ပလေတို (စံပြပညာရေး)
ပလေတို (စံပြပညာရေး)
ပညာရေးအတွေး၊ ဒဿနအမြင် (၁)
ပညာရေး (Education) ဟူသော ဝေါဟာရသည် လက်တင်ဘာသာစကားမှ ဆင်းသက်လာပြီး ရှေ့သို့ ဦးဆောင်ခေါ်ယူမှု (to lead forth) ဟု အဓိပ္ပာယ်ရပါသည်။
ရှေးဦးလူ့သမိုင်းကာလများတွင် ပညာပေးခြင်း၊ ပညာရေး အနေဖြင့် စနစ်တကျ မရှိသေးဘဲ မိသားစုအတွင်း ကြီးသူမှ ငယ်သူသို့ ဘဝ အတွေ့ အကြုံ၊ နေမှုထိုင်မှု၊ အကျင့်စရိုက်၊ သက်မွေးဝမ်းကျောင်း အလုပ်တို့ကို လက်ဆင့်ကမ်း ပျိုးထောင်ပေးခြင်းမျိုး ဖြစ်သည်။ ယင်းသဘောအရ ပညာရေး ဟူသည် သင်ကြားပေးခြင်း သက်သက်မဟုတ်ဘဲ ဆရာကတပည့်၊ မိဘက သားသမီးတို့ကို အတွေ့ အကြုံနှင့်အသိပညာများအား ထိန်းမတ်လမ်းညွှန်ပေး ခြင်းမျိုးသာ ဖြစ်သည်။ အတူတကွ လေ့လာဆည်းပူးခြင်းမျိုးသာ ဖြစ်သည်။
စင်စစ် ပညာရေး၏ သဘောသဘာဝနှင့် လုပ်ငန်းဆောင်တာများ သည်ပင် ရှေးဂရိယဉ်ကျေးမှု ထွန်းကားလာချိန်မှသာ ဖွံ့ဖြိုးလာခြင်းဖြစ်သည်။ ဆိုဖီ(Sophists)ဆရာများနှင့် အခြားသော ပညာရှင်များသည် နှုတ်မှုအတတ်၊ စာပေအရေးအသား၊ သင်္ချာ၊ ဂျီဩမေတြီ၊ နက္ခတ္တဗေဒ၊ ယုတ္တိဗေဒ နှင့် ဒဿနိကဗေဒတို့ကို ဟောပြောပို့ချ သင်ကြားပေးကြသည်။ အထူးသဖြင့် ပညာရေးနှင့် နိုင်ငံရေး ဒဿနပညာရှင်တို့၏ ခေါင်းကိုင်ဖခင်ဟု ဆိုအပ်သော ပလေတို (Plato, 428-348 BC) လက်ထက်တွင် စနစ်တကျ ထွန်းကားခဲ့ပါသည်။
ပလေတိုသည် သူ၏ ပညာရေး၊ နိုင်ငံရေး ဒဿနအယူအဆများကို ရီပတ်ဘလစ်(Republic)ကျမ်းတွင် ဖော်ထုတ်ရေးသားခဲ့ပြီး အကယ်ဒမီ (Academy) ဟူသော ကျောင်းတစ်ကျောင်းကို ဖွင့်လှစ်ပို့ချခဲ့သူဖြစ်သည်။
ပလေတို၏ အကယ်ဒမီသည် ဂရိယဉ်ကျေးမှုအတွက်သာမက ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအတွက်ပါ အကျိုးများလှသော ရှေးဦးတက္ကသိုလ်ကြီးတစ်ခု ဖြစ် လေသည်။ ယခု ပလေတို၏ စံပြပညာရေးအယူအဆကို မဆွေးနွေးမီ သူ့ ဘဝဖြစ်စဉ်နှင့် နောက်ခံဒဿနများကို တင်ပြလိုပါသည်။
ပလေတိုသည် ဘီစီ ၄၂၈ တွင် မွေးဖွားခဲ့သော အေသင် (Athen) မြို့သားတစ်ဦး ဖြစ်သည်။ ယင်းနှစ်သည် အေသင်ဒီမိုကရေစီကို ဖွံ့ဖြိုးထွန်း ကားစေခဲ့သော ပါရိကလိ (Pericles) ကွယ်လွန်ပြီး တစ်နှစ်တာကာလလည်း ဖြစ်သည်။ ထို့ကြောင့် ပလေတို၏ဘဝသည် အေသင်ဆုတ်ယုတ်ချိန်နှင့် မက် ဆီဒိုးနီးယား (Mecedonia) ထွန်းကားချိန်အတွင်း ဖြတ်သန်းလာခဲ့ရလေ သည်။
