အာဏာရှင် ထွက်ဖို့လမ်း
အာဏာရှင် ထွက်ဖို့လမ်း
ရှေ့ပြေးသန်းခေါင်စာရင်းကောက်ယူမှုကို စတင်ခဲ့တယ်လို့ ယခုလအစမှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကထုတ် ပြောလာပါတယ်။ နေပြည်တော်အပါအဝင် ပြည်နယ်နဲ့ တိုင်းဒေသကြီးအချို့က မြို့နယ် ၂၀ မှာ စတင် ကောက်ယူခဲ့ တာလို့ ဆိုပါတယ်။
တကယ်တော့ နိုင်ငံတွင်းသန်းခေါင်စာရင်းကောက်ယူမှုနဲ့ပတ်သက်ရင် ယခုနှစ်အစ ဖေဖေါ်ဝါရီလကုန်ပိုင်းက ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီအစည်းအဝေးမှာ မင်းအောင်လှိုင်က ကောင်စီဝင်အားလုံးကို ထုတ်ပြောခဲ့ပါသေးတယ်။ စစ်အာဏာသိမ်းကတည်းက အသံထုတ်၊ လေပစ်ခဲ့တဲ့ ယင်းတို့လုပ်ပေးမယ်ဆိုတဲ့ ရွေးကောက်ပွဲအတွက် မဲစာရင်းတွေ မှန်ကန်စေဖို့ ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်သွားမယ်လို့ အဲဒီတုန်းက ထုတ်ပြောခဲ့တာပါ။ အဲဒီမတိုင်ခင် ဇန်နဝါရီလ ၂၆ ရက်မှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအသစ်ကို ပြဌာန်းခဲ့ပြီးနောက် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်မယ်ဆိုတာကို တစ်ခါထုတ်ပြောထားခဲ့ပါသေးတယ်။
မဲစာရင်းမှားလို့ ဆိုတဲ့အကြောင်းပြချက်နဲ့ အာဏာသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်အတွက် အမျှော်လင့် ဆုံး နိုင်ငံရေးထွက်ပေါက်က ရွေးကောက်ပွဲပဲဖြစ်ပါတယ်။ ဒါမှလည်း သူ့အကြောင်းပြချက်အတွက် ယုတ္တိတန်တဲ့နိုင်ငံရေးထွက်ပေါက်ကို ပုံဖော်နိုင်မှာဖြစ်သလို စစ်အာဏာသိမ်း၊ ရွေးကောက်ပွဲလုပ်၊ စစ်ဘောင်းဘီချွတ်ပြီး ပုဆိုးဝတ် ဆိုတဲ့ အရင့်အရင် အာဏာသိမ်းစစ်ဗိုလ်ချုပ် စီနီယာကြီးတွေ ဖန်တရာထေပြုခဲ့တဲ့ ရှေးမူကိုလည်း မပျက်စေမှာ ဖြစ်ပါတယ်။ ဒီအတွက်ကြောင့်ပဲ အာဏာစသိမ်းကတည်းက ရွေးကောက်ပွဲ ပြန်လုပ်ပေးမယ်ဆိုပြီး လေသံပစ်ခဲ့တာပဲ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတော်အရေးပေါ်အခြေအနေ ကာလုံသက်တမ်းတိုး ဒုတိယကာလမှာ ရွေးကောက်ပွဲကို ၂၀၂၃ ခုနှစ် ဩဂုတ်လထဲ ကျင်းပနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ စစ်ခေါင်းဆောင်က ထုတ်ပြောလာခဲ့ပါတယ်။ ဒါကလည်း စီနီယာဗိုလ်ချုပ်ကြီးတွေရဲ့လမ်းစဉ်အတိုင်း အာဏာသိမ်းမှုနောက်ဆက်တွဲဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒ ထုတ်ဖော်မှုတွေဟာ လွယ်လွယ်ကူကူအဆုံးသတ် နိတ္တိတန်သွားလိမ့်မယ်လို့ ယူဆချက်ကြောင့် ထုတ်ပြောလာခဲ့ တာမျိုးပါပဲ။
