အာဏာသိမ်းစစ်အုပ်စုက နောက်ထပ်ရွေးကောက်ပွဲ ကျင်းပဖို့ဘာကြောင့်အလိုရှိနေတာလဲ

အာဏာသိမ်းစစ်အုပ်စုက နောက်ထပ်ရွေးကောက်ပွဲ ကျင်းပဖို့ဘာကြောင့်အလိုရှိနေတာလဲ

ပြီးခဲ့တဲ့ နှစ်နှစ်ကျော် စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးကတည်းက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပဋိပက္ခတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတဲ့ ကြားမှာပဲ အာဏာသိမ်းစစ်အုပ်စုဟာ ရွေးကောက်ပွဲတစ်ခု ကျင်းပဖို့ စီစဥ်နေကြပြန်တယ်။

ဒါပေမဲ့ အဲဒီ့ရွေးကောက်ပွဲကို အဓိက နိုင်ငံရေး ပါတီကြီးတွေက ဝင်ရောက်ယှဥ်ပြိုင်ဖို့ စိတ်ဆန္ဒမရှိကြသလို ပါဝင်နိုင်ဖို့ အခြေအနေတွေလည်း မရရှိကြပါဘူး။

“အာဏာသိမ်းပြီးနောက် ရွေးကောက်ပွဲလုပ်ဖို့ ဘာကြောင့် စီစဥ် ရတာလဲ”

လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ကျော် လွတ်လပ်ရေးရပြီးချိန်ကစကာ မြန်မာနိုင်ငံကို စစ်တပ်ကချည်း လက်ဝါးကြီးအုပ် ချုပ်ကိုင်လာခဲ့တာ နှစ်ပေါင်း ၅၀ ထက်မနည်း ရှည်ကြာနေပါပြီ။ အာဏာသိမ်းမှု မဖြစ်ခင် ဆယ်စုနှစ် တစ်ခုစာလောက်သာ အရပ်သားတစ်ပိုင်း အုပ်ချုပ်တဲ့ နိုင်ငံရေး စနစ်ကို ကူးပြောင်းကာ ရွေးကောက်ခံ အစိုးရနဲ့ စစ်တပ်တို့ အာဏာခွဲဝေ အုပ်ချုပ်တဲ့ ပုံစံ ကျင့်သုံးခဲ့ဖူးတာ ဖြစ်ပါတယ်။

တကယ်တော့ သူတို့ကိုယ်တိုင်ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပ‌ဒေမှာ မြန်မာစစ်တပ်က သူတို့ရဲ့ ကိုယ်ပိုင် အကျိုးစီးပွားတွေကို သေသေချာချာ ကာကွယ်ပေးပြီး အခြားသော ရွေးကောက်ခံ နိုင်ငံရေးသမားတွေရဲ့ သဘောဆန္ဒကို ရယူစရာမလိုတဲ့ တိုက်ရိုက်အုပ်ချုပ်မှုပုံစံ ရအောင် စီစဥ် ထားပါတယ်။ တချိန်တည်းမှာပဲ မြန်မာ့ နိုင်ငံရေးကိစ္စရပ်တွေမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ဆက်လက်ပါဝင်နိုင်အောင် စနစ်တကျ စီမံထားတာ ဖြစ်ပါတယ်။

အဲဒီ နိုင်ငံရေး အလှည့်အပြောင်းဟာ နှစ်ပေါင်းများစွာ စစ်အာဏာရှင် အုပ်စိုးမှု၊ နိုင်ငံတကာရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ စီးပွားရေး ကသောင်းကနင်းဖြစ်မှုတွေ ကြုံခဲ့ရတဲ့ အတိတ်ကာလနဲ့ နှိုင်းယှဥ်မယ်ဆိုရင်‌တော့ မြန်မာနိုင်ငံအတွက် အနည်းငယ် နာလန်ပြန်ထူလာချိန်လို့ ပြောနိုင်ပါလိမ့်မယ်။

ဒီမိုကရေစီနဲ့ အရပ်သား အုပ်ချုပ်မှုကို ခဏတာ ကြုံခဲ့ရတဲ့ အချိန်တိုအတွင်းမှာ မြန်မာဟာ ပြုပြင်ပြောင်းလဲရေး၊ အနောက်နိုင်ငံတွေရဲ့ လာ‌ရောက်ရင်းနှီးမြှုပ်နှံမှု၊ စီးပွားရေး လွတ်လပ်ခွင့် စတာတွေကို မကြုံစဖူး ကြုံဆုံခွင့် ရခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းမှုနဲ့အတူ အများစုက ရေစုန်မျောသွားခဲ့ပြီ ဖြစ်ပါတယ်။

“ဒါဆို စစ်တပ်က ဘာလို့ အာဏာသိမ်းရတာလဲ”