သူသည် အေသင်၏ တော်ဝင်မိသားစုမျိုးရိုးမှ ဆင်းသက်လာသူဖြစ် ပြီး မိခင်ဘက်မှလည်း နိုင်ငံရေးလှုပ်ရှားမှု ပြင်းထန်သူများ ဖြစ်လေသည်။ ပလေတိုငယ်စဉ်က ဖခင်ကွယ်လွန်ခဲ့သဖြင့် မိခင်မှာ ဦးလေးတော်နှင့် ထပ်မံ လက်ဆက်ခဲ့သည်။ ပထွေးတော်မှာ ပါရိကလိ၏မိတ်ဆွေ မျိုးချစ်ရဲဘော်ကြီး တစ်ဦးဖြစ်ပြီး ပလေတို၏ ငယ်ဘဝသည်လည်း သူ့အိမ်၌ပင် စနစ်တကျ ကုန် ဆုံးစေခဲ့သည်။ ယင်းနောက်ခံအတွင်းမှာပင် ပလေတိုသည် နိုင်ငံသားတစ်ဦး၏ နိုင်ငံရေးတာဝန်နှင့် ပတ်သက်ပြီး နိုင်ငံရေးအမြင်တစ်ရပ်ကို ဖော်ထုတ်နိုင်ခဲ့ သည်။ ယင်းကို ရီပတ်ဘလစ်(Republic) တွင် ရေးသားပြုစုခဲ့ပြီး လက် တွေ့ လုပ်ဆောင်ရန်လည်း စိတ်ကူးရှိခဲ့လေသည်။
သို့ရာတွင် သူ၏ဆရာအရှင် ဆော့ခရတ္တိ (Socrates, 469-399BC) သေဒဏ်ပေးခံရသောအခါ နိုင်ငံရေးနယ်ပယ်ထဲ ဝင်ရောက်ရန် ရည်ရွယ် ချက်မှာ ပျက်ပြားသွားရသည်။ ပလေတို၏ မိသားစုမှာ ဆော့ကရေးတီးနှင့် မိတ်ဆွေရင်းချာများဖြစ်သဖြင့် ငယ်စဉ်ကပင် သိကျွမ်းခဲ့ပြီး တပည့်အဖြစ် ခံယူခဲ့သည်။
ဆော့ခရတ္တိ သေဒဏ်ကျသောအခါ ပလေတိုမှာ အသက် ၃၀ ဝန်း ကျင်သာ ရှိပြီး မဲဂရာ (Megare)၊ အီတလီတောင်ပိုင်း စစ္စလီ(Sicily) နှင့် အီဂျစ်ဒေသများသို့ တိမ်းရှောင်ရင်း ခရီးလှည့်လည်ခဲ့သည်။ ယင်းကာလ အတွင်း သူ၏ဘဝအကြောင်းကိုမူ စေ့ငုံစွာ မသိရှိရပေ။
ဘီစီ ၃၈၇ တွင် အေသင်သို့ ပြန်လာခဲ့ပြီး အကယ်ဒမီကို တည် ထောင်ခဲ့သည်။ ပလေတို၏ အကယ်ဒမီသည် ရှေးဦးတက္ကသိုလ်တစ်ခု ဖြစ်ပြီး အဆင့်ဆင့်ဆက်ခံခဲ့ရာ နှစ်ပေါင်း ၉၀၀ အေဒီ ၅၂၉ အထိ အဓွန့်ရှည်ခဲ့လေသည်။ အကယ်ဒမီသို့ အနယ်နယ်အရပ်ရပ်မှ လူကုံထံ အသိုင်းအဝိုင်းနှင့် မင်းစိုးရာဇာ သားသမီးများ လာရောက်သင်ယူကြပြီး ယင်းတို့အထဲတွင် အရစ္စ တိုတယ် (Aristotle, 384-321 BC) သည်လည်း တစ်ဦးအပါအဝင် ဖြစ် သည်။
ပလေတိုသည် သင်ကြားပို့ချရာ၌ ဆော့ခရတ္တိ နည်းကိုပင် အသုံးပြုပြီး စာသင်သားများအား နှီးနှောဖလှယ်စေခြင်း၊ အုပ်စုလိုက် ဆွေးနွေးစေခြင်းနှင့် ပြဿနာများကို ကိုယ်တိုင်တွေးဆ အဖြေရှာစေခြင်းတို့ကို အားပေးခဲ့သည်။
သူ၏ကျောင်း၌ သင်္ချာ၊ ဂျီဩမေတြီ၊ ယုတ္တိဗေဒနှင့် ဒဿနပညာတို့ကို သင်ကြားပေးပြီး နိုင်ငံရေးပညာကို အလေးထား ပို့ချပါသည်။
