို့နယ်
အသတ်ခံရသူ ၃ဦး ရှိပါတယ်။
တနင်္သာရီမြို့နယ်မှာရှိတဲ့ တမုတ်ချုံးရွာမှာဒေသခံအမျိုးသားတစ်ဦးကို ကင်းပုန်းဝပ်နေတဲ့စစ်ကောင်စီတပ်သားတွေက ပစ်သတ်ခဲ့ပါတယ်။ ထုံနွယ်ရွာက ကျောင်းဝန်ထမ်း အမျိုးသမီးတစ်ဦးနဲ့ အနောက်စုရွာက စစ်ကောင်စီသတင်းပေးဆိုသူ အမျိုးသားတစ်ဦးကိုတော့ အမည်မသိအဖွဲ့တစ်ခုက ပစ်သတ်ခဲ့ပါတယ်။
◉ ဘုတ်ပြင်းမြို့နယ်
အသတ်ခံရသူ ၂ ဦး ရှိပါတယ်။
ဘုတ်ပြင်းမြို့နယ်မှာတော့ ထောင်မွန်ကျေးရွာက ဇနီးမောင်နှံနှစ်ဦး ဥယျာဥ်ခြံတစ်ခုထဲမှာ လက်လုပ်သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။ သူတို့ကို ဘယ်သူတွေကပစ်သတ်သွားတယ်ဆိုတာကိုတော့ အခုအချိန်အထိ လက်သည်မပေါ်ခဲ့ပါဘူး။
◉ ကော့သောင်းမြို့နယ်
အသတ်ခံရသူ ၃ ဦး ရှိပါတယ်။
ကော့သောင်းမြို့နယ်က ခမောက်ကြီးမြို့မှာ စစ်ကောင်စီသတင်းပေးဆိုသူ ၃ ဦး နှစ်ရက်အတွင်း ပစ်သတ်ခံခဲ့ရပါတယ်။ သူတို့ ၃ ဦးစလုံးကိုတော့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပစ်သတ်ခဲ့တာဖြစ်ပါတယ်။
အခုဖော်ပြခဲ့တဲ့ အချက်အလက်တွေဟာ တနင်္သာရီတိုင်းမ်သတင်းဌာနက အတည်ပြုထားတဲ့အချက်အလက်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ထုတ်ပြန်ချက်တွေကို အခြေခံထားတာဖြစ်ပါတယ်။ မြေပြင်မှာ တခြား ဖြစ်စဉ်တွေ ရှိနေနိုင်တဲ့အတွက် အရပ်သားအသတ်ခံရမှုဟာ ဒီအချက်အလက်ထက် ပိုများနိုင်ပါတယ်။
နှစ်ဖက်တိုက်ပွဲဖြစ်ပွားတာနဲ့ စခန်းတွေ ဝင်ရောက်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တဲ့ လက်နက်ကိုင်ပျူစောထီးအရေအတွက်ကိုတော့ ဒီစာရင်းထဲမှာ ထည့်သွင်းမထားပါဘူး။
ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းမှာလည်း တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီတပ်ကအကြောင်းမဲ့ ပစ်သတ်ခဲ့တဲ့ အရပ်သားတွေ၊ ပြည်သူ့ကာကွယ်ရေးတပ်က ပစ်သတ်ခဲ့တဲ့ အုပ်ချုပ်ရေးမှူး၊ ပျူစောထီးနဲ့ လက်သည်မပေါ်ဘဲ ပစ်သတ်ခံရသူ ၉ ဦးထက်မနည်း ရှိခဲ့ပါတယ်။
The Tanintharyi Times
