“ရော့ခ်စတား ….. သက်တော်စောင့် တဖြစ်လဲ စစ်အာဏာရှင်တွေကို ဂီတရုပ်ရှင် နဲ့ တော်လှန်သူ”
“ရော့ခ်စတား ….. သက်တော်စောင့် တဖြစ်လဲ စစ်အာဏာရှင်တွေကို ဂီတရုပ်ရှင် နဲ့ တော်လှန်သူ”
၂၀၁၅ ခုနှစ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် စေတနာ့ဝန်ထမ်း သက်တော်စောင့် စတင်လုပ်ဆောင်ခဲ့ချိန်မှာ လင်းလင်းဟာ မြန်မာပြည် ဂီတလောကမှာ ပရိတ်သတ်အားပေးမှု အခိုင်အမာရှိနေတဲ့ ဂီတပညာရှင် တစ်ဦးဖြစ်နေပါပြီ။
၂၀၂၁ အာဏာသိမ်းမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရချိန်မှာလည်း သူ့ကို ရုပ်ရှင်ဒါရိုက်တာအဖြစ် ပြန်လည် မြင်တွေ့လာရပါတယ်။
ဆုရရုပ်ရှင်ဒါရိုက်တာမဖြစ်ခင် နှစ်များစွာကတည်းက လင်းလင်းဟာ အနုပညာ ကြယ်ပွင့်ဖြစ်နေသူပါ။
တစ်နိုင်ငံလုံး နေရာအနှံ့ သူ့သီချင်းတွေ ပျံ့နှံ့ခဲ့ပြီး ရှိုးပွဲတွေမှာလည်း ပရိတ်သတ်အပြည့်နဲ့ ဖျော်ဖြေတင်ဆက်ခဲ့သူဖြစ်သလို သူသွားလေရာမှာ သူ့ပရိတ်သတ်တွေနဲ့ ပြည့်နှက်နေသူပဲ ဖြစ်ပါတယ်။
ဒါပေမဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုက သူ့ကို မြန်မာနိုင်ငံနဲ့တကွ ဒီလိုအောင်မြင်ကျော်ကြားမှုတွေရဲ့ အဝေးတစ်နေရာကို တွန်းပို့လိုက်ပါတယ်။
သူဟာ စစ်ဗိုလ်ချုပ်တွေရဲ့ ပစ်မှတ်ထား ဖမ်းဆီးမှုကို ခံနေရတာဟာ စစ်အာဏာရှင်လက်အောက်က နင်းပြားပြည်သူတွေရဲ့ ဆင်းရဲဒုက္ခတွေကို ရေးဖွဲ့သီကုံးခဲ့တဲ့ သူ့သီချင်းစာသားတွေကြောင့်တင် မကပါဘူး။ အခုလက်ရှိ စစ်တပ်ရဲ့ မတရား ထိန်းသိမ်းမှု ခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အနားမှာ သက်တော်စောင့်အဖြစ် တချိန်က တာဝန်ထမ်းဆောင်ခဲ့ဖူးတာကြောင့်လည်း ပါဝင်ပါတယ်။
အခုလက်ရှိမှာ အသက် ၃၉ နှစ်အရွယ် ရောခ့်ကာ ဟာ မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံရဲ့ မဲဆောက်မြို့မှာ ဒုက္ခသည်အဖြစ် ခိုလှုံနေရပါတယ်။
သူဟာ ဘဝအခြေအနေတွေ သိသိသာသာ ပြောင်းလဲသွားပေမဲ့ အနုပညာကိုတော့ ဘယ်တော့မှ လက်မလျှော့ခဲ့ပါဘူး။ ဒါပေမဲ့ ဂီတပညာရှင် ဘဝကနေ ရုပ်ရှင်ဒါရိုက်တာအဖြစ် အသွင်ပြောင်းလာပါတယ်။
သူ့ရဲ့ ပွဲဦးထွက် ဇာတ်လမ်းတို “The Beginning” မှာ မြန်မာပြည်က ဇာတ်ကောင်တွေကို စိတ်ကူးပုံဖော်ထားပြီး ဒီမိုကရေစီနိုင်ငံတစ်ခု တည်ဆောက်ရေးမှာ စေတနာကောင်းထားဖို့ အရေးကြီးကြောင်း ပညာပေးထားတာဖြစ်ပါတယ်။