ပလေတိုသည် အကယ်ဒမီ၌ အနှစ် ၂ဝ မျှ သင်ကြားပို့ချပြီးသော အခါ ဆိုင်ရာကျူ (Syracuse)သို့ ထွက်ခွာပြီး ဒိုင်အိုနီးဆီးယပ် (Diony- sius-2)၏ မေတ္တာရပ်ခံမှုအရ ဘုရင့်အတိုင်ပင်ခံကောင်စီတွင် ဝင်ရောက် ဆောင်ရွက်ခဲ့သည်။ သို့ရာတွင် သူ၏ နိုင်ငံရေးအတွေးအခေါ်များကို အသုံးချ ခွင့်ရရန် လမ်းမမြင်သဖြင့် အေသင်သို့ပြန်ခဲ့ပြီး စာသင်ကြားခြင်းနှင့် စာပေရေး သားခြင်းများကိုသာ ဆက်လက်လုပ်ကိုင်ခဲ့သည်။
ပလေတိုသည် သူ၏ရီပတ်ဘလစ်ကျမ်း၌ နိုင်ငံတော်၊ နိုင်ငံသားတို့၏ အခန်းကဏ္ဍ၊ တရားမျှတမှု အယူအဆ၊ အထွေထွေ ဒဿနိကနှင့် ပညာရေး ဆိုင်ရာ အယူအဆများကိုပါ ထုတ်ဖော်တင်ပြထားပါသည်။ စင်စစ် ပလေတို ၏ ပညာရေးနှင့် အသိပညာဆိုင်ရာ အယူအဆများသည် နိုင်ငံရေး အယူအဆ များနှင့် တိကျစွာ ဆက်နွှယ်လျက် ရှိလေသည်။ ပလေတိုက ပညာရေးသည် နိုင်ငံရေး၏ ခွဲခြားမရနိုင်သော အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ Education as an inseparable part of the art of polities ဟု ဆိုပါသည်။
တစ်ဖန် ပလေတို၏အလိုအရ နိုင်ငံတော်ဟူသည် စိတ်ဝိညာဉ်ဆိုင်ရာ အပေါင်းအစုသာ ဖြစ်လေသည်။ သူက လူသားတွင် စိတ်ဝိညာဉ်ဆိုင်ရာ အရည်အသွေးသုံးရပ် ပေါင်းစပ်ပါဝင်နေသည်ဟု ဆိုပါသည်။ ယင်းတို့မှာ အလိုဆန္ဒ (Appetite)၊ လှုပ်ရှားတက်ကြွစိတ် (Spirit) နှင့် ဆင်ခြင်စိတ် (Reason of Intellegence) တို့ပင် ဖြစ်ပါသည်။
အလိုဆန္ဒဟူသည် ရုပ်ပိုင်းစေ့ဆော်မှုများ၊ လိုအပ်ချက်များနှင့် အာရုံတက်မက်စိတ်တို့ကို ရည်ညွှန်းပါသည်။ လှုပ်ရှားတက်ကြွစိတ်သည် မိမိကိုယ်ကိုယ် စောင့်စည်းခိုင် ကျည်စေမှု (Self-Assertiveness)ကို ဖြစ်ပေါ်စေသည်။ ဆင်ခြင်စိတ်မှာ ကြောင်းကျိုး၊ ကောင်းဆိုးတို့ကို နားလည်စေပြီး တရားမျှတမှု၊ ပညာကြီးမြင့် မှုတို့ကို ဖြစ်ထွန်းစေပါသည်။
ယင်းတို့ကို လူ့ခန္ဓာနှင့်ပမာနှိုင်းသော် ဝမ်းဗိုက်ပိုင်း၊ နှလုံးပိုင်းနှင့် ဦးနှောက်ပိုင်းဟူ၍ သတ်မှတ်နိုင်ပါသည်။ ထိုနည်းတူ နိုင်ငံတော်တွင်လည်း၊ အသည် လက်လုပ်လက်စားများ (The Artisan)၊ စစ်သည်တော်များ (War- ပညာရေးအတွေး၊ ဒဿနအမြင် rior) နှင့် ဉာဏ်ကြီးရှင်များ (Philosophers)ဟူ၍ လူတန်းစားသုံးရပ် ခွဲခြား နိုင်ပါသည်။