အနီးဆုံး ဥပမာအဖြစ်လည်း ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကြီးကို နှိမ်နင်းခဲ့ပြီးနောက် ၉ လအတွင်းမှာ လူပေါင်း သိန်းချီသေဆုံးခဲ့တဲ့ နာဂစ်မုန်တိုင်းကြီးထဲ ဖွဲ့စည်းပုံအခြေခံဥပဒေကြီးကို အတည်ပြုခဲ့၊ အဲဒီနောက်တစ်နှစ်ခွဲကျော် အကြာ ၂၀၁၀ ခုနှစ်ထဲ ဘောင်းဘီချွတ်လုံချည်လဲ ခြိမ့်ခြိမ့်သဲရွေးကောက်ပွဲ ကျင်းပခဲ့တဲ့အခြေအနေကလည်း ရှိနေ တာမို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်အတွက်က တွက်ရေးမှာစက်သူဌေးဆိုတာမျိုးပါပဲ။
ဒါပေမဲ့ မျှော်လင့်ထားသလိုမဟုတ်ဘဲ ကွဲလွဲသွားခဲ့တဲ့အာဏာရှင် ဆန့်ကျင်အံတုမှု အခြေအနေတွေက သူ့ကို အကျပ်ရိုက်စေခဲ့သလို စီမံထားတဲ့ အစီအစဉ်တွေလည်း ဖရိုဖရဲ ဖြစ်စေခဲ့ပုံရပါတယ်။ ဒါ့ပြင် အဖက်ဖက်ကယို့ယွင်း၊ ထိခိုက်၊ ကျရှုံးမှုတွေ ကြုံလာနေရတဲ့ စစ်ရေး၊ စီးပွားရေးနဲ့ တပ်တွင်းအကွဲအပြဲတွေကလည်း ရွေးကောက်ပွဲမျှော်မှန်းချက်ကို ရှေ့တန်းမပို့နိုင်တော့ဘဲ ရှိစေခဲ့တာဖြစ်ပါတယ်။ ဒီအခြေအနေတွေကြောင့်ပဲ နိုင်ငံရေးပါတီများ မှတ်ပုံတင် ခြင်း ဥပဒေသစ် ပြင်ဆင်ပြီးနောက်ပိုင်း ရွေးကောက်ပွဲ အသံဟာ မှိန်ဖျော့လာခဲ့ပြီး အဲဒီအစားပြည်လုံးကျွတ်သန်း ခေါင်စာရင်း ဆိုတာကို ပိုမိုထုတ်ဖော်ပြောဆိုလာတာပါပဲ။
တစ်ဖက်ကကြည့်ရင် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်နေတဲ့ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူမှုဟာ တစ်တိုင်းပြည်လုံး ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် အကောင်အထည်ပေါ်လာဖို့ မဖြစ်နိုင်ဘူးလို့ ယူဆစရာလည်း ရှိနေခဲ့ပါတယ်။ ဒါပေမဲ့တစ်ဖက်ကကြည့်ရင် ရွေးကောက်ပွဲကသာ သူ့အတွက် နောက်ဆုံးဂယ်ပေါက် ဖြစ်နေတဲ့ စစ်ခေါင်းဆောင်အတွက်က မဖြစ်ဖြစ်အောင် ဖန်တီးမယ့်သဘောလည်းရှိနေခဲ့ပါတယ်။ တစ်ဆက်တည်းမှာ ရှိနေတာက မဲစာရင်းမှားတယ်ဆိုတဲ့အကြောင်းပြချက်အတွက် သန်းခေါင်းစာရင်းမှမကောက်ဘဲ ရွေးကောက်ပွဲ လုပ်ဖို့က မဖြစ်နိုင်တာပါပဲ။ ဒါကြောင့် ပြည်လုံးကျွတ်သန်းခေါင်စာရင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်ထိ ရွှေ့ဆိုင်းထားပြီး ရွေးကောက်ပွဲနိုင်ငံရေး လိုလားသူတွေအတွက် မျှော်လင့်ချက်လည်း ဖြစ်စေ ၊ သူ့ ရဲ့ စစ်အာဏာသိမ်းသက်တမ်းကိုလည်း ရှည်ဆန့်နိုင်စေဆိုတာမျိုး မင်းအောင်လှိုင်က ခင်းကျင်းထားတာပဲ ဖြစ်ပါတယ်။
ဒီအခင်းအကျင်းက နိုင်ငံရေးအကျဉ်းအကြပ်ထဲ ရောက်နေတဲ့သူ့အတွက် နိုင်ငံတကာမျက်နှာစာ အပါအဝင် အာဆီယံဒေသတွင်းကိုပါ ထိုးဇာတ်ခင်းဖို့ ပြချက်တစ်ခုလည်း ရစေတာဖြစ်ပါတယ်။ ဒီလိုထိုးဇာတ်အတွက် အကောင်း ဆုံးသော ဆွေမျိုးပေါက်ဖော်ကလည်း အသင့်ရှိနေသလို သန်းခေါင်စာရင်းကောက်ယူနိုင်ရေး လုပ်ငန်းစဉ်ရဲ့ တစ် စိတ်တစ်ပိုင်းဖြစ်တဲ့ မြေပုံရေးဆွဲတာနဲ့ စာရင်းကောက်ကွက် ဖွဲ့စည်းတဲ့လုပ်ငန်းတွေကို Geographic Information System (GIS) နည်းပညာအသုံးပြု အကောင်အထည်ဖော်ဖို့ဆိုပြီး နိုင်ငံတကာအကြံပေးခေါ်ယူထားတဲ့အချက်တွေ ကလည်း မေ့ထားလို့မရတဲ့ ကဏ္ဍတွေပဲဖြစ်ပါတယ်။