လွှတ်တော်အသစ် မကျင်းပမီ နာရီပိုင်းအလိုမှာ စစ်ဗိုလ်ချုပ်တွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အာဏာရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အပြတ်အသတ် အနိုင်ရခဲ့တဲ့ ရွေးကောက်ပွဲမှာ မသမာမှုတွေရှိတယ်လို့ စွပ်စွဲခဲ့ကြပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့တွေက‌တော့ ဘာပြဿနာ ကြီးကြီးမားမားမှ မတွေ့ခဲ့ဘူးလို့ ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းမှုအပေါ် ပညာရှင်တွေကတော့ စစ်တပ် အကြီးအကဲတစ်ဦးရဲ့ မိမိလက်ဝယ် အာဏာကို ဆက်လက်တည်မြဲရေး ကြိုးပမ်းမှုတစ်ခုလို့ သုံးသပ်ကြပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲရလဒ်အရ စစ်တပ်ရဲ့ အကြီးဆုံး ပြိုင်ဘက်ပါတီ NLD က အမတ်နေရာ ၈၀ ရာခိုင်နှုန်းနီးပါး အနိုင်ရလိုက်ချိန်မှာ သူတို့ပါတီရဲ့ အနိုင်ရ မဲအရေအတွက်ဟာ ၇ ရာခိုင်နှုန်း အောက်မှာပဲ ရှိခဲ့ပါတယ်။ အဲဒီလို အနိုင်ရသွားတာကြောင့် NLD ပါတီဟာ ရွေးကောက်ခံအစိုးရအဖွဲ့တစ်ရပ်ရဲ့ အာဏာနဲ့ စစ်တပ်ရဲ့ နိုင်ငံရေး ပါဝါကို အာပျော့အောင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိထိရောက်ရောက် ပြောင်းလဲနိုင်ခွင့် ရတော့မှာ ဖြစ်ပါတယ်။

ဒါပေမဲ့ စစ်တပ်က အဲဒီလို အခြေအနေမျိုးကို အ‌ရောက်မခံ ခဲ့ပါဘူး။

“အတိုက်အခံတွေရဲ့ အခြေအနေ ဘယ်လိုရှိနေသလဲ”

အသက် ၇၇ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို အမှုပေါင်း များစွာနဲ့ စွဲချက်တင်ကာ ထောင်ဒဏ် ၃၃ နှစ် ချမှတ်ထားပါတယ်။ NLD ပါတီဝင် အများအပြားဟာလည်း ထောင်ချ ဖမ်းဆီးခံထားရသလို ဘေးကင်းရာကို ထွက်ပြေး တိမ်းရှောင် နေကြရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက် (အင်္ဂါနေ့) မှာ NLD အပါအဝင် နောက်ထပ် ပါတီ ၃၉ ပါတီကို မှတ်ပုံတင်ဖို့ ပျက်ကွက်တာကြောင့် ဖျက်သိမ်းလိုက်တယ်လို့ စစ်အုပ်စုက ကြေညာခဲ့ပါတယ်။ ပါတီအားလုံးလိုလိုဟာ ရွေးကောက်ပွဲ ဝင်ပြိုင်ဖို့ ဆန္ဒလုံးဝ မရှိကြသလို ပါဝင်နိုင်တဲ့ အခြေအနေတွေ ပေးထားခြင်းလည်း မရှိပါဘူး။

မြန်မာနိုင်ငံသား အတိုက်အခံခေါင်းဆောင်တွေနဲ့ တက်ကြွလှုပ်ရှားသူ အများအပြားဟာ လာမယ့် ရွေးကောက်ပွဲကို အတုအယောင်တစ်ခုသာ ဖြစ်ကြောင်း ဝေဖန်ထားကြပြီး သူတို့အထဲမှာ စစ်အာဏာရှင် ပြုတ်ကျရေး လှုပ်ရှားနေတဲ့ NUG အစိုးရနဲ့ ချိတ်ဆက်ဆောင်ရွက်နေသူတွေလည်း ရှိပါတယ်။ ဒ့ါအပြင် တော်လှန်ရေးအင်အားစုတွေ အဖြစ် လက်နက်စွဲကိုင် တော်လှန်နေကြသူတွေလည်း ရှိပါတယ်။

“ရွေးကောက်ပွဲမှာ အနိုင်ရသူ ဘယ်သူဖြစ်မလဲ”

စစ်အုပ်စုက ရွေးကောက်ပွဲကျင်းပမယ့် ရက်စွဲကို တိတိကျကျ မထုတ်ပြန်သေးပေမဲ့ NLD မပါဘဲ ကျင်းပမယ့် ရွေးကောက်ပွဲမှာ မှတ်ပုံတင်ထားတဲ့ ပါတီ ၆၃ ခုအနက် အများစုဟာ ပြည်နယ် သို့မဟုတ် တိုင်းဒေသ တစ်ခုအတွင်းသာ ဝင်ရောက်ယှဥ်ပြိုင်ကြမှာ ဖြစ်ပြီး မြန်မာ စစ်တပ်ရဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) တစ်ခုတည်းကပဲ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အရွေးခံမယ့် ပါတီဖြစ်တာကြောင့် သူတို့ပါတီ အနိုင်ရဖို့က အသေအချာပါပဲ။