လက်လုပ်လက်စားများသည် အလိုဆန္ဒ၏ မောင်းနှင်ချုပ်ကိုင်ခြင်း ကို ခံနေရသူများဖြစ်သည်။ သူတို့သည် နိုင်ငံ၏ ဝမ်းဗိုက်ဖြစ်ပြီး စိုက်ပျိုးမွေးမြူ ရေးနှင့် အခြားကုန်ထုတ်လုပ်ငန်းများကိုလည်း လုပ်ကိုင်ကြရသည်။ စစ်သည် တော်များမှာမူ နိုင်ငံတော်၏ နှလုံးပိုင်းဖြစ်သည်။ ရဲစွမ်းသတ္တိ ထူးကဲသူများ လည်းဖြစ်ပြီး တိုင်းနိုင်ငံကို အကာအကွယ်ပေးကြရသည်။ ဉာဏ်ကြီးရှင်ကြီးများ မှာမူ နိုင်ငံ၏ အမြင့်ဆုံးဦးနှောက်ပိုင်းဖြစ်ပြီး စီမံခန့်ခွဲမှုနှင့် အုပ်ချုပ်ရေးပိုင်းကို တာဝန်ယူကြရသည်။
ပလေတိုက ယင်းလူတန်းစားတို့သည် မိမိတို့၏ စိတ်ဝိညာဉ်ဆိုင်ရာ အရည်အသွေး တစ်နည်း သီးသန့်ဂုဏ်ရည် (The Peculiar Virtue) များကို ပြုပြင်ထိန်းသိမ်းရမည်ဟု ဆိုပါသည်။ လက်လုပ်လက်စားများသည် မိမိအလို ဆန္ဒအား ခြိုးခြံချွေတာမှု (Temperance)၊ ထိန်းသိမ်းစောင့်ရှောက်မှု (Self- Control)၊ စစ်သည်တော်များသည် မိမိတို့ လှုပ်ရှားတက်ကြွစိတ်ကို ခံနိုင်ရည် ဇွဲ (Fortifude)၊ ရဲစွမ်းသတ္တိ (Courage)၊ အုပ်ချုပ်သူဉာဏ်ကြီးရှင်တို့သည် မိမိတို့၏ ဆင်ခြင်မှု စွမ်းရည်ကို ပညာကြီးရင့်မှု (Wisdom)၊ အမြော်အမြင်ရှိမှု (Prudence)များအဖြစ်သို့ ပြောင်းလဲ ထိန်းသိမ်းပေးရမည်ဖြစ်သည်။ ပလေတို ၏ ယင်းလူတန်းစားသုံးရပ်တို့၏ အရည်အသွေးပေါင်းစုံမှု၊ လိုက်လျော ညီထွေမှုရှိမှသာလျှင် နိုင်ငံတစ်ခုအဖြစ် ပီပြင်လာရသည်ဟု ဆိုပါသည်။
ပလေတို၏ ပညာရေးအမြင်သည်ပင် ဖော်ပြပါ နိုင်ငံရေးအယူအဆ များ၌ တိကျစွာ ဆက်စပ်လျက် ရှိပါသည်။ နိုင်ငံရေးတွင် လူတန်းစား ခွဲခြား သကဲ့သို့ ပညာရေးတွင်လည်း အတန်းအစားခွဲခြားပြီး လေ့ကျင့်ပေးရမည်ဟု ဆိုပါသည်။ အသက်အရွယ်အရသော်လည်းကောင်း၊ ဉာဏ်ပညာ အရည် အသွေး အရသော်လည်းကောင်း ပညာရေးသင်ရိုးများကို စီမံပို့ချရပါမည်။
ပလေတိုက ကလေးငယ်များအား နိုင်ငံတော်၏ လူငယ်ဂေဟာကဲ့သို့သော ဌာနမျိုးတွင် အတူတကွ ပြုစုပျိုးထောင်ပေးရပါမည်။ ယင်းပြုစု ပျိုးထောင်ထား သော ကလေးငယ်များထဲမှ အဆင့်ခွဲထုတ်ပြီး သင့်လျော်သော ပညာရေးမျိုးကို ဖြည့်ဆည်းပေးရပါမည်။ အထက်မြက်ဆုံး လူငယ်များကိုမူ ဒဿနပညာ သင် ကြားပို့ချပေးခြင်းဖြင့် နိုင်ငံအုပ်ချုပ်သူများ ဖြစ်လာစေရန် ပညာပေးရမည်ဟုဆိုပါသည်။
(ဆက်လက်ဖော်ပြပါမည်။)
(ဆောင်းပါးရှင် သူရိန်ထက်လင်း ရေးသားထားပြီး ရန်ကုန်လမ်းမများစာပေက ထုတ်ဝေထားတဲ့ “ပညာရေးအတွေး၊ ဒဿနအမြင်” စာအုပ်ပါ အကြောင်းအရာတွေကို တနင်္သာရီတိုင်းမ် စာဖတ်သူတွေအတွက် ပြန်လည်ဖော်ပြထားတာ ဖြစ်ပါတယ်။)
သူရိန်ထက်လင်း
The Tanintharyi Times