ဒါ့ပြင် ပြီးခဲ့တဲ့ ဩဂုတ်လကုန်ပိုင်းက ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)နဲ့ စစ်ကောင်စီလဝကဝန်ကြီးတို့ တွေ့ဆုံခဲ့တုန်းခဲ့ပါတယ်။ အဲဒီတွေ့ဆုံမှုမှာ လဝကဝန်ကြီးက လူဦးရေဆိုင်ရာစာရင်းအင်းအချက်အလက်နဲ့ ပတ် သက်တဲ့ လုပ်ငန်းတွေမှာ နည်းပညာနဲ့ဆက် စပ်ပစ္စည်းလိုအပ်ချက်ပံ့ပိုးကူညီပေးရေးအပါအဝင် ပူးပေါင်းဆောင် ရွက်မှုတွေ ဆက်လက်လုပ်ဆောင်ပေးဖို့ UNFPAကို တောင်းဆိုခဲ့ပါတယ်။ စက်တင်ဘာလကုန်ပိုင်းမှာ သန်းခေါင် စာရင်း ကောက်ယူမယ့်ကိစ္စအတွက် စစ်ကောင်စီ လဝကဝန်ကြီးက တရုတ်နိုင်ငံဆီ သွားရောက်ပြီး ထပ်မံအကူအညီ တောင်းခံခဲ့တာကိုလည်း မေ့ထားလို့ မရပါဘူး။
အဲဒီအတွက် ဒီနေရာမှာ မမေ့မလျော့ သတိကပ်နေရမယ့်အကြောင်းက လက်ရှိအခင်းအကျင်းမှာ သန်းခေါင်စာရင်း ကောက်ယူနိုင်မှာ မဟုတ်ဘူး၊ ကောက်နိုင်ရင်လည်း စာရင်းအမှန်ရမှာ မဟုတ်ဘူး၊ ရွေးကောက်ပွဲဟာ ဖြစ် လာမှာ မဟုတ်ဘူး၊ မင်းအောင်လှိုင်ဟာ နိုင်ငံတကာကို လိမ်ညာဖို့ ကြိုးစားနေတယ်၊ စသဖြင့် ၊ စသဖြင့် အရေး ကိစ္စတွေ မဟုတ်ဘူးဆိုတဲ့ အချက်ပါပဲ။
ဒီအရေးကိစ္စတွေဟာ အတိုက်အခံအင်အားစုတွေက အမြဲလို ပြောဆိုခဲ့တဲ့ အကြောင်းတွေဖြစ်ခဲ့ပြီး ဘယ်တုန်းကမှ ပြောသလို ဖြစ်မလာဘဲ စစ်အာဏာရှင်ကသာ ယင်းတို့ချမှတ် ထားတဲ့ မူဝါဒလမ်းကြောင်းကို ပြီးမြောက်အောင် အကောင်အထည်ဖော်နိုင်ခဲ့တဲ့အရာတွေ ဖြစ်တယ်ဆိုတာပါပဲ။
ဒီအတွက် မမေ့မလျော့အပ်တဲ့အကြောင်းက ဗိုလ်ချုပ်နေဝင်းဟာ တိုင်းပြည်ကို စစ်အာဏာသိမ်းပြီးနောက် မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ဆိုပြီး ဘယ်သူသေသေငတေမာ လုပ်ခဲ့တာပါပဲ။ သူ့နောက် အာဏာရှင်သန်းရွှေဟာ Road Map ၇ ချက်ဆိုပြီး ဘောင်းဘီချွတ်၍ လွှတ်တော်ဝင်ခန်းကို ဖန်တီးခဲ့တာပါပဲ။လက်ရှိ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကလည်း ရှေ့လုပ်ငန်းစဉ် ၅ ရပ်ဆိုပြီး စီနီယာဗိုလ်ချုပ်ကြီးတွေထွက်ခဲ့တဲ့ ဂယ်ပေါက်အတိုင်း ထွက်နိုင်ဖို့ လုပ် နေတယ်ဆိုတဲ့အကြောင်းပါပဲ။
ဒီနေရာမှာ လက်ရှိနွေဦးတော်လှန်ရေးဟာ မြန်မာပြည်သမိုင်းမှာ ဖြစ်ပွားခဲ့တဲ့ စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ ခုခံအံတုမှုတွေနဲ့ မတူကွဲပြားတယ်ဆိုတဲ့ အားသာချက်ရှိနေတာက အမှန်တရားတစ်ခုလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ နွေဦးသမိုင်း မရိုင်းဖို့ရန်က အာဏာရှင်ကိုဘယ်လိုအထွက်ခိုင်းမလဲဆိုတဲ့ အချက်ကသာ သက်သေကမ္ဗည်းဖြစ်လာမှာ အသေအချာပါပဲ။
မာအောင်
The Tanintharyi Times