နောက်ငါးလ အကြာမှာတော့ ဒုတိယမြောက် “The Way” ရုပ်ရှင်ကား ထွက်ခဲ့ပြီး မြန်မာပြည် ရုပ်ရှင်ဒါရိုက်တာတွေထဲမှာ ပထမဦးဆုံး ဂီတကို အခြေခံရိုက်ကူးပုံဖော်သူ ဖြစ်လာပါတယ်။ “The Way” မှာတော့ သူဟာ နိုင်ငံရေး ပဋိပက္ခတွေကြောင့် ဒုက္ခရောက်ခဲ့ကြတဲ့ မိသားစုတစ်စုအကြောင်းကို အခြေခံထားပြီး စိတ်ဒဏ်ရာနဲ့ မျှော်လင့်ချက်မဲ့မှုတွေအကြောင်း တင်ဆက်ထားတာဖြစ်ပါတယ်။
ဒီဇာတ်ကားနှစ်ကားစလုံးဟာ နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှ ဂုဏ်ထူးဆောင်ဆုများစွာရရှိခဲ့ပြီး “The Way” ကတော့ ဂီတ နဲ့ဖန်းတီးတင်ဆက်ထားတဲ့ ရုပ်ရှင်ဖြစ်တာမို့ ထူးထူးကဲကဲ ချီးကျူးဂုဏ်ပြုဆု အမြောက်အများ ပေးအပ်ခံရပါတယ်။
“စစ်အာဏာရှင်တွေက အနုပညာသမားကို ရုပ်ပိုင်းဆိုင်ရာအရသာ ဖိနှိပ်လို့ရရင် ရမယ်။ စိတ်ဓာတ်နဲ့ အနုပညာကိုတော့ ဖိနှိပ်လို့မရပါဘူး” လို့ လင်းလင်းက ဆိုပါတယ်။
လင်းလင်းရဲ့ ဘဝဇာတ်ကြောင်းကို ကြည့်လိုက်ရင် နောက်ခံ နိုင်ငံရေး အပြောင်းအလဲတွေက သူ့ဘဝကို ပုံဖော်ပြောင်းလဲစေတာလို့ ယူဆမိပါတယ်။
အာဏာရှင်စနစ်ကနေ ဒီမိုကရေစီကို ကူးပြောင်းချိန်၊ အဲဒီကနေမှ ဒီကနေ့ တော်လှန်ရေးလှုပ်ရှားမှုတွေ အထိ ကူးပြောင်းသွားတဲ့ နိုင်ငံရေးနဲ့ သူ့ဘဝ အလှည့်အပြောင်းတွေကို မြင်သာစေပါတယ်။
မန္တလေးမြို့ဇာတိ ဖြစ်ပြီး မီးရထားဝန်ထမ်းဖခင်နဲ့ အိမ်ရှင်မ မိခင်တို့ရဲ့ သားလေးဦးမှာ လင်းလင်းက အငယ်ဆုံးသားဖြစ်ပါတယ်။
သူဟာ စစ်သားတွေ လှေပေါ်က ခရီးသည်တွေကို ဆွဲချပြီး အသက်ကြီးငယ်မရွေး လူတိုင်းကို ဒူးထောက်ခိုင်းထားတဲ့ မြင်ကွင်းကို စတင်တွေ့မြင်လိုက်ရတဲ့ အချိန်မှာ သူ့အသက် ၅ နှစ်အရွယ်ပဲ ရှိပါသေးတယ်။ အဲဒီလို စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို မျက်မြင်ကိုယ်တွေ့မြင်လိုက်ချိန်ကစလို့ သူ ကြီးပြင်းလာချိန်အထိ အာဏာကြီးစိုးမှုတွေနဲ့ လူသားမဆန်တဲ့ ပုံရိပ်တွေကို မေ့ဖျောက်မရနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။
သူ့အသက် ၉ နှစ်အရွယ်မှာ သူ့ဘာသာ လေ့ကျင့်ရင်း ဂစ်တာကို ကျွမ်းကျွမ်းကျင်ကျင် တီးခတ်နိုင်ပြီ ဖြစ်ပါတယ်။ အထက်တန်းအောင်ပြီးနောက်မှာတော့ ရန်ကုန်ကို ပြောင်းရွှေ့လာပြီး အလုပ်မျိုးစုံ ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။ ဘတ်စ်ကားစပယ်ယာဘဝကနေ လုံခြုံရေးအစောင့်အထိ အလုပ်များစွာလုပ်ကိုင်ခဲ့ပြီး တစ်ဖက်ကလည်း ဂီတလောကကို စတင်ဝင်ရောက်ဖို့ ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။