ကြံ့ခိုင်ရေးပါတီ (USDP) ကို အသွင်ကူး‌ပြောင်းရေး မလုပ်မီကာလမှာ မြန်မာစစ်တပ်က တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတုန်းက NLD အပါအဝင် ပါတီများစွာ သပိတ်မှောက်ပြီး ပါဝင်အရွေးခံခဲ့ခြင်း မရှိတာကြောင့် USDP အနေနဲ့ လွတ်လွတ်ကျွတ်ကျွတ် အနိုင်ရခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာတော့ သူတို့အတွက် မဲရရှိမှု သိသိသာသာ ယုတ်လျော့လာခဲ့ပါတယ်။

မြန်မာရဲ့ အသွင်ပြောင်းလဲမှု ကြီးကြီးမားမား တွေကို ကြီးကြပ်ခြယ်လှယ်သူ အများစုက USDP ပါတီ ခေါင်းဆောင်တွေ ဖြစ်နေပေမဲ့ အခုအချိန်ထိ ပါတီဟာ လူကြိုက်များ ကျော်ကြားခြင်း မရှိသလို စစ်အုပ်ချုပ်ရေးနဲ့လည်း သိပ်ကွာခြားလှတာ မဟုတ်ပါဘူး။ အဲဒါကြောင့် တကယ်လို့သာ ကြံ့ဖွံ့ပါတီက‌ နောက်ထပ်အစိုးရ တက်လာခဲ့ရင်တောင် ပြည်တွင်းမှာ သံသယစိတ် အပြည့်နဲ့ပဲ စောင့်ကြည့်ခံရမှာပဲ ဖြစ်ပါတယ်။

“နိုင်ငံတကာက ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြမလဲ”

အနောက်နိုင်ငံတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်း အများစုဟာ စစ်အုပ်စုက ပြုလုပ်မယ့် ရွေးကောက်ပွဲကို တရားမဝင်ကြောင်း အတိအလင်း ကြေညာထားကြသလို မြန်မာနိုင်ငံအတွင်းမှာ အဓိက လှုပ်ရှားနေကြသူတွေကို နိုင်ငံရေး လုပ်ငန်းစဥ်တွေထဲကနေ ပိတ်ပင်လိုက်မှာ စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားထားပါတယ်။ ဒါ့အပြင် ပြည်တွင်း ပဋိပက္ခတွေ ပိုမိုပြင်းထန်လာမှာကိုလည်း စိတ်ပူနေကြပါတယ်။

၂၀၁၁ ခုနှစ် နောက်ပိုင်း ပြုပြင်ပြောင်းလဲလာမှုတွေကို အသိအမှတ်ပြုတဲ့ အနေနဲ့ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုတွေကို ဖယ်ရှားပေးခဲ့ရာမှ အခုတဖန် ဒဏ်ခတ်အရေးယူမှုတွေ ပြန်လည်ချမှတ်နေပြီ ဖြစ်တာကြောင့် လာမယ့်ရွေးကောက်ပွဲကနေ အစိုးရတရပ် တက်လာမယ်ဆိုရင်တောင် ပိတ်ဆို့မှုတွေ ပြန်လည် ရုပ်သိမ်းပေးမယ့် အလားအလာ မရှိပါဘူး။

မြန်မာစစ်တပ်နဲ့ ထိတွေ့ဆက်ဆံရေး မူဝါဒတွေကို အထူးလိုလားကြတဲ့ မြန်မာ့ အိမ်နီးချင်းနိုင်ငံတွေကတော့ စောင့်ဆိုင်း-စောင့်ကြည့် ချဥ်းကပ်မှု (wait-and-see approach) ပုံစံကို သုံးကာ နိုင်ငံတွင်း ဝင်ရောက် ရင်းနှီးမြှုပ်နှံရေး အပါအဝင် အခြားကိစ္စရပ်တွေ အတွက် ရွေးကောက်ပွဲ အခြေအနေကိုသာ စောင့်ကြည့်နေမယ့် သဘောရှိကြောင်း သုံးသပ်မိပါတယ်။

(ရိုက်တာ သတင်းဌာနမှာ မတ်လ ၂၉ ရက်နေ့က ဖော်ပြခဲ့တဲ့ Martin Petty ရဲ့ “Why is Myanmar’s military holding an election?” ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ထားတာ ဖြစ်ပါတယ်)

The Tanintharyi Times