၂၀၀၁ ခုနှစ်ဟာ သူ့ဘဝ အချိုးအကွေ့အတွက် အရေးကြီးတဲ့ နှစ်တစ်ခုဖြစ်ခဲ့ပါတယ်။ စတူဒီယိုတစ်ခုမှာ အသံသွင်းထားတဲ့ သူ့တိပ်ခွေကြမ်း ထုတ်လိုက်တဲ့နောက် မြန်မာပြည်မှာ အောင်မြင်နေတဲ့ အဆိုတော်အများစုက သူ့ဆီမှာ သီချင်းရေးပေးဖို့ အလုပ်အပ်လာကြပါတယ်။ သူဟာ အဲ့ဒီ့အချိန်ကစလို့ မြန်မာပြည်မှာ ကော်ပီသီချင်း ခေတ်စားနေချိန် ကိုယ်ပိုင်သံစဥ် သီချင်းရေးသားသူ အဖြစ် နာမည်ရလာပါတယ်။
၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးမှာလည်း သူဟာ သံဃာတော်တွေနဲ့အတူ နေ့စဉ် ချီတက်ဆန္ဒပြခဲ့ပါတယ်။ အဲဒီအချိန်က နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ “Freedom From Fear” စာအုပ်ကို အထပ်ထပ်အခါခါ ဖတ်ခဲ့တယ်လို့ ဆိုပါတယ်။
သူဟာ တင်းကြပ်တဲ့ ဆင်ဆာ ဥပဒေတွေအောက်မှာ ရုန်းကန်ခဲ့ရပါသေးတယ်။ သူ့သီချင်း ၅ ပုဒ်မှာ ၃ ပုဒ်ကို စာသားပြောင်းလဲပေးဖို့ ညွှန်ကြားခံရဖူးပါတယ်။ တစ်ခါတရံမှာတော့ ဆင်ဆာတင်ထားတဲ့ သီချင်းကို ခွင့်မပြုထားတဲ့ မူရင်းစကားလုံးတွေနဲ့ ပြန်ပြောင်းသီဆိုလေ့ရှိသူဖြစ်ပါတယ်။
“သူက တကယ့် သူပုန်ပဲ” လို့ ဇနီးဖြစ်သူ အဆိုတော် ရုပ်ရှင်မင်းသမီး ချစ်သုဝေက ပြောပါတယ်။
အခြားအဆိုတော်တွေအတွက် ရည်ရွယ်ရေးသားခဲ့တဲ့ အချစ်သီချင်းတွေ စုပေါင်းကာ၂၀၀၈ ခုနှစ်မှာ “စဥ်းစားပါ” သီချင်း အယ်လ်ဘမ် ထုတ်ခဲ့ပြီး တစ်နိုင်လုံးအတိုင်းအတာနဲ့ လူကြိုက်များ ထင်ရှားခဲ့ပါတယ်။
၂၀၁၁ ခုနှစ်မှာ စစ်တပ်က နိုင်ငံရေးအပြောင်းအလဲတွေ စတင်လုပ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုလည်း လွှတ်ပေးလိုက်တာကြောင့် အနုပညာရှင် အမြောက်အများ သူမရဲ့ နေအိမ်မှာ သွားရောက်စုဝေးခဲ့ကြပါတယ်။
အဲဒီအချိန်မှာ သူဟာ နိုဘယ်ငြိမ်းချမ်းရေးဆုရှင်ကို သူမအတွက် ဘာမဆိုလုပ်ပေးမယ်လို့ ပြောခဲ့ပြီးနောက် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲနဲ့ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကာလတွေအတွင်း သူရဲ့ ကိုယ်ရံတော်တစ်ဦး ဖြစ်လာခဲ့ပါတယ်။
၂၀၁၅ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည် အနိုင်ရပြီး အရပ်သားခေါင်းဆောင်ဖြစ်လာချိန်မှာတော့ သူဟာ ဂီတလောကကို တဖန်ပြန်လည် ဝင်ရောက်လာပါတယ်။ ဗိုလ်ချုပ်တွေနဲ့ ပတ်သက်တဲ့ သီချင်းတွေကို ပွင့်ပွင့်လင်းလင်း သီဆိုခွင့်ရခဲ့ပြီး “စတုတ္ထတော်လှန်ရေး” သီချင်း အယ်လ်ဘမ်ကို ထုတ်ဝေခဲ့ပါတယ်။
အဲဒီနောက် ၂၀၂၀ ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နှစ်လအကြာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က ဖမ်းဆီးလိုက်ပြီး အာဏာသိမ်းကြောင်း ကြေညာလိုက်ပါတယ်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်းဝေဖန်သူ အနုပညာရှင်တွေကို စစ်တပ်က “ဆူပူအောင်လှုံ့ဆော်မှု ၅၀၅ (က)” နဲ့ တရားစွဲ ဖမ်းဆီးရာမှာ လင်းလင်းနဲ့ သူ့ဇနီး ချစ်သုဝေတို့လည်း ပါဝင်ခဲ့ပါတယ်။ စစ်တပ်ရဲ့ ဖမ်းဆီးမှုတွေကို တိမ်းရှောင်ရင်း လအတန်ကြာမှာတော့ မြန်မာနိုင်ငံက ထွက်ခွာကြဖို့ ဆုံးဖြတ်လိုက်ကြရတယ်လို့ ဆိုပါတယ်။
၂၀၂၁ ခုနှစ် သြဂုတ်လမှာ လင်းလင်းက တောလမ်းကို ခြေလျင်ခရီးနဲ့ ဖြတ်ကျော်ကာ မဲဆောက်ဘက်ကို တစ်ဦးတည်း ဖြတ်ကူးခဲ့ရပြီး ချစ်သုဝေနဲ့ အမွှာသမီးလေးနှစ်ယောက်တို့က တစ်ပတ်အကြာမှာ လိုက်လာခဲ့တာလို့ သိရပါတယ်။
လင်းလင်းဟာ မြန်မာပြည်မှာ နေစဥ်က ရုပ်ရှင်ရိုက်ဖူးတဲ့ အတွေ့အကြုံ မရှိပါဘူး။ ဇနီးဖြစ်သူ ပိုင်တဲ့ ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီမှာ ဇာတ်ညွှန်းကူရေးရင်း မြန်မာ့ရုပ်ရှင်အများစုကို စိတ်ဝင်စားမှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။
သူ့အနေနဲ့ အခုလို ရုပ်ရှင်ရိုက်ကူးရေးဘက်ကို ဝင်ခဲ့တာဟာ မြန်မာပြည်မှာ ကျန်နေခဲ့တဲ့ အနုပညာရှင်အများအပြားက စစ်ဗိုလ်ချုပ်တွေအတွက် ဝါဒဖြန့်ချိပေးနေသလို ခံစားရတာကြောင့်လည်း ဖြစ်တယ်လို့ ဆိုပါတယ်။
“မြန်မာနိုင်ငံ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး” ဟာ စစ်သားတွေကို ဂုဏ်ယူစရာ သူရဲကောင်းတွေအဖြစ် ပုံဖော်ပြသဖို့ ရုပ်ရှင်တွေကဆင့် အမြဲတမ်းကြိုးစားနေတာ ဖြစ်ပါတယ်။ စစ်အာဏာရှင်ကို တစ်ခွန်းတစ်ပါဒမှ မဝေဖန်ဘဲ ဆိတ်ဆိတ်နေမယ်ဆိုရင် မြန်မာရုပ်ရှင်ထူးချွန်ဆုလို ဆုတွေပေးအပ်ဂုဏ်ပြုသလို အခမ်းအနားတွေကိုလည်း အခကြေးငွေပေးအပ်ပြီး တက်ရောက်ဖို့ ဖိတ်ကြားလေ့ရှိပါတယ်။
အနုပညာရှင်တွေ လုပ်ကြတဲ့ နာမည်ကြီး ပွဲတွေကျင်းပချိန်တိုင်းဟာ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအကြောင်း သတင်းတွေ ပျံ့နေချိန်နဲ့ မကြာခဏ တိုက်ဆိုင်လေ့ရှိတယ်လို့ လင်းလင်းက ပြောပါတယ်။ ရက်သတ္တပတ်တိုင်းလိုလို စစ်တပ်က ကျူးလွန်တဲ့ ကြောက်မက်ဖွယ်ရာ သတင်းတွေ ထွက်ပေါ်နေစမြဲဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုအတွင်း လူ ၁၀၀ သေဆုံးခဲ့သလို ကချင်ပြည်နယ်က ဂီတဖျော်ဖြေပွဲတစ်ခုကို ဗုံးကြဲတိုက်ခိုက်တာ အပါအဝင် ကျောင်းဝန်းထဲမှာ ကလေးငယ် ၁၁ ဦး သေဆုံးခဲ့ရတဲ့ ဖြစ်စဥ်တွေအထိ လင်းလင်းက ပြန်ပြောင်းပြောပြပါတယ်။
မဲဆောက်မှာ တွေ့ဆုံမေးမြန်းနေစဥ်အတွင်း လင်းလင်းက သူနောက်ကျောကို ပြခဲ့ပါတယ်။အာဏာသိမ်းပြီးနောက် အသတ်ခံခဲ့ရသူတွေရဲ့ နာမည်နဲ့ အသက်တွေကို သေသေသပ်သပ် မှတ်တမ်းတင်ထားတဲ့ တက်တူး ၇၀၀ ရှိနေပါတယ်။
အောင်မြင့်၊ ၃၂။ ထွန်းဝင်းဟန်၊ ၂၅။ ခင်မျိုးချစ်၊ ၇။
“နောက်ထပ် ထည့်ရမယ့် နာမည်တွေ အများကြီးရှိသေးတယ်” လို့ ချစ်သုဝေက ပြောပါတယ်။
မှန်ကြည့်လိုက်တိုင်း အရေးပေါ်အခြေအနေတွေကို သတိကပ်မိဖို့ တွန်းအားဖြစ်စေတယ်လို့ လင်းလင်းက ဆိုပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးကတည်းက လူပေါင်း ၄၀၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ပြောပါတယ်။
မြန်မာနဲ့ သိပ်နီးလွန်းတာကြောင့် မဲဆောက်မှာ ရုပ်ရှင်တွေ ရိုက်ရတာ အန္တရာယ်ရှိတယ်ဆိုတာ သိတယ်လို့ လင်းလင်း ကဆိုပါတယ်။
“The Way” ဇာတ်ကားမှာ ပါဝင်ကြတဲ့ သရုပ်ဆောင် ၂၀ ဦးမှာ ခုနစ်ဦးက “၅၀၅ က ” နဲ့ တရားစွဲခံထားရတာကြောင့် နေရာတိုင်းလိုလိုမှာ မြန်မာစစ်တပ်ရဲ့ သူလျှိုတွေ ရှိနေပြီး ပြန်ပေးဆွဲခံရမှာ၊ အသက်အန္တရာယ် ရန်ရှာခံရမှာတွေ စိုးရိမ်မိတယ်လို့ ဆိုပါတယ်။
အဲဒီ့ရုပ်ရှင်ထဲမှာ မိသားစုတစ်ခုထဲက အဖွဲ့ဝင်တွေဟာ နိုင်ငံရေး ပဋိပက္ခတွေကြောင့် ရရှိလာတဲ့ ဒုက္ခတွေကို ငြီးငြူရင်း ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုကို ရှာဖွေနေတဲ့အကြောင်း သီဆိုထားပါတယ်။
ဒီရုပ်ရှင်ဟာ မြန်မာနိုင်ငံအကြောင်း ရိုက်ကူးထားတာလို့ အတိအလင်း မဖော်ပြထားခြင်းဟာ နိုင်ငံတိုင်းနဲ့ သက်ဆိုင်တဲ့ ကမ္ဘာလုံးဆိုင်ရာ အဖြစ်အပျက်ပုံစံ ပုံဖော်ထားလို့ ဖြစ်ကြောင်း လင်းလင်းက ရှင်းပြပါတယ်။
ရုပ်ရှင်မရိုက်ကူးမီ နှစ်ပတ်အလိုအထိ ပုံမှန်ရုပ်ရှင်ရိုက်ကူးရာမှာ အသုံးပြုရတဲ့ ခေတ်မီကိရိယာတွေ မပါဘဲ ဘယ်လိုပုံဖော်မလဲဆိုတာ သေသေချာချာ မဆုံးဖြတ်ရသေးလို့ ဆိုပါတယ်။ အဲ့ဒီနောက်မှာတော့ ကင်မရာအဖြစ် သူငယ်ချင်းဖြစ်သူရဲ့ iPhone 13 Pro ကို ငှားရမ်းဖို့ ဆုံးဖြတ်လိုက်ပြီး တေးဂီတ အတွက်ကိုတော့ အသံရောစပ်တဲ့ သင်တန်းတစ်ခု တက်လိုက်တယ်လို့ ပြောပါတယ်။
ရုပ်ရှင်အတွက် သရုပ်ဆောင်အဖွဲ့ဝင်တွေဟာလည်း အရင်က သရုပ်ဆောင်လုပ်ဖူးသူတွေ မဟုတ်ကြပါဘူး။ ဒါပေမဲ့ သူတို့ရဲ့ နောက်ခံဇာတ်လမ်းတွေဟာ သူပုံဖော်လိုတဲ့ အကြောင်းအရာတွေနဲ့ ဆင်တူနေတဲ့ သူတွေလည်း ပါဝင်ကြတယ်လို့ သိရပါတယ်။
သူတို့ကို ဇာတ်ညွှန်းကို သေသေချာချာ ဖတ်ပြီး နှလုံးသားထဲက ခံစားပေးဖို့ တောင်းဆိုခဲ့တယ်လို့ ငါးနှစ်အရွယ်သားငယ်နဲ့ အမျိုးသမီးဖြစ်သူ မြန်မာပြည်မှာ ကျန်ရစ်ခဲ့ရတဲ့ သရုပ်ဆောင်တစ်ဦး ဖြစ်သူ အောင်လွန်းက ပြန်ပြောပြပါတယ်။
“The Way” ဇာတ်ကားမှာ အောင်လွန်းရဲ့ ဇာတ်ကောင်က စစ်သားတွေ ရွာကို မီးရှို့နေချိန်မှာ သမီးငယ်လေးကို ကျောင်းမှာထားခဲ့မိချိန် ဖြစ်ပါတယ်။ နှစ်တွေကြာပြီးနောက်မှ သူ့ဇာတ်ကောင်က အဲဒီလျှို့ဝှက်ချက်ကို သူ့မိသားစုမှာ ဖွင့်ဟဝန်ခံပါတယ်။
အဲဒီအခန်းကို ရိုက်ကူးနေစဥ် အောင်လွန်းက အပြင်းအထန် ငိုကြွေးခဲ့ပြီး အဖွဲ့သားတွေက တစ်နာရီလောက် စောင့်ဆိုင်းပြီးမှ ရိုက်ကူးရေးပြန်လည်စတင်ခဲ့ရတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ မိသားစုလိုက် အမေရိကန်ပြည်ထောင်စုမှာ သွားရောက်နေထိုင်ခွင့်ရဖို့ စောင့်ဆိုင်းနေပြီး သူ့မှာလုပ်စရာ ရိုက်ကူးရေး ပရောဂျက်တွေ ရှိနေသေးတယ်လို့ သိရပါတယ်။
သူ့ကိုယ်သူ ရှာတွေ့တဲ့ နေရာတိုင်းမှာ ရုပ်ရှင်တွေ ဆက်ရိုက်ဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။
“တစ်ကမ္ဘာလုံးနားလည်နိုင်မယ့် ဘာသာစကားစကားတစ်ခုကို ကျွန်တော်သုံးချင်တယ်။ ကျွန်တော်တို့ ပြေးလွှားရုန်းကန်နေရချိန်မှာတောင် ကျွန်တော်တို့ရဲ့ အနုပညာက ဆက်လက်ရှင်သန်နေတုန်းပဲ ဆိုတာ သက်သေပြချင်တယ်” လို့ သူက ဆိုပါတယ်။
(The New York Times သတင်းဌာနက ဖော်ပြခဲ့တဲ့ From Rock Star to Bodyguard to Resisting Myanmar’s Coup in Flim ဆိုတဲ့ ရုပ်ပုံလွှာဆောင်းပါးကို ဘာသာပြန်ဆိုထားတာဖြစ်ပါတယ်)
The Tanintharyi Times
